Latest News

Wednesday, September 5, 2018

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိသက်တမ်းရင့် ပြတိုက်တွင် မီးအကြီးအကျယ်လောင်ကျွမ်း

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိသက်တမ်းရင့် ပြတိုက်တွင် မီးအကြီးအကျယ်လောင်ကျွမ်း

ရီယိုဒီဂျနေးရိုး    စက်တင်ဘာ   ၃

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ သက်တမ်းနှစ်ပေါင်း ၂ဝဝ ရှိ အမျိုးသားပြတိုက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့်  အဆိုပါပြတိုက်တွင် နှစ်ပေါင်းကြာရှည် စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက် ပစ္စည်းအရေအတွက် သန်း ၂ဝ ကျော်မှာ ပျက်စီးသွားရန် သေချာသလောက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဧကရာဇ်ဘုရင်များ စိုးစံတော်မူခဲ့သော နန်းတော်ဟောင်းနေရာတွင် တည်ရှိသည့်ပြတိုက် မီးလောင်ခံရခြင်းသည် ဘရာဇီးနိုင်ငံအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သမ္မတမစ်ချယ်တီးမားက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

နှစ်ပေါင်း ၂ဝဝမျှ စုဆောင်းခဲ့သည့် သုတေသနနှင့်အသိပညာများ ဆုံးရှုံးခဲ့ရသည်ဟု ဘရာဇီးသမ္မတ၏ ကြေညာချက်တွင် ဖော်ပြသည်။ ယင်းပြတိုက်မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို မပြောနိုင်သေးသလို ပျက်စီးဆုံးရှုံးမှု ပမာဏအတိအကျကိုလည်း မသိရှိရသေးပေ။ ရီယိုဒီဂျနေးရိုးမြို့မှ မီးသတ်သမားများကလည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍  မှတ်ချက်ပေးပြောကြားရန် တောင်းဆိုမှုများကို ပြန်ကြားခြင်း မရှိသေးပေ။

ပြတိုက်မီးလောင်ကျွမ်းမှု မြင်ကွင်းကို ရုပ်မြင်သံကြားသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသပြီး စက်တင်ဘာ ၂ ရက် ပြတိုက်သို့ လာရောက်ကြည့်ရှုခွင့်ပြုချိန် ကုန်ဆုံးသည့် ညနေ ၅ နာရီ ထိုးပြီးနောက် မကြာမီတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းနေ့  ညနှောင်းပိုင်း အချိန်ထိတိုင် မီးကိုထိန်းချုပ်နိုင်ခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြသည်။

မီးလောင်ကျွမ်းခဲ့သည့် ပြတိုက်ကို ၁၈၁၈ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ရီယိုဒီဂျနေးရိုးဖက်ဒရယ်တက္ကသိုလ်နှင့် ဘရာဇီး ပညာရေးဝန်ကြီး ဌာနတို့နှင့် ပညာရေးအရ ချိတ်ဆက်ထားသည့် ပြတိုက်ကြီး ဖြစ်သည်။ ယင်းပြတိုက်တွင် အီဂျစ်လူမျိုးများ၏  ရှေးဟောင်းလက်ရာအချို့နှင့် ဘရာဇီးနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းလူသားတို့၏ ရုပ်ကြွင်းအချို့ကို သမိုင်းဝင် စုဆောင်းထားရှိခဲ့သည်။       

အေအက်ဖ်ပီ

No comments:

Post a Comment