တူရကီနှင့် ဂျာမနီနိုင်ငံတို့၏ ဆက်ဆံရေး
နှစ်နှစ်ကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် အရပ်ဘက်လူ့အခွင့်အရေးနှင့် အခြား ကိစ္စရပ်များတွင် မတူညီကွဲပြားမှုများ ဆက်လက်ရှိနေလင့်ကစား ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် တူရကီသမ္မတ အာဒိုဂန်တို့သည် တင်းမာနေသော နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည်တည်ဆောက်ရန် စက်တင်ဘာ ၂၈ ရက်က ကတိပြု ခဲ့ကြသည်။
အာဒိုဂန်သည် တူရကီလေသံ ပါသည့် လူပေါင်း သုံးသန်း မှီတင်း နေထိုင်ရာ အီးယူစီးပွားရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်လည်ပတ်ချိန်တွင် ဂျာမန် မီဒီယာများက တူရကီကို အကျိုးလိုလို့ ညောင်ရေလောင်းနေသည့် ပုံစံမျိုး ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မသင့်မမြတ်ဖြစ်ရာမှ အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ရာ ယခုအခါတွင် တူရကီသည် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင် နေရသည်။
လုံခြုံရေးတင်းကျပ်မှုနှင့်
ဆန္ဒပြမှုများ
တူရကီသမ္မတ၏ သုံးရက်ကြာ ခရီးစဉ်ကို လုံခြုံရေးတင်းကျပ်မှုများ ကြားက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ သည်။ တူရကီသမ္မတ၏ ခရီးစဉ်တွင် ဘာလင်၌ ရဲတပ်ဖွဲ့ဝင်ပေါင်း ၄ဝဝဝ ကျော် လုံခြုံရေးဖြန့်ကြက်ထားကြောင်း သိရသည်။ တူရကီ သမ္မတကို မကြိုဆို ဟူသည့် ခေါင်းစဉ်အောက်တွင် လူပေါင်းများစွာက ၄င်းကို မကြိုဆိုဘဲ ဆန္ဒပြရန် စီစဉ်ထားခဲ့ကြသည်။
ပထမချီတက်လာသော ကာ့ဒ် လူမျိုးအများစုပါဝင်သည့် ဆန္ဒပြ လူအုပ်ကြီးသည် သတင်းထောက် တစ်ဦးကို အာဒိုဂန်က သေနတ်ဖြင့် ပစ်နေသည့်ပုံနှင့် ငြိမ်းချမ်းရေး ချိုးငှက်ကို အငမ်းမရဝါးမျိုနေဟန်ကို ဖော်ကျူးထားသည့် နဖူးစည်းစာတန်း ပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်လာ ကာ ဘာလင်ထိ ချီတက်လာကြပြီး ဆန္ဒပြခဲ့ကြသည်။
နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်
တည်ဆောက်ရန် ဆွေးနွေး
တူရကီတွင် ၂ဝ၁၆ အာဏာ သိမ်းမှုကျဆုံးပြီးနောက်နှင့် နောက် ဆက်တွဲ နှိမ်နင်းမှုများပြီးနောက် သမိုင်းတွင် ရန်ပွဲအသွင်ဆောင်နေ သော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် လိုအပ် ချက်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဖြစ်သော မာကယ်နှင့် အာဒိုဂန်တို့ ဆွေးနွေးခဲ့ကြသည်။
နေတိုးမဟာမိတ်နိုင်ငံနှစ်နိုင်ငံသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့နှင့် အတူ ဆီးရီးယားပဋိပက္ခကို နောက်လ တွင် ပူးတွဲဆွေးနွေးသွားရန် သဘောတူ ခဲ့ကြောင်း အိန်ဂျလာမာကယ်က ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ကွာဟချက်များ ဆက်လက်ရှိနေဆဲ
တူရကီနှင့် ဂျာမနီကြား သဘော ထား ကွာဟချက်က ဆက်လက်ကျန်ရှိ နေဆဲဖြစ်ပြီး အထူးသဖြင့် သတင်း လွတ်လပ်ခွင့်နှင့် ဂျာမန်ကံကြမ္မာ သို့မဟုတ် နှစ်နိုင်ငံသားခံယူမှုကြောင့် တူရကီ၌ ထောင်ကျနေသူများအရေးမှ စကာ အာဒိုဂန်က ရန်သူအဖြစ် ကြေညာ ထားသူများကို တူရကီနိုင်ငံသို့ ပြန်ပို့ရေး၊ မပို့ရေးနှင့် ပတ်သက်ပြီး သဘောထား ကွာဟမှုများအထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အာဒိုဂန်ကို ကော်ဇောနီခင်းပြီး ကြိုဆိုလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး မာကယ်တစ်ယောက် ပြည်တွင်း၌ ဖိအားများနှင့်ရင်ဆိုင်နေရသည်။ မာကယ် က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဒီမိုကရက်တစ်၊ ပွင့်လင်းလူ့ဘောင်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဓိကသဘောထား ကွဲပြားမှုများ ဆက်လက်ရှိနေသေးကြောင်း ပြောခဲ့ သည်။
နှစ်နိုင်ငံတွေ့ဆုံခြင်းက
အကောင်းဆုံးနည်းလမ်းဖြစ်
အဆိုပါ မတူညီကွဲပြားချက်များကို ကျော်ဖြတ်နိုင်ရန် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း မာကယ်က ပြောခဲ့ သည်။ ထို့အပြင် မာကယ်သည် တူရကီ နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသော ဂျာမန်နိုင်ငံသားငါးဦးကို လွှတ်ပေးရေး လည်း တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။
ပဋိပက္ခများ မြင့်မားနေသည့် အတွက် ဘာလင်က ၄င်း၏နိုင်ငံသား များနှင့် ကုမ္ပဏီများကို တူရကီနှင့် အဝေး ဆုံးတွင် နေထိုင်ရန်တိုက်တွန်းခဲ့ပြီး ၄င်း၏တပ်ဖွဲ့များကိုလည်း နေတိုးအခြေစိုက် စခန်းမှ ဆွဲထုတ်သွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ကတည်းက တူရကီနိုင်ငံသည် ထင်ရှား သော ဂျာမန်-တူရကီသတင်းထောက် ဒန်းနစ်ယူဆယ်ကို ပြန်လွှတ်ပေးလိုက် သည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးပြေပြစ်လာကြောင်း သိရ သည်။
စီးပွားရေးတည်ငြိမ်မှုရှိဖို့လို
အမေရိကန် တရားဟောဆရာ တစ်ဦးကို တူရကီနိုင်ငံအာဏာသိမ်းမှု တွင် ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီး ထောင်ချထားခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် သြဂုတ်လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီနိုင်ငံ၏ အလူမီနီယံနှင့် စတီးလ်ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။
တူရကီစီးပွားရေး ဒုက္ခတွေ့နေသည့် အပေါ် မာကယ်က တူရကီနိုင်ငံ၏ စီးပွား ရေး တည်ငြိမ်နေမှသာလျှင် ဂျာမနီ အတွက် အကျိုးရှိနိုင်ကြောင်း ပြောခဲ့ သည်။ သံခင်းတမန်ခင်းအကျပ်အတည်း နှင့်ရင်ဆိုင်နေရသည့် အာဒိုဂန်က ဘာလင် အား နာဇီပုံစံကျင့်သုံးနေသည်ဟု ဆိုကာ စွပ်စွဲခဲ့ကြောင်း၊ ထို့အပြင် အောင်မြင်နိုင်သည့် စီးပွားရေးစီမံကိန်း များကို ညွှန်းဆိုလျက် ပြေရာပြေ ကြောင်းလည်း ပြောကြားခဲ့သေးသည် ဟု ဆိုသည်။
ဝေဖန်မှုတွေရှိ
သို့သော်လည်း ဂျာမနီသည် ¤င်းမြေ ပေါ်ရှိ ထောင်ချီနေသော ကာ့ဒ်စစ်သွေးကြွ များနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက် များ အားနည်းနေသေးကြောင်း အာဒိုဂန် က ပြောခဲ့သည်။ ထို့အပြင် တူရကီ အာဏာသိမ်းမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံနေရသည့် မွတ်စလင်ဘုန်းတော် ကြီး ဖက်သူလာဂူလန်၏ နောက်လိုက် များကို တူရကီသို့ လွှဲပြောင်းပေးရန် ဂျာမန်က ငြင်းဆိုခဲ့ကြောင်း အာဒိုဂန်က စောဒကတက်ပြောကြားခဲ့သေးကြောင်း သိရသည်။
မာကယ်က ဂျာမနီနိုင်ငံအနေဖြင့် ကာ့ဒ်အလုပ်သမားပါတီ (ပီကေကေ)ကို တားဆီးပိတ်ပင်ထားသည့် စစ်သွေးကြွ အဖွဲ့အဖြစ် အသိအမှတ်ပြုပါကြောင်း၊ ထို့အတူ ဂူလန်လှုပ်ရှားမှုကို ထိုကဲ့သို့ ယူဆ၍မရကြောင်း ပြောခဲ့သည်။
နိုင်ငံရေးခိုလှုံသူများကို
တူရကီပြန်လိုချင်
အာဒိုဂန် ဂျာမနီနိုင်ငံသို့ မရောက်မီ တူရကီက ဂျာမနီနိုင်ငံကို တူရကီသို့ ပြန်လည်လွှဲပြောင်းပေးရမည့် လူစာရင်း ပေးပို့ခဲ့ကြောင်း သိရပြီး၊ အဆိုပါလူစာရင်း တွင် စုစုပေါင်း ၆၉ ဦး ရှိကြောင်းနှင့် အများ စုမှာ ပီကေကေ နိုင်ငံရေးသမားများနှင့်ွကူနည နောက်လိုက်များဖြစ်ကြောင်း သိရသည်။
အဆိုပါစာရင်းတွင် သတင်းထောက် ကန်ဒန်ဒါလည်းပါဝင်ခဲ့ပြီး ၄င်းသည် ဂျာမနီနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်ကတည်းက နိုင်ငံရေးခိုလှုံနေထိုင်ခဲ့သူ ဖြစ်သည်။ ၄င်းသည် ၄င်း၏ ကမ်ဟားရီးယာ့ဒ် သတင်းစာတွင် ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများထံသို့ တူရကီနိုင်ငံက လက်နက်များ တရားမဝင် လျှို့ဝှက် ပေးပို့သည်ဟုဆိုသည့် သတင်းဖော်ပြမှု နှင့် ပတ်သက်ပြီး ထောင်ချခံရသည့် ပြစ်ဒဏ်မှ ရှောင်ပြေးနေသူဖြစ်ကြောင်း သိရသည်။
ဒန်ဒါသည် သူလျှိုဖြစ်ကြောင်းနှင့် ၄င်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက် များကို ဖော်ထုတ်နေသူဖြစ်ကြောင်း အာဒိုဂန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ''အပြစ်ရှိသူများကို ပြန်လိုချင်တာ ကျွန်တော်တို့ရဲ့ သဘာဝ အခွင့်အရေးတစ်ခုပါပဲ'' ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
သတင်းထောက် ဒန်ဒါကိုယ်တိုင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အဆိုပါစွပ်စွဲချက်များကို ငြင်းဆို ခဲ့ကြောင်း သိရသည်။ ''ကျွန်တော် က သူလျှိုတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်က သတင်းထောက် တစ်ယောက်ပါ'' ဟု ၄င်းက ပြောခဲ့ သည်။ ညစာစားပွဲတွင် အာဒိုဂန်က အကြမ်းဖက်လုပ်ရပ်များတွင် သတင်း ထောက်များ ပါဝင်ပတ်သက်နေခြင်း နှင့် တူရကီတရားရုံးက စီရင်ချက်ချထား သည့် လူတစ်ယောက်ကို မည်သူတွေ က ယခုအချိန်အထိ ကာကွယ်နေသလဲ ဟု မေးခဲ့သည်။ ဂျာမနီမှာတော့ သူက ကောင်းစားနေတယ်ဟု သတင်း ထောက် ဒန်ဒါကို ညွှန်းဆိုလျက် အာဒိုဂန်က ပြောခဲ့သည်။
ထို့အပြင် ၂ဝ၁၆ အာဏာသိမ်းမှု ကျဆုံးပြီးနောက် သတင်းထောက်များ၊ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ဝင်များ၊ သိပံ္ပ ပညာရှင်များ၊ အသိပညာရှင် အတတ် ပညာရှင်များကို ထောင်သွင်းအကျဉ်းချ ထားသည်ဆိုသည့် ဂျာမန်သမ္မတ ဖရန့်ခ်ဝေါတာ စတိန်းမီးယား၏ မှတ်ချက်အပေါ်လည်း အာဒိုဂန်က ''သင့်အနေနဲ့ သတင်းအမှားတွေ ရရှိ ထားတာပဲ'' ဟု ပြန်လည်တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ နှင့် ဆက်ဆံရေးတွင် အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဟု ဆိုစေကာမူ တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင် ဆောင်ရွက်နေသည် ဆိုသည့်အချက် မှာ လုံးဝမှန်ကန်သည့်အချက်တစ်ချက် ဖြစ်ပါကြောင်း။ ။
ထွန်းသစ်စ/ကိုးကား-အေအက်ဖ်ပီ
No comments:
Post a Comment