ရန်ကုန်လူမှုဘဝ၊ ဖြစ်ရပ်အထွေထွေကိုဖော်ပြပေးနေသော ယခုသီတင်းပတ်၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း စီးဆင်းနေသော မြစ်ချောင်းများ၏ ကမ်းပြိုကမ်းစားမှုများအကြောင်းကိုလေ့လာတင်ပြလိုပါသည်။ လူနေထူထပ်သော မြို့တော်၊ ပြောင်းလဲလာသောရာသီဥတု၊ ရှည်လျားသော မြစ်ချောင်းမိုင်အရှည်၊ တိုက်စားနေသောရေစီးကြောင်း အရှိန်ကြောင့် တစ်စထက်တစ်စ မြင့်တက်လာနေသော ကမ်းပြိုကမ်းစားဖြစ်မှုအကြောင်းတို့ကား မျက်နှာလွှဲနေရမည့် အမေ့ခံခေတ်ကာလ မဟုတ်တော့ပေ။
ထို့ကြောင့်ပင် ယခုသီတင်းပတ်၌ ရန်ကုန်တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကျော်မိုးအား ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ကမ်းပြိုကမ်းစားမှုများ အကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
''ရန်ကုန်မှာရှိတဲ့ မြစ်ကြီးတွေ၊ ချောင်းအကြီးစားတွေ ဟာ ပမာဏအရဆိုရင် မိုင်ပေါင်း ၄ဝဝ ကျော်ရှိမယ်။ ချောင်း အသေးတွေ မပါသေးဘူး။ ချောင်းအသေးတွေပါ ပေါင်းမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကိုက မိုင်ပေါင်းထောင် ချီပြီးရှိသွားမှာပါ။ ကမ်းပြိုတဲ့ကိစ္စပေါ်ပေါက်လာပြီဆိုရင် ကျွန်တော်တို့မှာ ချောင်းရယ်၊ မြစ်ရယ် ခွဲခြားနေလို့ မရပါဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်အရ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တင်ပြလာချက်အရ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့ တင်ပြ ချက်တွေအရ ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းရင်းနဲ့ တွေ့ရှိချက် တွေအရ ဒါတွေအားလုံးကို ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
''ကမ်းပြိုတာက မြစ်တိုင်းချောင်းတိုင်းလိုလိုမှာလာပြီး ဖြစ်နေတာ။ တကယ်တမ်းဖြစ်နေခဲ့တာတော့ ကြာပါပြီ။ ထိရောက်တဲ့ထိန်းကျောင်းမှုတွေ ပြည့်ပြည့်ဝဝမဆောင်ရွက် ပေးနိုင်တဲ့အတွက်ကြောင့်ရယ်၊ သဘာဝရဲ့ဖြစ်စဉ်တွေပြောင်းလဲလာမှုအရကမ်းပြိုကမ်းစားဖြစ်ဖို့ တွန်းအားပေးတဲ့အချက် အလက်တွေ နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ စိပ်လာပါတယ်။ မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာနရဲ့ အတည်ပြုချက် အရ ၁၉၈ဝ နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုက မြန်မာနိုင်ငံမှာ သိသာလာပါတယ်။ က္ဘာနဲ့အဝန်းလည်း ရာသီဥတုနဲ့ သက်ဆိုင် တဲ့ သဘာဝဘေးအ္တရာယ်ကျရောက်နိုင်မှုမှာလည်း မြန်မာနိုင်ငံ က တစ်ကနေ တစ်ဆယ်အတွင်းမှာ ရှိနေတယ်။ ပြောရမယ်ဆိုရင် ရေကြီးရေလျှံမှုတွေရော၊ ကမ်းပြိုကမ်းစားဖြစ်တဲ့ကိစ္စတွေရော ရေနဲ့ ဆက်စပ်တဲ့ဘေးဥပဒ်တွေဟာတဖြည်းဖြည်းနဲ့ များများလာ တယ်။ အလားအလာအရလည်းထပ်ပြီးတော့ ဖြစ်နိုင်ခြေတွေ ရှိနေပါသေးတယ်။
''ကမ်းပြိုတဲ့ကိစ္စကမိုးရေချိန်တွေများလာတယ်။ မုတ်သုံ မမှန်တဲ့အတွက်ကြောင့် မိုးတွင်းကာလကအချိန်တိုသွားတယ်။ ဒါပေမယ့် တစ်နှစ်လုံးရွာချလာတဲ့ မိုးရေချိန်ကို ပြန်ပေါင်း လိုက်တဲ့အခါကျတော့ အရင်ကထက် များနေတယ်။အချိန်တိုအတွင်းမှာရေများများပါသလို မြစ်ထဲကိုကျလာတဲ့ရေတွေကို တောက်လျှောက်ဆွဲချပေးရတာဖြစ်တဲ့အတွက် ရေကိုအချိန်တို ကာလတိုအတွင်းမှာ ပင်လယ်ဆီမချပေးနိုင်တာဖြစ်တဲ့အတွက် ရေအင့်ပြီးတော့ ရေကြီးရေလျှံတွေဖြစ်တယ်။ တစ်ဖက်က လည်း သူ့ပုံမှန်လက်ခံစီးဆင်းပေးနိုင်တဲ့ အရှိန်ထက်များလာတဲ့ အတွက်ကြောင့် ဘေးလည်းစားတယ်၊ ရေအောက်ကြမ်းပြင်လည်း စားတယ်။ ကမ်းပြိုကမ်းစားဖြစ်ပေါ်နေရတဲ့အကြောင်းရင်းက တဖြည်းဖြည်းနဲ့ ပိုပြီးစိပ်လာတယ်။ ဘာကြောင့်လဲဆိုရင် ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်က က္ဘာနဲ့အဝန်းဖြစ်လာတဲ့အတွက် မြစ်တွေချောင်းတွေကို ယဉ်ပါးအောင် သူ့သဘာဝအတိုင်း ထိန်းသိမ်းနိုင်တဲ့ အနေအထားအထိ မရောက်သေးလို့ ဒီဒဏ် ကတော့ရှိနေဦးမှာပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ လက်လှမ်းမီ တဲ့အပိုင်းကနေ ဆက်လက်ပြီးဆောင်ရွက်သွားဖို့တော့ လိုပါ တယ်။
''တွံတေးတူးမြောင်းကို ဦးစားပေးပြီး ပြုပြင်နေတယ်။ ကနဦးက ၂၅ ပေပဲရှိတယ်။ ၁၉၃ဝ ပြည့်နှစ်လောက်ကျတော့ ပေ ၃ဝဝ လောက်အထိဖောက်ဖို့ ရည်စူးလိုက်တာပေါ့။ ဒါပေမယ့် ခုမြင်တဲ့အတိုင်းပဲအချို့နေရာတွေဆို ပေထောင်ဂဏန်းလောက် အထိ ဖြစ်နေတယ်။ တချို့နေရာတွေဆိုရင် ပေ ၈ဝဝ- ၉ဝဝ လောက်အထိ ဖြစ်နေတယ်။ ပြောရမယ်ဆိုရင် နှစ်ဆခွဲ သုံးဆ လောက် ဖြစ်နေတာ။ သူ့သဘာဝ အတိုင်းကိုကတိုက်စားပြီး ပေါ်ပေါက် လာတာ။ တိုက်စားမှုနှုန်း အလွန်မြင့် တယ်။ အဲဒါကြောင့် တွံတေးမြို့ဟာ ထိခိုက်မှုအများဆုံးမြို့ ဖြစ်ပါတယ်။ ပြီးတော့ တွံတေးတူးမြောင်းက ရန်ကုန်မြစ်နဲ့ တိုးမြစ်ကို ဆက်ပေးထား တာဖြစ်တဲ့အတွက် တိုးမြစ်ကပင်လယ် ဘက်ကို ရေဝင်တဲ့အခါမှာ နှစ်ပေါက်က နေဝင်တယ်။
တွံတေးတူးမြောင်းက ဆင်းပြီး ရန်ကုန်မြစ်ကတစ်ဆင့် ပင်လယ်ထဲရောက်တယ်။ တိုးမြစ်ကနေ တောက်လျှောက် စီးဆင်းပြီးတော့ပင်လယ်ထဲကိုသွားတာရှိတယ်။ တကယ်လို့သာ တူးမြောင်းကြီးက ဒီထက်ပိုပြီးအစားခံရရင် တိုးမြစ်တောင် တဖြည်းဖြည်းတိမ်ကောသွားပြီး ဖြတ်လမ်းဖြစ်တဲ့ တူးမြောင်း ကနေသွားတဲ့ အနေအထားဖြစ်လာနိုင်ပါတယ်။ ရေရဲ့သဘောက တိုတဲ့ဘက်က ပိုစီးတယ်။ လျှောစောက်အနိမ့်အမြင့် ကွာဟ ချက်များတဲ့ဘက်က စီးတာဖြစ်တဲ့အတွက် ဒီဘက်က အဲဒီသဘာဝရှိနေတော့ ဒီဘက်ကိုပဲ ရေကစီးချင်တယ်။ အဲဒါကိုလည်း ထိန်းကျောင်းပေးဖို့ လိုတာဖြစ်တဲ့အတွက် တွံတေးတူးမြောင်းကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက် ပါတယ်။
''ဒုတိယအနေနဲ့က ငမိုးရိပ်ချောင်းပေါ့။ ငမိုးရိပ်ချောင်း ကျတော့ မြို့လယ်ထဲဖြတ်ပြီး စီးဆင်းတဲ့ချောင်း၊ မြို့လယ် ဖြစ်တဲ့အတွက် နှစ်ဖက်လုံးမှာက မြို့ပြဧရိယာဖြစ်နေတယ်။ နည်းနည်းလေးတိုက်စားတာနဲ့ ဆုံးရှုံးမှုက ပိုပြီးကြီးတယ်။ ငါးမာန်အောင်ဖြတ်လမ်းဆိုရင် လမ်းတောင်ပါတော့မယ့် အနေအထားဖြစ်လာတယ်။ ငမိုးရိပ်ချောင်းမှာဆိုရင် အကွေ့က ၂၅ ကွေ့တောင်ကျော်တယ်။ ရေရဲ့သဘောကအကွေ့ တွေမှာအစားခံရတယ်။ ဒါကြောင့် ဦးစားပေးအစီအစဉ် ဆောင်ရွက်တဲ့အခါမှာ ငမိုးရိပ်ချောင်းကို ဒုတိယဦးစားပေးမှာ ထည့်တယ်။ ဦးစားပေးထဲမှာတောင်မှ ဘယ်ကွေ့တွေကိုစတင် ဆောင်ရွက်မယ်ဆိုတဲ့ ငါးနှစ်နဲ့ စီမံချက်ဆွဲလိုက်ပြီး မနှစ်ကဆိုရင် ကွေ့ ငါးကွေ့ ဆောင်ရွက်ပြီးပြီ။ နောက်နှစ်တွေမှာလည်းတစ်နှစ် တစ်နှစ်ကိုငါးကွေ့စီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
''အခြားမြစ်တွေလည်း ပြိုတာပဲ။ ပဲခူးမြစ်လည်း ပြိုတယ်။ ရန်ကုန်ရဲ့အထက် လှိုင်မြစ်လည်းပြိုတယ်။ လှိုင်မြစ်ကနေ ဆက်စပ်သွားတဲ့ အထက်ပိုင်းက ကုက္ကိုဝမြစ်လည်း ပြိုတယ်။ ပြိုတာကတော့ အားလုံးပြိုနေတာ။ ပြိုတဲ့အနေအထားတွေထဲမှာ ဘယ်ဟာက အခြေအနေပိုဆိုးသလဲ၊ ဦးစားပေးမှာထည့်သင့် သလဲဆိုတဲ့ ဦးစားပေးအဆင့်အလိုက်ခွဲပြီး ဘတ်ဂျက်တွေကို တင်ပြတောင်းခံပြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတည်ပြု ချက်၊ ဒေသတွေရဲ့လိုအပ်ချက်၊ နိုင်ငံတော်ဘက်ကနေခွဲဝေပေး နိုင်တဲ့ငွေပမာဏ၊ ဒီရန်ပုံငွေကိုချိန်ဆပြီးအဆင့်လိုက် ဆောင် ရွက်နေကြပါတယ်'' ဟု ပြောကြားသည်။
သဘာဝအတိုင်းစီးဆင်းနေသော မြစ်ချောင်းများပင် ဖြစ်လင့်ကစား လူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်ရန် အရှိန်ယူစပြုနေပြီ ဖြစ်သည်။ မြစ်ကမ်းချောင်းကမ်းပါးတို့၌ နေထိုင်သူတို့ကား ထိုအတိုက်အခိုက်ဒဏ်ကိုခံစားခဲ့ရသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ မီးလောင်မှု၊ ရေကြီးရေလျှံမှုများကနောက်ဆုံးအနေဖြင့် မိမိပိုင်မြေ ပြန်ရနိုင်သော်လည်း မြစ်ကမ်းချောင်းကမ်းဘေးတွင် နေထိုင်မိ၍ ရေတိုက်စားပြီး မြေပြိုပါက လက်ဗလာဖြင့်သာ ဘဝကိုရုန်းကန်ကြရမည်။ မြစ် ကမ်းပါးတစ်လျှောက်နေထိုင်ကြသော ပြည်သူများအနေဖြင့် မြစ်ထဲ၌ ပေါ်လာသောမြေနုကျွန်း၊ သဲသောင်များကိုလည်း အလျင်စလိုကြုံရာကျပန်းမလုပ်ကိုင်သင့်ဘဲအချိန်မရွေးဖြစ်ပေါ် လာနိုင်သည့် ရေဘေးအ္တရာယ်ကို ကြည့်ရှုလုပ်ကိုင်ရန် လိုအပ် သည်။
ရန်ကုန်မြစ်ချောင်းများနံဘေးတွင် စနစ်တကျကာကွယ်မှု များ ပြုလုပ်ရန်လိုအပ်လျက်ရှိပြီး နေထိုင်သူတို့ကို ရေနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အ္တရာယ်များ နှိုးဆော်မှုများ ပြုလုပ်ပေးရန် လိုအပ်လှသည်။ထို့ပြင် မြစ်ကမ်းချောင်းဘေးတွင် ဒီရေတောများ၊ သစ်ပင်ကြီးငယ်များကို ပြန်လည်ပြစုပျိုးထောင် စိုက်ပျိုးရန် လိုအပ်သည်။ သို့မှသာ ရန်ကုန်မြစ်ချောင်းများနံဘေး တွင် ပန်းခင်းများဖြင့် သာယာလှပလာပေလိမ့်မည်။
မြန်မာ့အလင်း
No comments:
Post a Comment