Latest News

Friday, August 24, 2018

ရေဖြူမြို့နယ်တွင်ကလေးမွေးနေ့အလှူပွဲ၌အစာအဆိပ်သင့်သူ ၅၈ ဦး ခန့်ဖြစ်ပွား

ရေဖြူမြို့နယ်တွင်ကလေးမွေးနေ့အလှူပွဲ၌အစာအဆိပ်သင့်သူ ၅၈ ဦး ခန့်ဖြစ်ပွား

ရေဖြူ   သြဂုတ်   ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စု ဖောင်းတောကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ ကလေး(၅)နှစ်ပြည့်မွေးနေ့အလှူပွဲတွင် သြဂုတ် ၂၃ရက်မွန်းလွဲပိုင်းက အစာအဆိပ်သင့်သူ( ၅၈)ဦးခန့်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရေဖြူမြို့နယ် ဖောင်းတောကျေးရွာ အမှတ်(၂)ရပ်ကွက်နေ ဦးဖစုသည် မြေးဖြစ်သူ မဖူးသီရိမင်း၏ အသက်(၅)နှစ်ပြည့် မွေးနေ့တွင် သံဃာတော်(၇)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းကိုကြက်သားဟင်း ဝက်သားဟင်း ကြက်ကလီဇာ ကြက်အသည်းအမြစ်|ဝက်ကလီစာ| ဝက်အူသုပ်| မှိုဟင်း| ရွှေရင်အေးတို့ဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ပြီးနောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား ကြက်သား| ဂေါ်ဖီထုပ်| မုန်လာဥနီ| မှို (စိုက်ပျိုးရေးမှိုနှင့်တော ထဲမှရရှိသောဒေသ အခေါ်ဝေါ် ဝါဆိုမှို)တို့ဖြင့် ရောနှောကြော်ထားသော ခေါက်ဆွဲကြော်နှင့်ကြက်သား| ဂေါ်ဖီထုပ်| မုန်လာဥနီ|မှို(စိုက်ပျိုးရေး မှိုနှင့်တောထဲမှရရှိသော ဒေသအခေါ်အဝေါ် ဝါဆိုမှို)တို့ဖြင့်ရောနှော ချက်ထားသောဟင်းချို နှင့် ရွှေရင်အေးတို့ဖြင့် ဆက်လက် ဧည့်ခံကျွေးမွေးနေစဉ် (၁၁း၃၀)နာရီခန့်တွင် ဧည့်သည်တော်များ အော့အန် အကြောတက် ဝမ်းလျှော မူးဝေခြင်းတို့ဖြစ်ပေါ်လာ၍ ကံပေါက်တိုက်နယ်ဆေးရုံသို့ ကားဖြင့်ပို့ဆောင် ဆေးကုသ လျှက်ရှိကြောင်း သိရသည်။

အဆိုပါ အစာအဆိပ်သင့်ဖြစ်၍ တက်ရောက်ဆေးကုသသော လူနာများမှာ ရေဖြူမြို့နယ် ဖောင်းတောကျေးရွာအုပ်စုမှ ကျား(၂၂)ဦး| မ(၃၆)ဦး စုစုပေါင်း (၅၈)ဦး တို့မှာ မူးဝေ အကြောတက် အော့အန် ဝမ်းလျှော (မစိုးရိမ်ရ)ဖြစ်ပြီး ည( ၈း၃၀)နာရီတွင် ရောဂါများသက်သာလျှက် လူနာ ကျား (၁၇)ဦး| မ(၂၂)ဦး စုစုပေါင်း (၃၉)ဦးတို့မှာ ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆေးကုသခံမှု ခံယူကျန်ရှိနေသော လူနာ(၁၉)ဦးကို မနက်ဖြန်တွင် ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ကံပေါက်တိုက်နယ်ဆေးရုံမှ ဒေါက်တာ ဇွန်ဖူးငုံ၏ ပြောပြချက်အရ သိရသည်။

             
( မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment