Latest News

Thursday, August 30, 2018

စစ်ကျွန်ခေတ်မှာ လူရာမဝင်ချင်ဘူးဟေ့



နိုင်ငံရေး ဒေ၀ဒတ်တွေကလည်း
ရွေးကောက်ပွဲ တောချောက်သူတွေကချောက်၊
နိုင်ငံရေးအပစ်ရပ် ဘိသိက်မြှောက်သူတွေကမြှောက်၊
စစ်ကျွန်ပွဲစား လုပ်သူကလုပ်၊
အညံ့ခံ ထောပနာသြဘာစာဖတ်သူကဖတ်၊
ခွေးတိုးပေါက် သော့ခလောက် ဖြုတ်သူကဖြုတ်၊
နဖားကြိုးတပ်ဒီမိုကရေစီ ဂုဏ်တော်ဖွင့်သူကဖွင့်။

ဒီအတိုင်းသာဖြင့် နိုင်ငံရေး လယ်သမားတွေ၊
နိုင်ငံရေး ခါးပိုက်နှိုက်တွေ၊ နိုင်ငံရေး ငို့ဘတွေ၊
နိုင်ငံရေး ခါတော်မှီတွေ၊ နိုင်ငံရေး ကာလပေါ်တွေ၊
နိုင်ငံရေး ပွဲလန့်ဖျာခင်းသူတွေ၊
နိုင်ငံရေး ဘနဖူးသိုက်တူးသူတွေဟာ
နိုင်ငံရေး စတုဒိသာ ဘုဉ္ဇာဟိပွဲမှာ ခွက်စောင်းခုတ်ပွဲကြီး
အပြိုင်ကြဲကြတော့မှာပါကလား။

ရင်လေးစရာ ကောင်းလှပါဘိ။
နိုင်ငံရေး သင်္ကြန်စာဖတ်သူတွေရဲ့
အသံဗလံတွေကလည်း နားလျှံမတတ်
တညံညံဖြစ်လာနေတယ်။

ရွေးကောက်ပွဲမ၀င်ကြေးဆို
လမ်းဘေးမြောင်းထဲရောက်သွားမှာပေါ့တဲ့။
`သမ္ပုရိသအပေါင်း သူတော်ကောင်းတို့´ လို့
ကြားစေချင်သပဆိုရင်
လွှတ်တော်ကနေ ချွတ်ချော်၊ ဇွတ်အော်၊
စွတ်ကလော်မှ ဖြစ်မှာဗျားတဲ့။

အခြေခံဥပဒေထဲက
သမာခံသဒ္ဒါလန်ပုဒ်မတွေလား။
ဟား ဟား ဟား ပြင်လို့ရပါတယ်။
နှစ်၁၀၀ ပဲစောင့်ရမှာပါဗျ ဘိုးတော်ရဲ့။
အချိန်တွေရှိပါသေးတယ်ဗျာ။
မလောကြပါနဲ့။ ဖြည်းဖြည်းပေါ့လေတဲ့။

ပါလီမလန်ရင် ပါတီမကျန်နိုင်ဘူးဗျို့ ဟိုး ဟိုး ဟိုး တဲ့။
ရွေးကောက်ပွဲကို လေးဘက်ထောက်နွှဲပြီး
သူတကာနဲ့ ယှဉ်မှ လူရာဝင်ပေလိမ့်မပေါ့
အရပ်ကတို့ရဲ့တဲ့။

တော်တိတ်ကြစမ်းဟေ့။
ငါတို့နိုင်ငံအတွက် နိုင်ငံရေးလုပ်တာဟ။
နိုင်ငံရေး မရှိရင် ပါတီမရှိဘူး။
ရှိလည်း သင်္ကြန်အမြှောက်ပါတီ။
ကျည်ဆန်ခွံပါတီ၊ ငှက်တောင်ကျွတ်ပါတီ၊
မင်းဝတ်ပုဆိုး တိမ်မီးခိုးပါတီ၊ စက္ကူ ကျားပါတီ၊
ကြံ့ဖွတ်ကျားပါတီပဲ ဖြစ်မှာပဲ။

နိုင်ငံရေးရှိရင်
မြန်မာပြည်သူသိန်းသန်းကုဋေပါတီဖြစ်နိုင်တယ်။
နိုင်ငံရေးရှိမှ ပါတီမရှိလည်း လှုပ်နိုင်တယ်။
အုပ်နိုင်တယ်။ ဖြုတ်နိုင်တယ်။

လူရာဝင်မှာတဲ့လား။
ကိုလိုနီကျွန်ခေတ်တုန်းက
လွတ်လပ်ရေးတိုက်ပွဲဦးသျှောင် ကဗျာစာဆိုကြီး
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့ဘူးတဲ့
စကားတစ်ခွန်းရှိတယ်။

`ကျွန်ခေတ်မှာ လူရာမ၀င်ချင်ဘူးကွဟေ့´ တဲ့။

အဲ့ဒီလိုပဲ
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဦးခိုက်ပြီး
ဒီနေ့ စစ်အာဏာရှင်ခေတ်မှာ ငါတို့ကြုံးဝါးချင်တဲ့
စကားတစ်ခွန်းရှိတယ်။

`စစ်ကျွန်ခေတ်မှာ လူရာမ၀င်ချင်ဘူးဟေ့´

ဟံသာဝတီ ဦးဝင်းတင်
(ဘာလဲဟဲ့ လူ့ငရဲ စာအုပ်မှ ကောက်နုတ်ဖော်ပြတာပါ)

No comments:

Post a Comment