Latest News

Thursday, August 9, 2018

ငှက်ပျောမျိုးစုံ အာနိသင် အဖုံဖုံ

ငှက်ပျောမျိုးစုံ အာနိသင် အဖုံဖုံ

၁၂ ရာသီပတ်လုံး ဖောဖောသီသီ ရရှိနိုင်သော အသီးအမျိုးအစားများထဲတွင် ငှက်ပျောသီးလည်း   တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ ငှက်ပျောသီးရဲ့ အားသာချက်က အခြားသော သစ်သီးများနှင့် ယှဉ်ကြည့်ပါလျှင် ကရိကထမများဘဲ  အလွယ်တကူ အခွံနွှာ၍  စားသုံး နိုင်ပြီး ရေခဲသေတ္တာထဲမှာ  အထူးတလည် သိမ်းဆည်းထားစရာ မလိုအပ်ပါဘူး။

နေရာဒေသမရွေး၊အချိန်အခါမရွေး ဗိုက်ဆာတဲ့ အချိန်တိုင်း အခွံနွှာစားရုံမျှဖြင့် ဆာလောင်မှုကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။ အစာကြေညက် လွယ်တာကြောင့်  အရွယ်သုံးပါးမရွေး   စားသုံးနိုင်ပါတယ်။  ငှက်ပျောသီးနှင့် ဓာတ်မတည့်သော ကလေးမှာလည်း မရှိသလောက် အလွန်ရှားပါတယ်။ ကျန်းမာရေး ရှုထောင့်က ကြည့်တဲ့အခါမှာ ''ငှက်ပျောသီး တစ်နေ့တစ်လုံးစား- ဒေါက်တာတွေနဲ့ ဝေးဝေးသွား''၊ ''နံနက်သင်္ဘော  ညငှက်ပျော''လို့ ဆိုထားပြန်တာကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း စားပေးသင့်ပါတယ်။ ငှက်ပျောခွံပေါ်မှာ အမည်းအစက်အပြောက် များလေ ရင့်မှည့်တဲ့ငှက်ပျောဖြစ်တာကြောင့်    အနံ့အရသာ အာနိသင်ပိုကောင်းလေပါပဲ။

မြန်မာပြည်မှာ ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျော၊ ရခိုင်၊ ဝက်မလွတ် စတဲ့ငှက်ပျောမျိုးစုံလင်လှသလို ထိုအမျိုးအစား   တစ်မျိုးချင်းစီအလိုက် အာနိသင်အမျိုးမျိုး ပါရှိနေပါတယ်။

ဖီးကြမ်းငှက်ပျော

ခန္ဓာကိုယ်တွင်း  အပူများသူများအတွက် အထူးသင့်လျော်ပါတယ်။ သုက်ဓာတ်၊ အသားဓာတ် ပွားစေပါတယ်။ လူကိုဝဖြိုးစေပါတယ်။ ကျောင်းနေအရွယ် ကလေးများကို  ဖီးကြမ်းငှက်ပျောသီး တစ်လုံးနှင့် လက်ဖက်ရည်ဇွန်းစာ ပမာဏရှိသော ပင်စိမ်းရွက် သတ္တုရည်ဇွန်း တစ်ဇွန်းကို သမအောင်ရော၍ နေ့စဉ်ကျွေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးပြီး မှတ်ဉာဏ်ထက်သန်စေပါတယ်။ အသက်ရှည်၍ ခွန်အားတိုးပွားစေရန် အတွက် ငှက်ပျောသီးကို ပျားရည်မှာ စိမ်နှစ်၍စားပေးပါ။ နာတာရှည် ချောင်းဆိုးသူများမှာ ဖီးကြမ်းငှက်ပျောကို ငရုတ်ကောင်းမှုန့်နှင့် တို့စားပါက သလိပ်ထွက်လာပြီးချောင်းခြောက်ဆိုးခြင်းကို ပျောက်ကင်းစေပါတယ်။ မီးလောင်ဒဏ်ရာများအတွက် ဖီးကြမ်း ငှက်ပျောသီးမှည့် အုံပေးပြီး ငှက်ပျောဖက်ခင်း၍ အိပ်ပါ။

(ဖီးကြမ်းငှက်ပျောပင်၏ ပင်စည်ကို မုန့်ဟင်းခါးဟင်းရည် ချက်ရန် မသင့်လျော်ပါ၊ အရသာ ခါးတတ်ပါတယ်) သီးမွှေးငှက်ပျော ခန္ဓာကိုယ်ကြွက်သားတွေကို ကောင်းစွာ တည်ဆောက်ပေးတဲ့အပြင် ခွန်အားဖြစ်စေပြီး လန်းဆန်းတက်ကြွမှုကို ဖြစ်စေပါတယ်။ ဝမ်းလေကို ချုပ်စေပါတယ်။ အရွယ်တင်နုပျိုစေပါတယ်။ သုက်ဓာတ်ပွားစေပါတယ်။ ရေဆာခြင်း၊ အော့အန်ခြင်းကို ဖြေသိမ့်ပေးပါတယ်။ ခြင်ကိုက်၍ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် ရောင်ရမ်းခြင်းများကို သီးမွှေးငှက်ပျောသီး အခွံနှင့်ပွတ်ပေးပါက ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။ ထို့ပြင် သွားဝါနေသူများလည်း  ထိုငှက်ပျောခွံဖြင့် သွားများကို ပွတ်တိုက်ပေးပါ။

ဆင်အံငှက်ပျော

အေးပြီး ချိုသောအရသာ ရှိတဲ့အပြင် အနည်းငယ်ဖန်ပါတယ်။ လူကိုဝစေပါတယ်။ သုက်ဓာတ်ပွားစေပါတယ်။ သည်းခြေရောဂါများကို ကောင်းကျိုးပြုပါတယ်။ နှလုံးရောဂါရှိသူများ အတွက် အထူးသင့်လျော်ပါတယ်။

နံ့သာပုငှက်ပျော

ချို၍အေးပါတယ်။ နှလုံးအားကောင်းစေပါတယ်။ ရေဆာခြင်းနှင့်  အော့အန်ခြင်းကို ဖြေသိမ့်ပေးပါတယ်။   သုက်ဓာတ်ပွားစေပါတယ်။ သို့သော် အစာကြေညက်ခဲ၍ အစာအိမ် ဝေဒနာသည်များ မစားသင့်ပါဘူး။

ငှက်ပျောချဉ်

သွေးကို အေးစေတတ်ပါတယ်။ လေကိုကြွစေတာကြောင့် လေမလည်သူများ စားပေးသင့်ပါတယ်။ အမျိုးသား၊ အမျိုးသမီးရောဂါ များနှင့်သင့်လျော်ပါတယ်။  ငှက်ပျောချဉ်က ခန္ဓာကိုယ်ကြွက်သားများကို  ကျစ်လျစ်စေပါတယ်။ ကိုယ်ခန္ဓာဝဖြိုးသူများ  မကြာခဏ စားပေးသင့်ပါတယ်။

ရွှေနီငှက်ပျော

ခွန်အားဖြစ်စေပါတယ်။    နှလုံးကို ကောင်းကျိုးပြုပါတယ်။ သို့သော် လေကိုပွစေတာကြောင့် ရင်ပြည့်ရင်ကယ်ရှိသူများ မစားသင့်ပါဘူး။

ရခိုင်ငှက်ပျော

ရေသီလံလို့လည်းခေါ်ပါတယ်။ သွေးကိုကြေစေတဲ့အပြင် လေကိုပါကြေစေပါတယ်။ ကိုလက်စထရောကို ကျစေပါတယ်။ ရခိုင်ငှက်ပျောပင်၏  အသီးသာမက  အမြစ်၊ ပင်စည်၊ အပွင့်၊ အရွက် အားလုံးကလည်း သွေးထဲရှိ   ကိုလက်စထရောကို  ကျစေတဲ့ အစွမ်းသတ္တိရှိတာကြောင့်    ၎င်းတို့၏ သတ္တုရည်ကို တစ်ခါသောက်လျှင် ဟင်းစားဇွန်း တစ်ဇွန်းဖြင့် တစ်နေ့နှစ်ကြိမ်မှန်မှန်သောက် ပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောများ ကျစေပါတယ်။ (ရခိုင်ငှက်ပျောပင်၏ ပင်စည်ဖြင့် မုန့်ဟင်းခါးဟင်းရည် ချက်ရာတွင် အသုံးပြုလေ့ရှိပါတယ်)

ဝက်မလွတ်ငှက်ပျော

အပူငြိမ်းစေပြီး သွေးလေကို ကြေစေပါတယ်။ ခွန်အားပြည့်စေပါတယ်။ နှလုံးကိုငြိမ်စေ၍ သိုင်းရွိုက်ရောဂါသည်များ၊ လည်ပင်းကြီးဝေဒနာသည်များ၊   စိတ်ကစဥ့်ကလျား ဖြစ်သူများနှင့် သင့်လျော်ပါတယ်။

မှတ်ချက်

(၁) မည်သည့်ငှက်ပျောပင်မဆို အူတိုင်ကို ကျောက်ဖရုံသီးဖြင့်  ဖျော်ရည်လုပ် သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၂) ဆီးချိုရောဂါသည်များ  ငှက်ပျောသီးကို လျှော့စားသင့်ပြီး grapefruit သီးဖြင့်တွဲဖက်၍ စားသင့်ပါတယ်။

(၃) အကယ်၍     အချို့ကလေးငယ်များမှာ မွေးရာပါ ငှက်ပျောသီးနှင့် ဓာတ်မတည့်ရောဂါ ပါလာပါက  ဖြေဆေးအဖြစ်  ကြက်သွန်ဖြူ ကျွေးပေးနိုင်ပါတယ်။

(၄) နှင်းဆီပန်း အပင်သန်စွမ်း၍ အပွင့်ကြီးကြီး   ပွင့်စေနိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ငှက်ပျောခွံမြှုပ်နှံကာ  မြေသြဇာအဖြစ် ကောင်းစွာ အသုံးချနိုင်ပါတယ်။  ။

ပေါက်ပေါက်

No comments:

Post a Comment