Latest News

Wednesday, September 12, 2018

ဟင်္သာတမြို့ သမ္ဘရာတိုင်းချောင်းရိုးအင်း လုပ်ကိုင်ခွင့်ကို ရေလုပ်သား ၁ဝဝ ကျော် ဆန္ဒဖော်ထုတ်တောင်းဆို

ဟင်္သာတမြို့ သမ္ဘရာတိုင်းချောင်းရိုးအင်း လုပ်ကိုင်ခွင့်ကို ရေလုပ်သား ၁ဝဝ ကျော် ဆန္ဒဖော်ထုတ်တောင်းဆို

ဟင်္သာတ စက်တင်ဘာ ၁၂

ဟင်္သာတမြို့နယ်ရှိ   သမ္ဘရာတိုင်းချောင်းရိုးအင်းကို ဒေသခံများ လုပ်ကိုင်ခွင့်ရရန်အတွက် ဌာနဆိုင်ရာများ သို့ တင်ပြသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသေး၍ ဒေသခံဧရာနဒီအဖွဲ့မှ ရေလုပ်သား ၁ဝဝ ကျော်က ဟင်္သာတမြို့ပေါ် ပြည်လုံးကပ်ကျော်ဦးပါရဲဘုရားအနီးတွင် စက်တင်ဘာ ၁ဝ ရက်က စုဝေးကြပြီး ဆန္ဒဖော် ထုတ်တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဘုရားအနီးတွင်စုဝေး၍ ဗိုလ်ချုပ်လမ်းအတိုင်း ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့အထိ  လမ်းလျှောက်ဆန္ဒ ဖော်ထုတ်၍ ဒေသခံများကိုသာ အင်းလုပ်ကိုင်ခွင့်ပေးစေလိုကြောင်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဒေသခံများကို အင်းလုပ်ကိုင်ခွင့်ပေးရေးအတွက် ဟင်္သာတမြို့နယ်  အင်းတင်ဒါစိစစ်ရေးကော်မတီ၊  ငါး လုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့   အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိ၍  ယခုလို လမ်းလျှောက် ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုရခြင်းဖြစ်ကြောင်း ဧရာနဒီ ရေလုပ်သားများသမဂ္ဂဥက္ကဋ္ဌ ဦးလှအောင်က ပြော သည်။

''အင်းက ကျွန်တော်တို့ သမ္ဘရာတိုင်းအုပ်စုထဲမှာရှိ တဲ့အင်းပါ။ ရွာလယ်မှာရှိနေတဲ့အင်းကို တခြားကျေးရွာ က သူတို့အင်းဆိုပြီး လိမ်လည်ရယူသွားတာ ကျွန်တော် တို့ လုံးဝမကျေနပ်နိုင်ဘူး၊ အင်းရသွားသူက ပြီးတော့ တစ်ဆင့်ရောင်းစားတယ်၊ တစ်ဆင့်ရောင်းစားတာကို အထောက်အထားတွေရှိတယ်၊ အင်းက သမ္ဘရာတိုင်း အုပ်စု ကြို့ကုန်းရွာလယ်ကောင်မှာ အဓိကလုပ်ကွက်ရှိ တာပါ၊  အခု တကယ့်ဒေသခံရွာတွေက ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ရပြီမို့    ပြန်ပြီးစစ်ဆေးပေးစေချင် တယ်''ဟုလည်း ဦးလှအောင်က ပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''သမ္ဘရာ တိုင်းအင်းလုပ်ကိုင်ခွင့်ရရှိသူ ခြင်ဘို့အုပ်စုနေ ဦးဌေး လှိုင် ရေလုပ်သားအစုအဖွဲ့က ၂ဝ၁၈-၂ဝ၁၉ ခုနှစ်  အင်း အခွန်ငွေ ၇၂၅ဝဝဝ ကိုဇူလိုင်လတွင် အင်းခွန်ပေးသွင်း ထားပြီးဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်များ စောင့် ကြည့်ရေးတာဝန်ဖြင့် အင်းတင်ဒါစိစစ်ရေးအဖွဲ့မှ သမ္ဘရာ တိုင်းအင်းအစုအဖွဲ့ကို စစ်ဆေးစဉ်မှာ အင်းရေသောက် ဒေသခံရေလုပ်သားဖြစ်သူ ဦးဌေးလှိုင်အဖွဲ့က ပူးပေါင်း လုပ်ကိုင်ဖို့  ဆန္ဒပြုတယ်၊ ဒါပေမယ့် ဧရာနဒီရေလုပ်သား သမဂ္ဂဥက္ကဋ္ဌ  ဦးလှအောင်တို့က ပေါင်းစပ်လုပ်ကိုင်ခြင်း မပြုနိုင်တာပါ၊ သမ္ဘရာတိုင်းအင်းဟာ ခြင်ဘို့အုပ်စုနဲ့ သမ္ဘရာတိုင်းအုပ်စုထဲမှာရှိတာပါ''ဟု ပြောသည်။

မျိုးမင်းသိန်း (မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး

No comments:

Post a Comment