Latest News

Sunday, September 2, 2018

လုပ်ငန်းခွင်တစ်ခုလုံးအကျုံးဝင်သူများ သိထားသင့်သည့် အလုပ်ဆိုင်ရာဥပဒေများအကြောင်း တစ်စေ့တစ်စောင်း



လုပ်ငန်းခွင်တစ်ခုလုံးအကျုံးဝင်သူများ သိထားသင့်သည့်
အလုပ်ဆိုင်ရာဥပဒေများအကြောင်း တစ်စေ့တစ်စောင်း

အလုပ်သမားတိုင်း၊ အလုပ်ရှင်တိုင်းသည် မိမိတို့လုပ်ငန်းခွင် အတွင်း အတူတကွ အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေးအတွက် အလုပ်သမားရေးရာ အသိပညာများ၊ ဥပဒေများနှင့် သတင်း အချက်အလက်များကို သိရှိထားနိုင်ရန် လိုအပ်ပါသည်။
ယခင်ကကျင့်သုံးခဲ့သည့် ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ ကို ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်က ဆောင်းပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ လုပ်ငန်းခွင်မှ အလုပ်သမားများ၏ အကျိုးစီးပွား အတွက်လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားတို့အတွက် ပိုမိုကောင်းမွန်သည့်  ပတ်ဝန်းကျင်ကောင်းများကို ပိုင်ဆိုင် နိုင်ရန်အတွက်လည်းကောင်း  ရည်ရွယ်ကာ  ဥပဒေများကို ပြင်ဆင်ရေးဆွဲခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်ထားရာ ယခုဆောင်းပါးတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်က ပြင်ဆင် ပြဋ္ဌာန်း   ကျင့်သုံးနေပြီဖြစ်သည့်  ၂ဝ၁၆ ခုနှစ်  အခကြေးငွေ ပေးချေရေးဥပဒေနှင့် ၂ဝ၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာန များဥပဒေပါ အချက်အလက်အချို့ကို အလုပ်ရှင်များ၊ အလုပ် သမားများ သိရှိနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။
လုပ်ငန်းပိုင်ရှင်၏တာဝန်
လုပ်ငန်းပိုင်ရှင်သည်   မည်သည့်အဆောက်အအုံ၌မဆို လုပ်ငန်းမလုပ်ကိုင်မီ  အနည်းဆုံး  ၁၅ ရက်ခန့်  ကြိုတင်၍ အလုပ်ရုံနှင့်  အလုပ်သမားဥပဒေ  စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ထံ  အလုပ်ရုံ၏  အမည်နှင့်  တည်နေရာ အရပ်၊ လုပ်ငန်းပိုင်ရှင်၏ အမည်နှင့် နေရပ်လိပ်စာ၊ အလုပ်ရုံ နှင့်စပ်လျဉ်းသည့်  အကြောင်းကြားစာများကို ပေးပို့ရမည် ဖြစ်ပြီး ပြုလုပ်မှုလုပ်ငန်းစဉ်အမျိုးအစားများ၊  အသုံးပြုရမည့်  လျှပ်စစ်ဝန်အားနှင့် စက်စွမ်းအား၊  အလုပ်ရုံမန်နေဂျာအမည်၊ အလုပ်ရုံတွင်  လုပ်အားအသုံးပြုမည့်  အလုပ်သမား အရေ အတွက်နှင့် ပြဋ္ဌာန်းသည့်အကြောင်းအရာတို့ကို ပြည့်စုံအောင် ရေးသား၍ နို့တစ်စာပေးပို့ရမည်ဟု ဖော်ပြထားသည်။
လုပ်ငန်းခွင်ကျန်းမာရေး
အလုပ်ရုံတိုင်း၊ အလုပ်ရုံဝင်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်အပြင် ရေမြောင်း သို့မဟုတ် အခြားသော အနံ့ဆိုး အမျိုးမျိုးမှလည်း  ကင်းဝေးရမည်ဖြစ်သည်။  အထူးသဖြင့် ကြမ်းပြင်နှင့်  အလုပ်ခုံများ၊  လှေကားများနှင့်  လမ်းများတွင် အမှိုက်သရိုက်များကို  နေ့စဉ်  သန့်ရှင်းအောင်ပြုထားကြရန် လိုအပ်ပြီး  အလုပ်ခန်းကြမ်းပြင်များကို အနည်းဆုံး တစ်ပတ် လျှင်တစ်ကြိမ်ကျ ဆေးကြောခြင်း၊  အလုပ်ခန်း နံရံခန်းဆီး၊ မျက်နှာကြက်၊ အမိုးအောက်နှင့် လမ်းနံရံများ၊ လှေကားများ အားလုံးကို အဖြူ သို့မဟုတ် သင့်တော်သည့်အရောင် ဆေး သုတ်ခြင်းကိုဆောင်ရွက်ကာ တစ်နှစ်လျှင်တစ်ကြိမ် ထပ်မံ ဆေးသုတ်ရမည်။ သို့တည်းမဟုတ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သဘော တူညီသည့် အခြားနည်းလမ်းများဖြင့်  လုပ်ငန်းခွင်များကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန် လိုအပ်ပါသည်။
စွန့်ပစ်သည့်ပစ္စည်းများ၊   ယိုစီးသည့်အရာများနှင့်  အခိုး အငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်း သန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အလုပ်ရုံ၏ အလုပ်ခန်းတိုင်း တွင် လေကောင်းလေသန့်လုံလောက်စွာရရှိပြီး ကျန်းမာရေး အတွက်လည်း အပူအအေးမျှတအောင် သင့်လျော်ကောင်းမွန် သည့်စီမံချက်များ ပြုလုပ်ထားရန်လည်း လိုအပ်ပါသည်။
အလုပ်ရုံအခန်းအတွင်း အလုပ်သမားများကျန်းမာရေးကို ထိခိုက်စေသည်အထိ လူထူထပ်ခြင်းမရှိစေရကြောင်း ဥပဒေ တွင် ပြဋ္ဌာန်းထားပြီး အခန်းတိုင်းတွင် အလုပ်သမားတိုင်းအတွက် အကျယ်အဝန်း  ကုဗပေ ၅ဝဝ အောက်မနည်း၊  ကြမ်းပြင်မှ ၁၄ ပေအထက်မြင့်သည့် အကျယ်အဝန်းမပါ တွက်ချက်ထား ရှိရမည်ဖြစ်သည်။ ထို့ပြင် အလုပ်ခန်းတွင်ခိုင်းစေမည့် အများ ဆုံးအလုပ်သမားဦးရေ   သီးခြားဖော်ပြသည့်  နို့တစ်စာကို ကပ်ထားရမည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆင့်ဆိုပါက အလုပ် ခန်းတိုင်းတွင်ကပ်ထားရန် လိုအပ်ပါသည်။
အလုပ်သမားများအတွက် သက်သာချောင်ချိရေး
အလုပ်ရုံတိုင်းတွင် အလုပ်သမားများ ဖွပ်လျှော်ဆေးကြော နိုင်ရန် အမျိုးသား၊ အမျိုးသမီး သီးခြားလုံလောက်စွာ အခွင့် အလမ်းများ ပေးအပ်ရမည်ဖြစ်သည်။ ထို့ပြင် အလုပ်ချိန် အတွင်းမဝတ်သည့်   အဝတ်များနှင့်   စိုစွတ်သည့်အဝတ်များ လှန်းနိုင်ရန်လည်း    စီစဉ်ပေးရမည်ဖြစ်သည်။    အလုပ်ရုံ တိုင်းတွင် မတ်တပ်အလုပ်သမားများသည် နားခွင့်ကြုံချိန်တွင် ထိုင်ရန်အခွင့်အလမ်းများကို စီမံထားရှိပေးရမည်။ အလုပ်ရုံ စစ်ဆေးရေးအရာရှိက ညွှန်ကြားထားသည့် သင့်လျော်သော နေရာတွင်   သူနာပြုဆေးသေတ္တာ  သို့မဟုတ်   ဆေးဗီရိုကို ထားရှိရမည်ဖြစ်ပြီး အလုပ်သမား ၁၅ဝ ထက်ပို၍ ခိုင်းစေပါက  နောက်ထပ်ဆေးသေတ္တာတစ်လုံး   ထပ်မံထားရှိရမည်ဖြစ် သည်။   ထိုဆေးသေတ္တာကို  အသုံးပြုရန်အတွက် သူနာပြု တတ်မြောက်သည့် တာဝန်ခံတစ်ဦး ထားရှိရမည်ဖြစ်ပြီး ထိုသူ သည် အလုပ်ချိန်တွင် အမြဲရှိရမည်ဖြစ်သည်။ အလုပ်သမား ၂၅ဝ  ထက်ပို၍ခိုင်းစေသော   အလုပ်ရုံများတွင်မူ   ဥပဒေပါ ပြဋ္ဌာန်းထားသည့်ပစ္စည်းများ၊ အကျယ်အဝန်းသတ်မှတ်ချက် များနှင့်အညီ သူနာပြုခန်း သို့မဟုတ် ဆေးခန်း ထားရှိရမည့် အပြင် ဆရာဝန်နှင့် သူနာပြုများက ကြီးကြပ်စီမံရန် လိုအပ် ပါသည်။
သာမန်အားဖြင့် အလုပ်သမား ၂၅ဝထက်ပိုသည့် အလုပ်ရုံ များတွင် အလုပ်သမားများ ဝယ်ယူသုံးစွဲနိုင်ရန် ဆိုင်တစ်ဆိုင် ထားရှိရမည်ဟု အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်နိုင်ပြီး အလုပ်သမား ၁ဝဝ ထက်ပိုသည့် အလုပ်ရုံတိုင်းတွင်  သင့်တော်လုံလောက်သည့်  နားနေခန်းများ၊ စားသောက်ခန်းများ စီမံထားရမည်ဖြစ်သည်။
မိခင်အလုပ်သမား ၁ဝဝ ဦးနှင့်အထက်ရှိသည့် အလုပ်ရုံ  များတွင်   လုပ်ငန်းပိုင်ရှင်သည်   မိခင်အလုပ်သမားများ၏ ငါးနှစ်အောက်ကလေးများအတွက်   ကလေးထိန်းဌာနကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏  အကူအညီဖြင့်  ဆောင်ရွက်ပေးရမည်ဖြစ်ပါ သည်။  မိခင်အလုပ်သမား ၁ဝဝ ဦး မပြည့်ပါက  ငါးနှစ်အောက် ကလေးများအတွက် သင့်တော်သလို ကလေးထိန်းခန်း စီစဉ် ပေးရမည်ဖြစ်သည်။
ဘေးအ္တရာယ်ဖြစ်လာနိုင်ခြင်းကို
ဥပဒေအရကာကွယ်
အလုပ်ရုံတွင်  လုပ်ရသည့်အလုပ်သည် အလုပ်သမားတို့၏ ကိုယ်အင်္ဂါကို  ထိခိုက်နာကျင်စေမည့် သို့မဟုတ် အဆိပ်မိ စေမည့် သို့မဟုတ် ရောဂါဖြစ်စေနိုင်မည့် လက္ခဏာများရှိပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သက်ဆိုင်သည့်  နည်းဥပဒေများကို ပြုနိုင်ပါသည်။  ထိုနည်း ဥပဒေများဖြင့် အလုပ်ကို သီးခြားသတ်မှတ်၍ ဘေးအ္တရာယ် ဖြစ်စေသည့်အလုပ်ဟု   ပြဋ္ဌာန်းပေးနိုင်ပြီး    ထိုအလုပ်တွင် အမျိုးသမီးများ သို့မဟုတ် လူရွယ်၊ ကလေးများအား ခိုင်းစေ ခြင်းကို တားမြစ်ခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။  အလုပ်လုပ်ရန်  မသင့်လျော်သူများ၊  ဆေးလက်မှတ်မရသူ များကို မခိုင်းစေရန်အတွက်လည်း တားမြစ်နိုင်ပါသည်။ ထို့ ပြင်  အလုပ်ရုံဝန်ထမ်းအားလုံးဖြစ်စေ၊  ခိုင်းစေခံရသူများကို ဖြစ်စေ ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းနိုင်ပြီး အလုပ် နှင့်စပ်လျဉ်းသည့် သီးခြားပစ္စည်းများ၊ ပြုလုပ်မှုလုပ်ငန်းစဉ်  များ အသုံးပြုခြင်းကိုလည်း တားမြစ်၊ ကန့်သတ် သို့မဟုတ် ကြီးကြပ်အုပ်ချုပ်နိုင်ကြောင်း သိရသည်။
အလုပ်ရုံတွင် မတော်တဆထိခိုက်၍ သေဆုံးခြင်း၊ ကိုယ် အင်္ဂါထိခိုက်ခြင်းများ ဖြစ်ပေါ်ပါက  အလုပ်ရုံမန်နေဂျာသည် မတော်တဆထိခိုက်သည့်အကြောင်းကို နို့တစ်စာရေးသား၍  ဦးစီးဌာနသို့  အကြောင်းကြားစာ  ပေးပို့ရမည်ဖြစ်ပါသည်။  အလုပ်ရုံမှ     အလုပ်သမားတစ်ဦးဦးသည်   အလုပ်သမား လျော်ကြေးအက်ဥပဒေပါ  ရောဂါတစ်မျိုးမျိုးစွဲကပ်ပါက  ယင်း အကြောင်းကိုလည်း အလုပ်ရုံမန်နေဂျာက အလုပ်ရုံနှင့်အလုပ် သမားဥပဒေ   စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ထံသို့လည်းကောင်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်တာဝန်ခံထံသို့ လည်းကောင်း၊ အလုပ်ရုံတည်ရှိရာခရိုင်အတွက် အလုပ်လုပ် ရန်သင့်လျော်ကြောင်း   ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့်  ဆရာဝန်ထံသို့လည်းကောင်း  ပြဋ္ဌာန်းသည့် ပုံစံဖြင့်  အကြောင်းကြားရမည်ဖြစ်သည်။  ဆရာဝန်တစ်ဦးဦး အနေဖြင့်   အလုပ်သမားလျော်ကြေးအက်ဥပဒေပါ  ရောဂါ တစ်မျိုးမျိုးစွဲကပ်နေသည်ဟု   ယုံကြည်သည့်  အလုပ်ရုံတွင် အလုပ်လုပ်သူ/အလုပ်လုပ်ခဲ့သူကို  ဆေးကုသပါက  လူနာ၏  အမည်၊ နေရပ်၊  စွဲကပ်နေသည့်ရောဂါအမည်၊   လူနာအလုပ် လုပ်ခဲ့သည့် သို့မဟုတ် အလုပ်လုပ်နေသည့် အလုပ်ရုံအမည် နှင့် လိပ်စာတို့ကို  ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရ မည်ဖြစ်သည်။  မှတ်ပုံတင်ဆရာဝန်တစ်ဦးသည် ယင်းပြဋ္ဌာန်း ချက်များကို  မလိုက်နာပါက  ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် စီရင်ခြင်းခံရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင်ပါရှိ သည်။
အလုပ်ချိန်များသတ်မှတ်မှုနှင့် အလုပ်ပိတ်ရက်များရယူခြင်း
အလုပ်ရုံတွင် မည်သည့်လူကြီးအလုပ်သမားကိုမျှ တစ်ပတ် လျှင် ၄၄ နာရီထက်ပို၍   လုပ်ခွင့်မပြုရပါ။  သို့သော် အလုပ် လုပ်နည်းအလိုက် တစ်ပတ်တွင် ၄၈ နာရီခန့် အလုပ်လုပ်နိုင်ပြီး အလုပ်သမားသည်   အလုပ်ပိတ်ရက်   ရရှိရမည်ဖြစ်သည်။  မဟုတ်ပါကလည်း   အလုပ်သမားသည်   တနင်္ဂနွေမတိုင်မီ သုံးရက်အနက် တစ်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံး ရပြီး သို့မဟုတ် တနင်္ဂနွေနောက်သုံးရက်အနက် တစ်ရက်တွင် အလုပ်ပိတ်ရက်တစ်ရက်လုံး  ရရှိရမည်ဖြစ်သည်။ အလုပ်ပိတ် ရက်တွင် လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါက အလုပ်သမား ၏ သဘောတူချက်ဖြင့်  မန်နေဂျာ သို့မဟုတ် အလုပ်ပိုင်ရှင်က ဦးစီးဌာနလွှဲအပ်ထားသည့်  စစ်ဆေးရေးအရာရှိထံ သုံးရက် ကြိုတင်၍ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါသည်။ သို့သော်  အလုပ်သမားကို အလုပ်ပိတ်ရက်တစ်ရက်လုံးမရဘဲ အဆက် မပြတ် ၁ဝ ရက်ထက်ပို၍ အလုပ်လုပ်ခြင်းဖြစ်မည့် မည်သည့် ရက်အစားသွင်းခြင်းကိုမျှ  ပြုလုပ်၍မရကြောင်း  ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့အပြင်  အသက် ၁၈ နှစ်အောက် မည်သည့်လူငယ်ကိုမျှ ဘေးအ္တရာယ်ရှိစေသော၊  ကျန်းမာရေးကို ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့်   အခွင့်အရေးကို  အနှောင့်အယှက် ဖြစ်စေသော၊  စာရိတ္တနှင့်  ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့်  အလုပ်စေခိုင်းခြင်းမပြုလုပ်နိုင်ကြောင်း သိရသည်။  ထို့အပြင် လူငယ်သည် အသက် ၁၄ နှစ်ပြည့်ပြီး  ပြဋ္ဌာန်းထားသည့် ကာယဗလအဆင့်အတန်းများသို့ ရောက်ရှိ မှသာ   အလုပ်လုပ်ရန်သင့်လျော်ကြောင်း  ထောက်ခံချက် လက်မှတ်ကို  မှတ်ပုံတင်ဆရာဝန်ထံမှ ရရှိနိုင်မည်ဖြစ်သည်။
အလုပ်လုပ်ခနှင့် အခကြေးငွေပေးချေခြင်း
၂ဝ၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေအရ အလုပ်ရှင် သည်   နာရီပိုင်း၊   နေ့စဉ်၊   အပတ်စဉ်၊  အချိန်ပိုင်း၊  ပုတ်ပြတ် စသည်ဖြင့်   အလုပ်များတွင်  ပြီးဆုံးသည့်အခါ  သို့မဟုတ် အလုပ်သမားနှင့်  သဘောတူညီထားသည့်အချိန်တွင်  အခ ကြေးငွေ ပေးချေရမည်ဖြစ်ပြီး တစ်လထက် ကျော်လွန်ခြင်း မရှိစေရန်  ပြဋ္ဌာန်းပေးထားသည်။  အမြဲတမ်းအလုပ်အတွက် အခကြေးငွေကို  လစဉ်ပေးချေရမည်ဖြစ်ပြီး  အလုပ်သမား ဦးရေ ၁ဝဝ အောက် လုပ်ငန်းများသည် အခကြေးငွေပေးချေ ရန် ကာလအပိုင်းအခြားကုန်ဆုံးသည့်နေ့တွင်  ပေးချေရမည် ဖြစ်သည်။
အလုပ်သမားဦးရေ ၁ဝဝ ထက်ပိုပါက အခကြေးငွေပေး ချေရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် နောက်အကျ ဆုံး ငါးရက်အတွင်း ပေးချေပေးရမည်ဖြစ်သည်။ အလုပ်ရပ်စဲ သည့်အခါ  ပေးထိုက်သည့်အခကြေးငွေကို  ရပ်စဲသည့်နေ့မှ အလုပ်ဖွင့်ရက်နှစ်ရက်အတွင်း  ပေးချေရမည်ဖြစ်ပြီး အလုပ် သမား၏ဆန္ဒအရ ကြိုတင်အကြောင်းကြား၍  အလုပ်ထွက် ပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံး သည့်နေ့တွင် ပေးရမည်ဖြစ်သည်။   အလုပ်သမားသေဆုံးပါက အလုပ်သမား၏   ရခွင့်ရှိသည့်  အခကြေးငွေကို သေဆုံးပြီး နောက် အလုပ်ဖွင့်ရက်နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင် အမွေဆက်ခံသူထံ ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အလုပ်သမားများ၏တာဝန်
အလုပ်သမားသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေအရ  ချုပ်ဆိုသော   အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ပါအတိုင်း  လိုက်နာရန်လိုအပ်ပြီး  ကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို မပျောက်ပျက်၊ မပျက်စီး၊ မလေလွင့်အောင် ထိန်းသိမ်းကြရမည်ဖြစ်သည်။ မိမိလုပ်ကိုင်ရန်   သတ်မှတ်ထားသည့်  လုပ်ငန်းပမာဏကို ပြည့်မီစေရန်နှင့်  တိုးတက်စေရန်အတွက်  ကာယ၊  ဉာဏ စွမ်းအားရှိသမျှ စိုက်ထုတ်လုပ်ကိုင်ရန်လိုအပ်ပြီး ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များကိုလည်း  သက်ဆိုင်ရာအလုပ်ရှင်ထံ  ဥပဒေ နှင့်အညီ စနစ်တကျ  တင်ပြတောင်းဆိုရမည်ဟု ၂ဝ၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင် ပါရှိရာ အလုပ်သမား များလည်း သတိပြုဆင်ခြင်ရန် လိုအပ်ပါကြောင်း။       

ခင်ရတနာ

No comments:

Post a Comment