Latest News

Tuesday, September 11, 2018

ရန်ကုန်-ပုသိမ်ကားလမ်းကို အပိုင်းလိုက်ခွဲ၍ လမ်းဦးစီးဌာနမှ ပြုပြင်မည် လမ်းအသုံးပြုခကောက်ခံခြင်းများကို စက်တင်ဘာ ၃ ရက်မှစ၍ ရပ်ဆိုင်းထား

ရန်ကုန်-ပုသိမ်ကားလမ်းကို အပိုင်းလိုက်ခွဲ၍ လမ်းဦးစီးဌာနမှ ပြုပြင်မည် လမ်းအသုံးပြုခကောက်ခံခြင်းများကို စက်တင်ဘာ ၃ ရက်မှစ၍ ရပ်ဆိုင်းထား

ညောင်တုန်း စက်တင်ဘာ ၁ဝ

ရန်ကုန်-ပုသိမ်ကားလမ်းကို BOT  စနစ်ဖြင့် ရယူလုပ်ကိုင် လျက်ရှိသော   ကုမ္ပဏီအနေဖြင့်    လမ်းပြုပြင်ခြင်း၊  တိုးချဲ့ခြင်းများ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းအသုံးပြုခ များကို စဉ်ဆက်မပြတ်ကောက်ခံနေသဖြင့် ၄င်းကုမ္ပဏီ အား စက်တင်ဘာ ၃ ရက်မှစတင်ပြီး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်  လမ်းအသုံးပြုခ   ကောက်ခံခြင်း များကို    ရပ်ဆိုင်းပိတ်သိမ်းရန်    ဆောက်လုပ်ရေး ဝန်ကြီးဌာန   လမ်းဦးစီးဌာနက   အကြောင်းကြား၍ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ထို့ကြောင့်  ယခင်က  လမ်းအသုံးပြုခကောက်ခံ လျက်ရှိသော လှိုင်သာယာဂိတ်၊ ဗိုလ်မြတ်ထွန်းဂိတ်၊ ကျောင်းကုန်းဂိတ်၊ ကိုးဆူဂိတ်နှင့် ညောင်တုန်းတံတား သစ်ဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံနေခြင်းများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်းနှင့် အလွန်တရာပျက်စီးနေ သော  ရန်ကုန်-ပုသိမ်ကားလမ်းကို   ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနက လမ်းအပိုင်းအလိုက် ပြုပြင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးထံမှ သိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်း အမြန်ကောင်းမွန်စေရေး အတွက်  မိုင်တိုင်အမှတ်(၅/၄)မှ (၁၃/၄)အထိကို ရန်ကုန်မြောက်ပိုင်းအဖွဲ့ကလည်းကောင်း၊ (၁၃/၄)မှ (၁၇/၄)အထိ လမ်းပိုင်းကို ရန်ကုန်အနောက်ပိုင်းခရိုင် အဖွဲ့ကလည်းကောင်း၊ (၁၇/၄) မှ (၃ဝ/၃) အထိ လမ်းပိုင်းကို လမ်းအထူးအဖွဲ့(၁၄)ကလည်းကောင်း၊ (၃ဝ/၃) မှ (၄၄/၃) အထိ လမ်းပိုင်းကို လမ်းအထူး အဖွဲ့(၂၁)ကလည်းကောင်း၊ (၄၄/၃) မှ (၆၃/ဝ )အထိကို မအူပင်ခရိုင်အဖွဲ့ကလည်းကောင်း၊ (၆၃/ဝ) မှ (၇၄/၅)အထိကို ကျောင်းကုန်းမြို့နယ်အဖွဲ့ကလည်း ကောင်း၊ (၇၄/၅) မှ (၉၆/၅) အထိကို လမ်းအထူး အဖွဲ့(၂ဝ)ကလည်းကောင်း၊  (၉၆/၅) မှ (၁ဝ၆/၅) အထိကို ကန်ကြီးထောင့်မြို့နယ်အဖွဲ့ကလည်းကောင်း၊ (၁ဝ၆/၅) မှ (၁ဝ၇/၄) အထိ လမ်းပိုင်းကို ပုသိမ် မြို့နယ်အဖွဲ့ကလည်းကောင်း တာဝန်ယူပြုပြင်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမှာ ခရီးသည်တင် ယာဉ် ကြီးယာဉ်ငယ်များနှင့် ကုန်စည်ပို့ဆောင်သော ယာဉ် ကြီးများသွားလာမှု အထူးများပြားသောလမ်းဖြစ်ပြီး ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးတွင် ရန်ကုန်မှ ညောင်တုန်းမြို့နယ်အထိ လမ်းပိုင်းမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့သွားသော ယာဉ်များ သာမက ရခိုင်ပြည်နယ်သို့ သွားလာသောယာဉ်များပါ မဖြစ်မနေ ဖြတ်သန်းရသောလမ်းဖြစ်ရာ လမ်းကျဉ်း မြောင်းမှုကြောင့် ထိုလမ်းပိုင်းတွင် ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

နေလင်း(ညောင်တုန်း)

No comments:

Post a Comment