ကျွန်မ ကျောင်းဆရာမ
ကျွန်မနာမည်က မိဖြူ။ ကလေးတွေကို စာသင် ပေးနေတဲ့ ကျောင်းဆရာမတစ်ယောက်။ ဆရာမဆိုပေမယ့်လည်း ကျွန်မသည် အစိုးရ ဝန်ထမ်းတစ်ယောက်မဟုတ်ပါ။
ဇာတ်ကြောင်းအစုံကို ပြောရရင် ကျွန်မတို့ရွာမှာ အရင်က စာသင်ကျောင်း မရှိခဲ့ဘူး။ သုံးမိုင်လောက်ဝေးတဲ့ အထက်တန်း ကျောင်းတစ်ခုမှာ သွားတက်ရတာ။ သုံးမိုင် လောက်ဝေးတာက ကျွန်မတို့ တောသူ၊ တောင်သားတွေအတွက် စာမဖွဲ့လောက် ပေမယ့် တောလမ်းခရီးကြမ်းကတစ်ဆင့် ခြေကျင်လျှောက်ရတဲ့ခရီးဟာ မူလတန်း ကျောင်းသားအရွယ်တွေ အတွက်တော့ တကယ်ကိုမလွယ်လှပါ။ ဒါပေမယ့်လည်း ဒီလိုခရီးကြမ်းကို လျှောက်လှမ်းရင်းနဲ့ မူလ တန်း၊ အလယ်တန်းသာမက အထက်တန်း အထိ အောင်မြင်ပြီးသူတွေ ကျွန်မတို့ရွာမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာကတော့ တကယ်ကိုဝမ်းသာစရာပါ။
ဝမ်းသာစရာထက် စိတ်မကောင်းစရာ တွေက ရှိနေပြန်ရော။ ကျောင်းတက်ခါစ ကလေးတွေ သဘာဝအတိုင်း မိဘနဲ့ခွဲပြီး တစ်နေကုန်စာသင်ခန်းဝင်ရမှာကို ကလေး ငယ်တိုင်း ကြောက်ကြတာပေါ့။ မြို့ပေါ်က ကလေးတွေလို သုံးလေးနှစ်ကတည်းက မူကြို တွေ ဘာတွေတက်ခဲ့ဖူးရင်တော့ထားပါ။ အခု ကျွန်မတို့မှာက ''ကျောင်းတက်ရမယ်ဟေ့''ဆိုကာမှ အမေ အဖေနဲ့ ရုတ်တရက်ခွဲခွာရသလို ခရီးဝေးကြီးကို မနက်စောစောထပြီးသွားရ တော့ ကျောင်းတက်ရမှာ ပျင်းစရာကောင်းတော့ တာပေါ့။ ကျွန်မသူငယ်ချင်း သန်းအေးဆို သူငယ်တန်းမှာ တစ်ရက်ပဲတက်ပြီး စာသင်ကျောင်းဘက်ဆို လှည့်ကိုမကြည့် တော့တာ။ တကယ်တော့ သန်းအေးက သနားစရာပါ။ ခုဆို အိမ်ထောင်ကျပြီး ကလေးတွေတောင် ရနေပြီလေ။ သူ့သား အကြီးကောင်ဆို ကျွန်မအတန်းမှာပေါ့။ ကျောင်းတက်ချိန်နီးတိုင်း သူ့သားကိုကျောင်းလာ ပို့လေ့ရှိတဲ့ သန်းအေးနဲ့ ကျွန်မနေ့တိုင်းလိုလို ဆုံဖြစ်တယ်။ ကျွန်မနဲ့ဆုံတိုင်း သန်းအေးက ''ဖြူမရယ် ခုကလေးတွေ တကယ်ကံကောင်း လိုက်တာ။ ငါတို့တုန်းကလို ကျောင်းကို အဝေးကြီးသွားတက်စရာ မလိုတော့ဘူးအေ။ ငါတို့တုန်းကသာ ခုလို ရွာမှာကျောင်းရှိခဲ့ရင် ငါလည်း ညည်းတို့လို ဆရာမကြီးဖြစ်ချင် ဖြစ်နေမှာ'' တဲ့။
သန်းအေးက ခုလိုရင်ဖွင့်တော့ ကျွန်မ ဖြင့်လေ စိတ်မကောင်းဖြစ်လိုက်ရတာ။ တကယ်တော့ သန်းအေးသာ ကျောင်းနေခဲ့မယ် ဆို ဆရာမဖြစ်ရုံမကပါဘူး။ ဆရာဝန်မကြီး တောင် ဖြစ်နိုင်ပါတယ်။ သူဘယ်လောက် ဥာဏ်ကောင်းလဲဆိုတာ ကျွန်မတို့ အသိဆုံး။ သူ့သားလေးဆိုလည်းသူ့အတိုင်းပဲ အတန်း ထဲမှာ သွက်သွက်လက်လက် ထက်ထက် မြက်မြက်လေးပဲ။
''အောင်မလေး'' ကောင်မရယ် ခုမှ လာပြောနေ။
ညည်းကျောင်းမလိုက်တော့ တို့သူငယ်ချင်း တွေ တော့်အိမ်ထိ လာပင့်သေးတာရော မမှတ်မိလို့လား။
လွယ်အိတ်တွေ၊ ထမင်းချိုင့်တွေကို ငါတို့ကူသယ်ပါ့မယ်ဆိုတာတောင် တော်က နည်းနည်းလေးမှ မတုန်မလှုပ်နဲ့ ''ဟွန်း''
ငယ်ပေါင်းဖော် သန်းမကြီးကို မရိုးမရွ ဖြစ်အောင် ကျွန်မစကားနာထိုးလိုက်မိတယ်။ အော် ဒါနဲ့ ''သန်းမ'' ဆိုတာ ကျွန်မတို့ သူငယ်ချင်းတွေ ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ပေါ့။ မိဖြူဆိုတဲ့ ကျွန်မနာမည်ကို သူတို့ခေါ်တာ ဖြူမတဲ့။ သန်းအေးဆိုတော့ သန်းမပေါ့။ စန်းမြင့်ကျတော့ စန်းမပေါ့။ အို...ပြောရရင် သူငယ်ချင်းတွေ အများကြီးပါပဲ။
''ဟယ်'' ငစိုး၊ အဲဒီကောင်ကို ငါမှတ်မိ တယ်။
အသက်ကဖြင့် ရှစ်နှစ်၊ ကိုးနှစ်လောက်နဲ့ ကျောင်းစတက်တော့ သူကအတန်းထဲမှာဗိုလ် ပေါ့။ သူ့ရွာနဲ့ ကျောင်းက နီးနီးလေးဆိုတော့ သူကစွာကျယ်လုပ်ရဲတာပေါ့။ ကျွန်မတို့ ထမင်းချိုင့်တွေဆို မသိအောင် ခိုးစားတယ်၊ သိရင်လည်း ဆရာမကို မတိုင်ရဲခဲ့ပါဘူး။ အသက်ကြီးသလို လူကောင်ကလည်းကြီးတော့ သူ့ကိုပြန်လုပ်လည်း ကိုယ်ပဲခံရမှာလေ။ ဒီလိုနဲ့ ကျွန်မတို့ သူငယ်တန်းဘဝမှာ ထမင်းငတ်ခဲ့ ရတာ အကြိမ်ကြိမ်ပေါ့။ လွယ်အိတ်တွေကို ကျွန်မတို့လှမ်းမမီနိုင်တဲ့ ထုပ်တန်းပေါ် ပစ်တင်ထားတယ်။ ကျွန်မတို့ ငိုတဲ့အခါ သူက ပျော်နေတယ်။ သူကျေနပ်မှ ထုပ်တန်းပေါ်က ပြန်ချပေးတယ်။ ဘယ်လောက်ထိ ဆိုးလည်း ဆို ခုပဲကြည့်။ ကျွန်မသူငယ်ချင်းသန်းမ ပြောမှသိရတော့တယ်။ သန်းမ ကျောင်းမလိုက် ရဲတာ သူ့ကို ကြောက်လို့တဲ့လေ။ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ သန်းမဆီက ပိုက်ဆံနှစ်ကျပ်ကို လုယူသွားတာတဲ့။ ပြီးတော့ လက်သီးနဲ့ထိုးခဲ့သေးတာတဲ့။ တောက် ပြောရင်းနဲ့လေ ကျွန်မ သင်းကို ဒေါသပိုထွက်မိ တယ်။ အဲဒီနေ့ကစပြီး လူကြောက်တတ်တဲ့ သန်းမမှာ ကျောင်းဆိုတာနဲ့ ငရဲခန်းသွားရ မလောက် ကြောက်ခဲ့တော့တာပဲ။
ငစိုးဆိုတဲ့ကောင်က ကျောင်းကိုတစ်နှစ် တောင်ပြီးအောင် မတက်လိုက်ရပါဘူး။ ပစ္စည်းတွေ ခဏခဏခိုးလို့ နောက်ဆုံး ကျောင်းပါထွက်ခဲ့ရတယ်။ ဘယ်လောက် သင်သင်မပြင်တဲ့ဒီကောင် ခုတော့ သူ့မိုက် ပြစ်နဲ့သူ သေဆုံးသွားခဲ့ပါပြီ။ လူတွေကို အားနာတတ်တဲ့ သန်းမလေ တစ်သက်လုံး ပေါင်းလာတဲ့ကျွန်မကိုတောင် ဒီအဖြစ်အပျက် တွေ ခုမှပြောတော့တာပဲကြည့်။ အရင်က တည်းက မပြောရကောင်းလားလို့ ကျွန်မ အပြစ်တင်တော့လည်း ငစိုးလိုလူကိုအားနာ လို့တဲ့။
''ဒါဆို ညည်း ဖိုးထောင်နဲ့လိုက်ပြေး တာကရော အားနာလို့ပဲလား'' လို့မေးတော့
''ဒါတော့ဟုတ်မလားဟဲ့'' တဲ့။
အဖြစ်မှန်ကိုသိရတော့ ကျွန်မလေ သန်းမကို ဘယ်လိုဖြေသိမ့်စကားပြောရမှန်း မသိခဲ့တာပါ။ ကျွန်မတို့တွေက ခုတက္ကသိုလ် ကျောင်းသူကြီးတွေဖြစ်နေပေမယ့် သန်းမ တစ်ယောက်မှာတော့ လင်ပူ၊ သားပူနဲ့ မိသားစုအပူသောကတွေ ပတ်လည်ဝိုင်းလို့ ပေါ့။ ဘယ်လိုနှစ်သိမ့်ရမှန်းမသိတာနဲ့ ကျွန်မ တို့ ဘာသာအယူဝါဒအတိုင်း ''ကိုယ့်ရဲ့ ရှေးဘဝက ကုသိုလ်ကံလို့ပဲ သဘောထားရမှာ ပေါ့အေ'' လို့ပဲ ညည်းတွားမိခဲ့တယ်။
ကျောင်းသွားရမှာပျင်းလို့၊ ကျောင်းသွားရ မှာကြောက်လို့၊ နေပူလို့၊ မိုးရွာလို့ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ အတန်းဆုံးအောင် မသင်ခဲ့ကြတဲ့လူငယ်တွေ ကျွန်မတို့ရွာမှာ အများကြီးပေါ့။ ကိုယ့်ရွာလေးမှာ အိမ်ထောင်စု တွေက တဖြည်းဖြည်းများလာသလို ကျောင်းသားဦးရေကလည်း တိုးတိုးလာ တယ်။ ကျွန်မတို့ရွာလောက် ကျောင်းသား အင်အား မများတဲ့ရွာတွေမှာတောင် မူလတန်း ကျောင်းတွေ အလျှိုလျှို ဖွင့်နေတာဆိုတော့ အစိုးရက ကျွန်မတို့ရွာကလေးကို ဘယ်ချိန်များ ကျောင်းလာဖွင့်ပေးမလဲလို့ မျှော်ခဲ့ရတာ လည်း အရင်ကတော့ ကျွန်မတို့တတွေ အဲဒီလောက်ကြီး မမျှော်လင့်ပါဘူး။ အခု အစိုးရက ပြည်သူတွေရဲ့ပညာရေးကို စီမံကိန်းတွေချပြီး အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကြားမိတော့ မရဲတရဲ မျှော်လင့်မိတာပေါ့။ အစိုးရအနေနဲ့လည်း ကျွန်မတို့ရွာကိစ္စတစ်ခုအတွက်ပဲ လုပ်နေ ရတာမှ မဟုတ်တာလေ။ နိုင်ငံတော်ပြုပြင်ရေး ကာလမှာ ဘက်စုံထောင့်စုံကို တစ်ခါတည်း ပြုပြင်ဖို့ဆိုတာ နတ်၊ သိကြားတွေမှမဟုတ်ဘဲ၊ မလွယ်ကူမှန်း ကျွန်မတို့နားလည်ပါတယ်။ ဒီတော့ ကိုယ့်ရပ်ရွာတိုးတက်ရေးအတွက် တာဝန်အပြည့်ရှိတဲ့ ရပ်ရွာလူကြီးတွေကို ကျွန်မတို့လူငယ်တွေ အကျိုးအကြောင်းပြောပြီး ပူဆာရတော့တာပေါ့။
''ကျွန်မတို့ဆိုတာ ရွာက လူငယ်တွေပေါ့။ ဘွဲ့ရအစ်ကိုကြီး၊ အစ်မကြီးတွေရော၊ တက္ကသိုလ်တက်လက်စ ကျွန်မတို့လိုလူငယ်တွေရော၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေရောပေါ့။ သူတို့ တွေပဲ မကပါဘူးလေ။ သန်းမတို့လိုတက်ြ<ွကတဲ့ မိဘတွေရော၊ ကျောင်းထွက်ပြီး မြို့တက် အလုပ်လုပ်နေကြတဲ့ မသောင်းလှတို့လို လူငယ်တွေရော စုံလို့ပါပဲ။ နောက်ဆုံးမှာတော့ ''ကိုယ်ထူကိုယ်ထ ကျောင်းလေး ဒီနှစ်ဖွင့်နိုင် အောင် လုပ်ကြမယ်ဟေ့'' ဆိုပြီး ရပ်ရွာလူထု တစ်ယောက်တစ်နေရာကနေ အမျိုးမျိုး ပါဝင်ရင်းနဲ့ ဒီနှစ်မှာ တကယ်ပဲဖွင့်နိုင်ခဲ့တာပေါ့။
တွေ့လိုက်ရတဲ့ အခက်အခဲပြဿနာက လည်း ပြောမနေပါနဲ့ အစုံပါပဲ။ ရုံးပိုင်းဆိုင်ရာ ကိစ္စ၊ ဝိစ္စတွေကလည်း အစုံစုံ၊ ကျောင်းရန်ပုံငွေ ရှာဖို့ လုပ်ကြရတာကလည်းအဖုံဖုံ။ အို ဒီအကြောင်းတွေ ကျွန်မအချိန်ရတဲ့တစ်နေ့မှာ သေချာပြောပြပါဦးမယ်။ အဲဒီလိုအခက်အခဲအစုံ ကြားက ကိုယ်ထူကိုယ်ထကျောင်းလေး ဖွင့်ခဲ့ ရပြီဆိုပါတော့။ နောက်ထပ်ပေါ်လာတာက ကျောင်းဆရာ ဆရာမကိစ္စရယ်၊ သူတို့တွေ အတွက် ထောက်ပံ့လစာပေးရမယ့် ကိစ္စရယ် ပေါ်လာပြန်ရော။
ထောက်ပံ့လစာပေးဖို့ အိမ်တစ်အိမ်ချင်း ဆီက ဆရာ ဆရာမ ငါးယောက်စာအတွက် ကျသင့်သလောက် ထည့်ဝင်လှူဒါန်းမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အဆင်ပြေသွားပါရော။ တစ်ခုကျန်နေတာက ကျောင်းဆရာ ဆရာမ ကိစ္စ။ လစာလေး သုံး လေးသောင်းနဲ့ ဘွဲ့ရအရွယ်ရောက်နေတဲ့ ယောက်ျားလေး တစ်ယောက်က ဒီအလုပ်လုပ်ဖို့ဆိုတာ မိသားစုစားဝတ်နေရေး ပြဿနာကရှိသေး။ အမှန်တိုင်းပြောရရင် ဘွဲ့ရပြီးသားအစ်ကိုတွေ၊ အစ်မတွေဆိုတာ ရွာမှာမရှိကြတော့ပါဘူး။ သူတို့တာဝန်ကျရာ နေရာအသီးသီးမှာ တာဝန်တွေထမ်းတဲ့သူကထမ်း၊ အလုပ် ထွက်လုပ်သူက လုပ်နဲ့။ ကဲ ဒီတော့ တာဝန် ကျန်တော့တာက တက္ကသိုလ်တက်လက်စ ကျွန်မတို့တစ်တွေ အလှည့်ပဲပေါ့။ ပုံမှန်ဆို အဝေးသင်တက်နေတဲ့ ကျွန်မတို့တတွေက တစ်နှစ်မှာ တစ်လကျောင်းတက်ပြီး ကျန်တဲ့ အချိန်တွေဆို မြို့တက် အလုပ်လုပ်ကြတယ်။ လခကတော့ တစ်သိန်းခွဲဝန်းကျင်ပေါ့။ ပြောချင်တာက ကျွန်မတို့အနေနဲ့ ရွာက ကိုယ်ထူကိုယ်ထကျောင်းလေးမှာ ကလေးတွေ အတွက် စာသင်ပေးတယ်ဆိုတာ ရွာက ထောက်ပံ့တဲ့ငွေက မက်လောက်စရာ ကောင်းနေလို့မဟုတ်ဘူး။ ကျွန်မတို့လို အခက်အခဲမျိုးစုံနဲ့ စာသွားသင်ကြရမယ့် ကလေးတွေကို ကိုယ်ချင်းစာလို့၊ ကိုယ့်ရပ် ရွာမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးအားလုံး ကိုယ့်ရွာကျောင်းလေးမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာတွေသင်စေချင်လို့၊ နောက်ဆုံးကိုယ့်ရပ် ရွာအကျိုးအတွက် ကိုယ်တတ်ထားတဲ့ ပညာ လေးနဲ့ ပါဝင်ဆောင်ရွက်ပေးခွင့်ရချင်လို့ပါ။ ဒီအကြောင်းတွေကြောင့် ဆရာမဆိုတဲ့ဂုဏ်ပုဒ်ကို ကျေနပ်စွာနဲ့ ကျွန်မတို့ခံယူခဲ့ကြတယ်။ နံနက်ခင်းလေပြည်သင်းချိန်မှာ ကလေးတွေရဲ့ ''မင်္ဂလာပါ'' လို့ နှုတ်ဆက်သံတွေကြားမှာ ကျွန်မတို့တစ်တွေ အားအင်တွေတိုးပွား ခဲ့ကြရတယ်။
တစ်ခုပဲ ကျွန်မစိုးရိမ်မိတယ်။ သင်ကြား ရေးစနစ်သစ် အသွင်ပြောင်းနေတဲ့KG၊ G1၊ G2အတန်းတွေမှာ မွမ်းမံသင်တန်းတွေ ကျကျနနမတက်ခဲ့ဖူးဘဲ ကျွန်မတို့ တတ်သလောက်၊ သိသလောက် သင်ပေး နေရတာကြောင့် မထိရောက်ဘဲ ဖြစ်သွား မှာတစ်ခုပဲ စိုးရိမ်မိပါတယ်။ ကလေးတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ အသိပညာ၊ ဗဟုသုတ ပိုင်းဆိုင်ရာကတော့ ကျွန်မတို့တစ်တွေ အကောင်းဆုံး သင်ကြားပေးနေတာပါ။ ကျွန်မတို့ငယ်စဉ်က စာကြည့်တိုက်ဆိုတာ ဘာမှန်းသိခွင့်မရခဲ့ပေမယ့် အခုကျွန်မတို့ရဲ့ ကလေးတွေကို ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်တွေ စုံလင်လှတဲ့ စာကြည့်တိုက်လေးမှာ သူတို့ရဲ့ အိပ်မက်တွေ ရှင်သန်ပေါက်ဖွားလာအောင် ထားပေးနိုင်ခဲ့ပြီ။ မနေ့ကပဲ ကျွန်မတို့ရွာက ဘွဲ့ရအစ်ကိုတစ်ယောက်က ရန်ကုန်ကနေ စာအုပ်တွေအလှူခံပြီး ပါဆယ်ပို့လိုက်သေး တာလေ။ ကျွန်မတို့ဆရာမတွေ စာသင်ပေး တယ်ဆိုတာကလည်း ကျောင်းစာသင်ချိန်မှာ သာမကပါဘူး။ ညနေခင်း အိမ်လာပြီး သင်ချင်တဲ့ကလေးတွေအားလုံးကိုပါ အချိန်ပို ခေါ်သင်ပေးနေကြတာပါ။ ကျွန်မတို့ ရွာကျောင်းကို လာတက်တဲ့ကလေးတွေ အနေနဲ့ ဘယ်ကျောင်းနဲ့ယှဉ်ယှဉ် ဘက်ပေါင်း စုံက မညံ့စေရဘူးဆိုတဲ့ စိတ်အပြည့်ထားပြီး တော့ပေါ့။
ကျွန်မလေ ရွာရဲ့စည်းလုံးမှုကြောင့် ခုလို ကိုယ်ထူကိုယ်ထကျောင်းလေး ဖွင့်ဖြစ်လာ တာရယ်၊ ကျွန်မကိုယ်တိုင် ကလေးတွေရဲ့ ဆရာမ ဖြစ်ခွင့်ရလိုက်တာရယ်ကို ပြောမပြတတ်လောက်အောင် ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ နောက်နှစ်ဆိုရင်တော့ ကျွန်မ တို့ရဲ့ကျောင်းလေးကို အစိုးရတရားဝင် ကျောင်းလေးဖြစ်အောင် ကျွန်မတို့ဆက်လက် ကြိုးစားကြမယ်။ ကျွန်မလည်းတက္ကသိုလ် ပြီးတဲ့အခါ ကျွန်မတို့နိုင်ငံအရပ်ရပ်မှာ လိုအပ်နေတဲ့ လူငယ်တွေပညာရေးအတွက် တစ်ထောင့်တစ်နေရာကနေ ဆက်လက်ပါဝင် ထမ်းဆောင်ပါဦးမယ်လို့ သန္နိဋ္ဌာန်ချထားမိပါ တယ်။
ဒေါင် ဒေါင် ဒေါင်
''ဟော'' ကျောင်းတက်ခေါင်းလောင်း ထိုးနေပြီ။
ကဲသန်းမ ညည်းသားကို ငါတို့လက်ထဲ စိတ်ချလက်ချ ထားခဲ့တော့အေ။
ညည်းလိုမဖြစ်စေရဘူး စိတ်ချ။
''ဟယ် ကောင်မ အေးပါ။ ငါက ကိုယ့် သူငယ်ချင်းတွေကို စိတ်ချပြီးသား။ ကဲ အိမ်မှာ လည်း အလုပ်တွေနဲ့ ပြန်ဦးမယ်အေ။''
ပြောပြောဆိုဆိုနဲ့ စာသင်ကျောင်းလေးကို ကျောခိုင်းကာ ထွက်ခွာသွားသော သန်းမကို အတွေးပေါင်းများစွာဖြင့် ကျွန်မငေးကြည့်နေမိ တော့သည်။
''စိတ်ချပါသူငယ်ချင်းရေ''
ငါတို့မျိုးဆက်သစ်တွေအားလုံး အေးအေး လူလူနဲ့ ပညာတွေဆည်းပူးနိုင်ကြတော့မှာ ပါဟာ။ ။
ချောင်းဆုံရဲလင်း
ကိုယ်ရေးထားတဲ့ဝတ္ထုလေးကို ပြန်တွေ့ရတော့မိတော့ ဝမ်းသာမိပါတယ်။
ReplyDeleteကျေးဇူးတင်ပါတယ်။