Latest News

Saturday, September 22, 2018

ဘက်ညီလက်ညီ ရွေ့ကြဖို့လိုသည်

ဘက်ညီလက်ညီ ရွေ့ကြဖို့လိုသည်


တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ယခုနှစ်အတွင်း တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်နိုင်ရန် မြို့တော် ပြုံယမ်းတွင် တွေ့ဆုံခဲ့ကြခြင်းမှာ အပြန် အလှန်ယုံကြည်မှု တည်ဆောက်ခြင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ကမ္ဘာကရှုမြင်ကြလေသည်။

ကိုရီးယား နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမှ တစ်ဆင့် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား  အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်လာနိုင်ပေလိမ့်
မည်။ မြောက်ကိုရီးယားနှင့် အမေရိကန် အကြား အပြန်အလှန် မယုံသင်္ကာဖြစ်မှုမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဂုဏ်ရှိန်တက်

အဏုမြူလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် အမေရိ ကန်အကြား ဆွေးနွေးမှုများ ရပ်တန့်နေခဲ့ ရသည်မှာ တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာစိတ်ရှိနေခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ကိုရီးယားကျွန်းဆွယ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းကြောင့် သမ္မတမွန်းမှာ ခေါင်းဆောင်ကြီးကင်နှင့် သမ္မတ ဒေါ်နယ်
ထရန့်တို့အကြား စေ့စပ်ညှိနှိုင်းပေးသူ အဖြစ် ဂုဏ်ရှိန်တက်လာပေလိမ့်မည်။

မြောက်ကိုရီးယားအနေဖြင့် အရေးယူ ပိတ်ဆို့မှုခံနေရသည့်ဘဝမှ လွတ်မြောက် ရေး၊ အမိနိုင်ငံ လုံခြုံရေးအတွက် အာမခံ
ချက် ရရှိရေးတို့ကို   မျှော်လင့်လျက် ကိုရီးယားကျွန်းဆွယ် ထိပ်သီးဆွေးနွေးပွဲရလဒ်ကို အားခဲထားပေလိမ့်မည်။

မြောက်ကိုရီးယားနှင့် အမေရိကန်
အကြား ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး
အတွက် အထောက်အကူဖြစ်ပေါ်ပါက မြောက်ကိုရီးယားသို့ သွားရောက်သည့် တောင်ကိုရီးယားသမ္မတမွန်းဂျယ်အင်း၏ ခရီးစဉ်မှာ အောင်မြင်မှုရရှိမည်ဟု မျှော်လင့်သည်။

ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ပုံမှန်ဆွေးနွေးခြင်းမျှသာ မဟုတ် တော့ဘဲ ခေါင်းဆောင်နှစ်ဦး ဆန္ဒရှိလျှင် ရှိသည့်အတိုင်း တွေ့ဆုံဆွေးနွေးနိုင်သည့် အဆင့်သို့ ဝင်ရောက်ခဲ့ပြီဟု ဆိုသည်။

သမ္မတ မွန်းသည် မြို့တော်ပြုံယမ်းသို့ စက်တင်ဘာ ၁၈ ရက် နံနက်တွင် လေယာဉ်ဖြင့် ဆိုက်ရောက်လာရာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်က လေဆိပ်တွင် ဆီးကြို
နှုတ်ဆက်ခဲ့သည်။

အပြုံးပန်းများ ဖလှယ်

ဆုနန်းနိုင်ငံတကာလေဆိပ်တွင် ပြည်သူ
များက ပန်းများနှင့် အမျိုးသားအလံတော် များကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပြီး လေယာဉ်ပေါ်မှ ဆင်းသက်လာသော သမ္မတမွန်းနှင့်  လာရောက်  ကြိုဆိုသူ ခေါင်းဆောင်ကြီးကင်တို့က တစ်ဦးနှင့်
တစ်ဦး အားပါးတရပွေ့ဖက်ကာ အပြုံးများ ဖလှယ်ခဲ့ကြသည်။

သမ္မတမွန်းသည် သုံးရက်ကြာခရီးစဉ် အဖြစ် ပြုံယမ်းသို့ဆိုက်ရောက်လာခဲ့သည်။ တောင်ကိုရီးယားသမ္မတတစ်ဦး မြောက် ကိုရီးယားသို့ ခရီးသွားရောက်ခြင်းသည် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး အလံတော်ကို ဝှေ့ယမ်းကြ လျက် လူထုကြီးက သမ္မတမွန်းကို ကြိုဆိုခဲ့ ကြသည်။

ပျော်တပြုံးပြုံး

မြို့တော်   ပြုံယမ်းသို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာချိန်မှစ၍ ခေါင်းဆောင် ကြီး ကင်နှင့်တကွ အိမ်ရှင်များနှင့် သမ္မတ မွန်းနှင့်တကွ    ဧည့်သည်များအားလုံး ပျော်တပြုံးပြုံး မော်မဆုံးရှိနေကြသည်ကို
ထူးခြားစွာ တွေ့မြင်ခဲ့ကြရသည်။

သမ္မတမွန်းသည် မြို့တော်ပြုံယမ်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ် သည်။ သူ၏ မိဘများမှာ မြောက်ကိုရီးယား မှ ထွက်ပြေးလာခဲ့ကြသော ဒုက္ခသည်များ ဖြစ်ကြသည်ဆို၏။

မြောက်ကိုရီးယား၏ အဏုမြူလက်နက် အစီအစဉ်ကို အကြောင်းပြု၍ ယင်းနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုအကြား သံတမန်ရေးတင်းမာမှုများ ဖြေလျှော့နိုင် စေရေးအတွက် ကြားဝင်စေ့စပ်ပေးနိုင် မည်ဟု တောင်ကိုရီးယားသမ္မတမွန်းက မျှော်လင့်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မှာ မူ တောင်ကိုရီးယားနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်နိုင်ရန်
မျှော်လင့်ချက် ထားရှိပုံရသည်။ စီးပွားရေး အရ အရေးယူပိတ်ဆို့မှုမှ လွတ်မြောက်နိုင် ရေး၊ ၁၉၅ဝ-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ တရားဝင် ပြီးဆုံးခြင်းဆိုင်ရာ သဘောတူညီချက်  ရရှိနိုင်ရေးတို့ကိုလည်း   မြောက် ကိုရီးယားနိုင်ငံက  မျှော်လင့်ဖွယ်ရှိလေ သည်။

ပြီးခဲ့သည့် ဇွန်လက စင်ကာပူနိုင်ငံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ကင်တို့ ထိပ်သီးဆွေးနွေးပွဲ  ပြုလုပ်နိုင်ရေး
အတွက် သမ္မတမွန်းက ကြားဝင်ညှိနှိုင်းပေး ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ထိပ်သီးဆွေးနွေးပွဲအစမှာပင် ကင်က ထုတ်
ဖော်ပြောဆိုခဲ့သည်။

သမ္မတမွန်းတည်းခိုနေထိုင်ရာ ပတ်ဝါဝန်  ဧည့်ဂေဟာ၌   ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြမှုမှာ နွေးထွေးမှုရှိလှသည်။

သံတမန်ရေး ဆက်ဆံမှုအရ အပြု သဘောရလဒ်ကောင်းများကို ပေါ်ထွန်းစေလိမ့်မည်ဟု မြောက်ကိုရီးယားပြည်သူတို့က မျှော်လင့်ကြသည်ဟု ကင်က ပြောကြားခဲ့ သည်။

ငြိမ်းချမ်းသော  ခေတ်သစ်တစ်ရပ်ကို ဖွင့်လှစ်ရန် ခေါင်းဆောင်ကြီးကင်က သတ္တိရှိရှိဆုံးဖြတ်ခဲ့ခြင်းမှာ ချီးကျူးဖွယ်ရာ
ကောင်းလှကြောင်း သမ္မတမွန်းက တုံ့ပြန် ပြောကြားခဲ့သည်ဆို၏။

ဆွေးနွေးပွဲ ပထမနေ့

သမ္မတမွန်းနှင့်  ခေါင်းဆောင်ကြီး ကင် တို့၏ ထိပ်သီးဆွေးနွေးပွဲ  ပထမနေ့မှာ စက်တင်ဘာ ၁၈ ရက်တွင် ပြီးစီးခဲ့သည်။ အဆိုပါ ခေါင်းဆောင်များနှင့်အတူ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြီးအကဲ နှင့် ထောက်လှမ်းရေးဌာန အကြီးအကဲ များလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ကြသည်။   မြောက်ကိုရီးယားဘက်မှ အာဏာရပါတီ ဒုတိယဥက္ကဋ္ဌနှင့် ခေါင်း ဆောင်ကြီးကင်၏ နှမဖြစ်သူတို့ တက်ရောက်ခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲ၏ ဒုတိယမြောက် နေ့ဖြစ်သော စက်တင်ဘာ ၁၉ ရက်တွင် ''စက်တင်ဘာ ၂ဝ၁၈  ပြုံယမ်းပူးတွဲကြေ ညာချက်'' ဟု အမည်ပေးထားသော သဘောတူညီချက်တစ်ရပ်ကို ခေါင်းဆောင်
ကြီးနှစ်ဦးတို့က   အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီ

ကိုရီးယားနှစ်နိုင်ငံတို့၏ နယ်စပ်ဒေသ
များ ဆုံစည်းရာနယ်မြေတစ်ကြောတွင် တည်ရှိနေသော မြေမြှုပ်မိုင်းဗုံးများ ရှင်း
လင်းဖယ်ရှားကြရန် အဆိုပါ သဘောတူညီ
ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံ  တုန်ချန်းရီ ဒေသရှိ ဒုံးပျံအင်ဂျင် စမ်းသပ်ရေးစခန်းနှင့် ဒုံးပျံလွှတ်တင်ရေးစခန်းတို့ကို နိုင်ငံတကာ
မှ ကျွမ်းကျင်သူပညာရှင်များ၏ ရှေ့မှောက်တွင်  ထာဝရပိတ်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင်က သဘောတူညီခဲ့ကြောင်း သမ္မတမွန်းက ပြောကြားခဲ့သည်။

ဆိုးလ်သို့လာမည်

မဝေးသော   အနာဂတ်ကာလတွင် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့ သမိုင်းဝင်ခရီးအဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်လာရောက်မည် ဟု သမ္မတမွန်းဂျယ်အင်းက ပြောကြားခဲ့ သည်။

ထူးခြားအခြေအနေများ ဖြစ်ပေါ်လာ ခြင်း မရှိပါက ယခုနှစ်အတွင်းမှာပင် မြို့တော်ဆိုးလ်သို့ မြောက်ကိုရီးယားခေါင်း ဆောင် လာရောက်မည်ဟုဆိုသည်။

သမ္မတမွန်းသည် စက်တင်ဘာ ၁၉ ရက်
တွင် မြောက်ကိုရီးယား ပြည်သူများအား ကိုရီးယားနှစ်နိုင်ငံ ပြည်သူတို့အကြား ယဉ်ကျေးမှုအရ ညီညွတ်ကြရေး၊ နှစ်နိုင်ငံ
ပြန်လည် ပေါင်းစည်းရေးတို့နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

မြို့တော်ပြုံယမ်းရှိ မေဒေးအားကစား ပြိုင်ပွဲရုံသို့ စုဝေးရောက်ရှိလာကြသော ပြည်သူ ၁၅ဝဝဝဝ ရှေ့မှောက်တွင် သမ္မတ
မွန်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် တောင်ကိုရီးယားခေါင်းဆောင်တစ်ဦး ပြည်သူများအားမိန့် ခွန်းပြောကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တောင်ပေါ်သို့တက်

တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်း သည် ¤င်း၏ သုံးရက်ကြာခရီးစဉ်၏ နောက်ဆုံးနေ့ဖြစ်သောစက်တင်ဘာ ၂ဝ ရက်တွင်
ခေါင်းဆောင်ကြီးကင်နှင့်အတူ ပက်ခ်တု တောင်ပေါ်သို့ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံနှင့်  မြောက်ကိုရီးယားနယ်စပ် ရှိ ယင်းတောင်သည် မြောက်ကိုရီးယားနိုင်ငံသားများက ဘာသာရေးအရ အထွတ်
အမြတ်ထားသော မီးတောင်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၏ အမြင့်ဆုံးတောင်လည်း ဖြစ်သည်။

အဆိုပါတောင်တည်ရှိရာဒေသမှာ ကင် ၏ ဖခင် ကင်ဂျုံအီမွေးဖွားခဲ့ရာ နေရာဖြစ် သည်။ သမ္မတမွန်းသည် ပက်ခ်တုတောင်
သို့ ပထမဆုံးသွားရောက်လည်ပတ်သော တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးဖြစ် လာသည်။

ပက်ခ်တုတောင်ပေါ်သို့ မတက်ရောက်မီ
ယင်းတောင်အနီးရှိ လေဆိပ်တစ်ခုသို့
သမ္မတမွန်းဆိုက်ရောက်လာချိန်တွင် မြောက်
ကိုရီးယား နိုင်ငံသား ၁ဝဝဝ ခန့်က ၄င်း အား ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပြီး ပန်းများကို ဝှေ့ယမ်းကာ ''အမိမြေပြန် လည်ပေါင်းစည်းပြီ '' ဟု ကြွေးကြော်ခဲ့ကြ သည်။

ပြုံယမ်းခရီးစဉ်အပြီး ကြားသိရသော သတင်းကောင်းတစ်ရပ်မှာ   မွန်း-ကင် ထိပ်သီးဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်
၍ သမ္မတမွန်းက အမေရိကန်သမ္မတထရန့် အား အသေးစိတ် ရှင်းလင်းတင်ပြရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ သမ္မတမွန်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက် ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိ နေစဉ်အတွင်း စက်တင်ဘာ ၂၄ ရက်တွင် သမ္မတထရန့်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဘက်ညီလက်ညီ

ဒုံးအင်ဂျင် စမ်းသပ်ရေးစခန်းနှင့် ဒုံးပျံ လွှတ်တင်ရေးစင်မြင့်တို့ကို ဖျက်သိမ်းပေး ရန်၊ အမေရိကန်က အလျားသင့်လိုက်ပါ ဆောင်ရွက်မည်ဆိုပါက ယုံဗြောင်အဏုမြူ စခန်းကိုပင် ပိတ်သိမ်းပေးရန်၊ အဏုမြူ စစ်ဆေးရေးမှူးများအား ခွင့်ပြုပေးရန်၊ နယ်စပ်ဒေသတစ်လျှောက် မြေမြှုပ်မိုင်းဗုံး များကို ရှင်းလင်းဖယ်ရှားရန်၊ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲကာလအတွင်း ကျဆုံးခဲ့ သော ကိုရီးယားစစ်သည်များ၏ ရုပ်ြ<ွကင်း များကို ပူးတွဲရှာဖွေသွားရန်၊ စစ်ရေးတင်း မာမှုနှင့်  မတော်တဆ  ပစ်ခတ်မှုတို့မှ တားဆီးနိုင်ရေးအတွက် ကြည်းကြောင်းနှင့်
ပင်လယ်ရေကြောင်း နယ်စပ်ဒေသများ တစ်လျှောက်တွင် ကြားခံဇုန်များ ထူထောင်သွားရန်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ စစ်မဲ့ဇုန်အတွင်းမှ ကင်းမျှော်စင် ၁၁ ခုကို ရုပ်သိမ်းပေးရန်၊ စစ်ရေး နယ်နိမိတ်သတ် မှတ်ရေး  မျဉ်းအထက်တွင်  လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းယာဉ် မပျံသန်းရ ဇုန် ထူထောင်ရန်၊ စစ်ရေးတင်းမာမှု လျှော့ချ နိုင်ရေးအတွက် ပူးတွဲစစ်ရေးကော်မတီ ထူထောင်ရန်၊ ၂ဝ၃၂ နွေရာသီ အိုလံပစ် အားကစားပွဲကို ပူးတွဲကျင်းပခွင့်ရရှိရေး အတွက်  ကြိုးပမ်းသွားကြရန်   စသည့် သဘောတူညီချက်များအား  ကိုရီးယား ခေါင်းဆောင်နှစ်ဦး  ရရှိခဲ့ခြင်းကို  ထောက်ချင့်လျက် တည်ငြိမ်အေးချမ်းပြီး စည်ပင် ဖွံ့ဖြိုးသော   ကိုရီးယားကျွန်းဆွယ်ကြီးကို ကမ္ဘာသားတို့ တွေ့မြင်လာကြရတော့မည် ဟု   တွေးတောမိရင်း   ''ဘက်ညီ လက်ညီ  ရွေ့ကြဖို့ လိုသည်''ဟု  ကျွန်ုပ် ကျူးရင့်မိပါ သတည်း။     ။

ကို ရင် သြ

No comments:

Post a Comment