Latest News

Wednesday, August 22, 2018

ဒေးဗစ်ဘက်ခမ်းကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည် ကလေးငယ်များ ဒုက္ခကိုပါ ကူညီ နိုင်ခဲ့သော ယနေ့ခေတ်စံပြလူသားဟုဆို

ဒေးဗစ်ဘက်ခမ်းကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည် ကလေးငယ်များ ဒုက္ခကိုပါ ကူညီ နိုင်ခဲ့သော ယနေ့ခေတ်စံပြလူသားဟုဆို

နီယွန်   သြဂုတ်   ၂၂

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ သည်  အင်္ဂလန်ဂန္ထ၀င်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကို ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်သည်။  ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန္ဒား စီဖာရင်က ၂၀၁၈ ခုနှစ်အတွက် ယူအီးအက်ဖ်အေဥက္ကဋ္ဌဆုကို ဒေးဗစ်ဘက်ခမ်းအား ပေးအပ်ရခြင်းမှာ  ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀၌     ရရှိခဲ့သောစွမ်းဆောင်မှုနှင့် အောင်မြင်မှုများအတွက်သာမက လူ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်ပါ  လူသားများကောင်းကျိုးအတွက် ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း  ဂုဏ်ပြု ပြောကြားသည်။  ဘက်ခမ်းသည် ဘောလုံးသမားဘ၀တွင် မန်ယူ၊ ရီးယဲလ်၊ အယ်လ်အေဂလက်ဆီ၊  အေစီမီလန်နှင့်  ပီအက်စ်ဂျီအသင်းတို့တွင်  အောင်မြင်မှုရခဲ့ပြီး မန်ယူနှင့် ၁၉၉၉ ခုနှစ်က ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့သူဖြစ်သည်။

စီဖာရင်က   “ဘက်ခမ်းကို  ဒီဆုအတွက်ရွေးချယ်ရတာက  သူက ဒီနေ့အထိ ဘောလုံးနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဖြစ်နေ လို့ပါပဲ။ သူက  ဘောလုံးရဲ့တန်ဖိုးကို တစ်ကမ္ဘာလုံးဆီ    ပို့ဆောင်နိုင်ပြီး   ကလေးများစွာရဲ့ ရှင်သန်နေထိုင်မှုအတွက်လည်း အကျိုးပြုခဲ့သူဖြစ်လို့ ဒီဆုနဲ့ထိုက်တန်သူပါ”ဟု ပြောသည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါဆုအား မိုနာကိုတွင်  လက်ခံရယူမည့်ဘက်ခမ်းသည်  ကစားသမားဘ၀တွင်   နိုင်ငံနှင့်ကလပ်အသင်းအတွက် ပွဲပေါင်း ၇၆၂ ပွဲကစားပေးခဲ့ကာ ဂိုးပေါင်း ၁၃၀ သွင်းယူပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ပွဲပေါင်း ၁၀၀ ကျော်နှင့် နိုင်ငံအတွက် ၁၁၅ ပွဲကစားခဲ့ရာတွင်လည်း ၁၇ ဂိုးသွင်းပေးနိုင်ခဲ့သည်။

ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်ပြီး  ဘက်ခမ်း က ယူအီးအက်ဖ်အေဥက္ကဋ္ဌဆု ပေးအပ်ချီးမြှင့်ခံရတာ အထူး ဂုဏ်ယူစရာပါ။ ကျွန်တော် ကစားသမားဘ၀မှာ မမြဲတမ်းရာနှုန်းပြည့်ပေးဆပ်ခဲ့ပါတယ်။ အသင်းစုစည်း မှုတန်ဖိုး အတွက် သန့်ရှင်းမျှတစွာကစားဖို့အတွက်   ဦးတည်ကစားခဲ့လို့ အခုလို   ရခဲတဲ့ဆုရနိုင်ခဲ့လို့  ဂုဏ်ယူမိတယ်။  ချန်ပီယံလိဂ်မှာ   ကျွန်တော်မမေ့နိုင်ဖွယ်ရာအခိုက်အတန့်တွေ အများကြီးရှိခဲ့တယ်။ ၁၉၉၉ ခုနှစ်က ဘိုင်ယန် ကိုနိုင်ပြီး ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ဖြစ်စဉ်ကလည်း   တစ်ခုအပါအ၀င်ပေါ့ဟုပြောသည်။

ဘက်ခမ်းသည်   ယူနီဆက်သံတမန်အဖြစ် ၂၀၁၅ ခုနှစ်ကတည်းက 7:The David Beck-ham UNICEF FUND ရန်ပုံငွေအဖွဲ့ဖွဲ့စည်းကာ တစ်ကမ္ဘာလုံးရှိ  ကလေးသူငယ်များ ဒုက္ခဘေးကို  ကူညီမှုများစွာ လုပ်ဆောင်ခဲ့ရာတွင် ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊  အကြမ်းဖက်မှု၊   ကလေး အိမ်ထောင်ပြုပေးမှု စသည်တို့ကို  တိုက်ဖျက်ကာ ကလေးများ အထူးသဖြင့် မိန်းကလေးငယ်များ ပညာသင်ကြားခွင့်ရရေးအတွက် ရန်ပုံငွေများစွာ ရှာပေးနိုင်ခဲ့သူဖြစ်သည်။

MWD

No comments:

Post a Comment