Latest News

Friday, August 17, 2018

ရွှေဝါရောင်မတိုင်မီနေ့ရက်များ(အောင်မျိုးတင့်)



(၁)

အဲ့ဒီနေ့က
၈၈ မျိုးဆက် ခေါင်းဆောင်တွေ
နောက်ဆုံးစုံညီတွေ့ရတဲ့
၂၀၀၇ ရဲ့ နောက်ဆုံး
အစည်းအဝေ:။
တောင်ညွန့်က
မြအေး အိမ်မှာတွေ့ကြတာ၊
အစည်းအဝေ:အတွက် ထုံးစံအတိုင်း
လူစုံအောင်စောင့်ရင်း
နောက်ကြပြောင်ကြ
စားသောက်
ရယ်မောကြ။

မှတ်မှတ်ရရ
ပြုံးချိုရဲ့
ကလေးစီးစက်ဘီးလေးစီးပြီးထွက်လာတဲ့မြင်ကွင်းနဲ့ ဓါတ်ပုံရိုက်ခဲ့ကြတာ
ပြန်မြင်ယောင်မိသေးတယ်၊

မင်းကိုနိုင်၊ကိုမင်းဇေယျ၊ကိုသန်းတင်၊၊မောင်ဌေးကြွယ်၊ပြုံးချို၊ကေကျူ့၊မီးမီး၊အေးအေးထွန်း( စမ်းချောင်း ကိုကိုကြီးရဲ့ညီမ)၊စိုးထွန်း၊ဘွယ်ကြီး ၊လှမျိုးနောင်၊အောင်သူတို့ပါတယ်။ဂျင်မီနဲ့နီလာတို့က အရေးကြီးကိစ္စတခုနဲ့ ပြန်ထွက်သွားရ။

အဲ့ဒီတုန်းက
နောက်ဆုံးနိုင်ငံရေး
အခြေအနေတွေကို
ခေါင်းစားလောက်အောင်
ဆွေးနွေးငြင်းခုန်ကြပြီး၊
အားလုံးကို ဖမ်းတော့မယ်ဆိုတာ သေချာနေပြီ၊

"တပတ် အချိန်ယူမယ်
ပြီးရင်ခေါင်းဆောင်ပိုင်းအားလုံးက
လျို့ဝှက်နေရာတွေမှာခိုပြီး
တလအတွင်း လူထုအုံကြွမှူအတွက်call ခေါ်မယ်။အားလုံးပြိုင်တူ လမ်းပေါ်ထွက်ကြမယ်"
ဆိုတဲ့ ဆုံးဖြတ်ချက် ကို သဘောတူကြတယ်။

......

ရွှေဝါရောင်မတိုင်မီနေ့ရက်များ
(၂ )

တပတ် အချိန်ယူမယ်
ပြီးရင်ခေါင်းဆောင်ပိုင်းအားလုံးက
လျို့ဝှက်နေရာတွေမှာခိုပြီး
တလအတွင်း လူထုအုံကြွမှူအတွက်call ခေါ်မယ်။အားလုံးပြိုင်တူ လမ်းပေါ်ထွက်ကြမယ်"
ဆိုတဲ့ ဆုံးဖြတ်ချက် ကို သဘောတူကြတယ်။
ကိုသန်းတင်၊အံတီစန်း၊အေးအေးထွန်း/စမ်းချောင်းနဲ့ ဇော်ထက်ကိုကို၊မသီရိ၊ခင်ဥမ္မာ၊ညီညီအောင်၊မောင်မောင်သိန်း(ကပ္ပိယပြောင်ကြီး)မိသက်၊မောင်မောင်ထွန်းနဲ့နှင်းနွယ်အောင်
တို့ အသင့်ပြင်ဆင်ပေးထားတဲ့
( ကွန်ပျူတာ၊ဆက်တလိုက် ဖုန်း၊ဆိုလာမီးအားသွင်းစက်၊အင်တာနက်၊ကော်ပီရာ၊ပရင်တာ၊စားနပ်ရိက္ခာအားလုံးပါဝင်)တဲ့ hide out နေရာတွေမှာ ခေါင်းဆောင်အားလုံး
လျို့ဝှက်နေထိုင်မယ်
တလအတွင်း
ရဟန်းသံဃာတွေ
အလုပ်သမား သပိတ် နဲ့ လူထု လှူပ်ရှားမှူကိုတပြိုင်နက် call ခေါ်ကြမယ်။
တာဝန်တွေ အသီးသီးခွဲဝေယူခဲ့ကြပြီး
လမ်းခွဲလိုက်ကြတယ်။
ကျနော်ရယ်အောင်သူရယ်ဌေးကြွယ်ရယ်လှမျိုးနောင်ရယ်ဘွယ်ကြီးရယ် ညနေဘက်ကျတော့
ရန်ကင်းက ဆိုင်တဆိုင်မှာ ဆုံတွေ့ကြတယ်၊
ညမိုးချုပ်လူစုခွဲကြတော့လှမျိုးနောင်က (နောက်ပိုင်း Generation Waveကိုဦးဆောင်ဖွဲ့စည်းမယ့်) လူငယ်တွေနဲ့ ပါသွားတယ်။ဘွယ်ကြီးက အိမ်နီးတော့ လမ်းလျှောက်ပြန်သွားပြီ၊
ကျနော်နဲ့ အောင်သူက ကားငှားပြန်ဘို့ ကားစောင့်နေရင်း ကားကငှားမရ၊စိတ်ထဲမှာလဲ တထင့်ထင့် ဖြစ်နေတော့မောင်ဌေးကြွယ်ကို လိုက်ခဲ့ဘို့ခေါ်တယ်၊အမေမိက ညမိုးမချုပ်ခင် အိမ်ပြန်လာဘို့ပြောထားတော့မောင်ဌေးကြွယ်လဲ အိမ်ပြန်ချင်နေပြီ၊
ကျနော်က မောင်ဌေးကြွယ်ကိုရစ်တယ်။သူ့ကားဘီးကို ဖက်ပြီးပလက်ဖောင်းမှာ ထိုင်နေလိုက်တယ်။အောင်သူကဌေးကြွယ်ဘက်ကပါလိုက် ကျနော့်ဘက်ကပါလိုက်၊နောက်ဆုံးမိုးအရမ်းချုပ်သွားတော့ မောင်ဌေးကြွယ်လဲ အိမ်ပြန်မရတော့ဘူး၊ကျနော့်ကို အလျော့ပေးလိုက်ရတယ်။ဒီလိုနဲ့အာင်သူရယ် ကျနော်ရယ် မောင်ဌေးကြွယ်ရယ် ကားတစီးနဲ့ ဘယ်သွားရမှန်းမသိတဲ့အဆုံး တည်းခိုခန်းတခုခုသွားအိပ်ဘို့စဉ်းစားမိကြတယ်။
တကယ်သွားကြမယ်ဆိုတဲ့အချိန်မှ သုံးယောက်စလုံး ပိုက်ဆံ မရှိကြတော့ စမ်းချောင်းကိုကိုကြီးနဲ့ အေးအေးထွန်း တို့ဆီမှာ ပိုက်ဆံသွားယူကြမယ်ဆိုပြီးထွက်လာကြတယ်။
အဲ့ဒီအချိန်မှာဘဲ မင်းကိုနိုင်ဆီက ဖုန်းဝင်လာတယ်
"သူ့ အိမ်ပါတ်ဝန်းကျင်မှာ အင်အားတွေ အပြည့်ချထားပြီတဲ့ ကျနော့်ကားနဲ့ သူ့ကိုလာကြိုပေးဘို့"
ကျနော်ကားက မနက်ကမှရောင်းလိုက်ပြီ(ပိုက်ဆံက မရသေး)
ဌေးကြွယ်ကားကလဲ marking ဖြစ်နေတာဒါပေမယ့်
ဆေးရုံဘက်ကနေ ရအောင်ထွက်ခဲ့ လာကြိုမယ်လို့ပြောလိုက်ရတယ်။
သူက " ရတယ်"တဲ့ " အပြင်ရောက်ရင် ဖုန်းခေါ်မယ်ဆိုပြီး ပြန်ပြောတယ်။
ခဏနေတော့ မြအေး ကလဲ ဖုန်းခေါ်လာပြန်တယ်၊
သူလဲ အိမ်ကထွက်လာပြီတဲ့ အိမ်မှာမအိပ်ချင်လို့တဲ့ အပြင်ရောက်မှ မှတ်ပုံတင် ကျန်ခဲ့လို့ ဆိုပြီးပြန်ယူတယ်။
ပြန်ထွက်လာလို့မရတော့ဘဲ အိမ်မှာဘဲ အဖမ်းခံရတယ်။
ကျနော်တို့ သုံးယောက် စမ်းချောင်း ကိုကိုကြီးအိမ်ရောက်တော့
စမ်းချောင်းကိုကိုကြီးက သွားအိပ်ရမယ့် နေရာတခု စီစဉ်ပေးတယ်၊
အဲ့ဒီနေရာကို ရောက်တယ်ဆိုရင်ဘဲ
ဘွယ်ကြီး က ဖုန်းဆက်လာတယ်၊
သူ့အိမ်ကို ၀င်ဖမ်းပြီတဲ့။တောက်လျောက် ဖုန်းဖွင့်ထားပြီး အခြေအနေကိုပြောပြနေတယ်၊တပြိုင်ထဲမှာဘဲ VOA က အောင်နိုင်က အောင်သူ့ကို ဖုန်းဆက်မေးတယ် @ ကုလားမ ဇေယျ ကို ၀င်ဖမ်းတယ်ဆိုတာသိလိုက်ရတယ်။ပြီးတော့ ကေကျူ့၊ကိုမင်းဇေယျ အပါအ၀င်တယောက်ပြီးတယောက် ညတွင်းချင်း တပြိုင်ထဲ ၀င်ဖမ်းကြတယ်။

..........

ရွှေဝါရောင်မတိုင်မီနေ့ရက်များ
(၃)

ကျနော်တို့လဲ စမ်းချောင်းကိုကိုကြီးစီစဉ်ပေးတဲ့ နေရာမှာမအိပ်တော့ဘဲညတွင်းခြင်းပြန်ထွက်လာကြတယ်၊လမ်းမတွေမှာ အတားအဆီးတွေနဲ့ လုံခြုံရေးတွေ ညတွင်းချင်:အများကြီးတွေ့ရတယ်။မောင်ဌေးကြွယ်ကားက marking ဆိုတော့
သူ့ကားကို လမ်းဘေးတနေရာမှာ ထားခဲ့ပြီးစမ်းချောင်းကိုကိုကြီးရဲ့ကားနဲ့ ကျနော်တို့ hide out တနေရာကို မသုံးမဖြစ် အသုံးပြုလိုက်ရတယ်။
( အေးအေးထွန်းစီစဉ်ပေးထားတဲ့နေရာ)အောင်သူက လှမျိုးနောင်နဲ့ သွားပေါင်းပြီး တခြားhide out ( အံတီစန်းစီစဉ်ထားတဲ့နေရာ)မှာ သွားခိုတယ်။
နောက်နေ့မနက်မှာ
မောင်ဌေးကြွယ်၊လှမျိုးနောင်၊အောင်သူ၊စိုးထွန်း၊မီးမီး နဲ့ နီလာ၊ထွန်းမြင့်အောင်တို့ကလွဲရင် အားလုံးနီးပါး အဖမ်းခံရပြီ၊
ကျနော်တို့ အချင်းချင်း ဖုန်းတွေ သုံးပြီး လူထုအုံကြွမှူအတွက် call ခေါ်ဘို့ ဆုံးဖြတ်တယ်။
အေးအေးထွန်း (စမ်းချောင်း)စီစဉ်ထားတဲ့ hide out ကနေ ရိုးရိုးဖုန်းနဲ့ ဆက်တလိုက် ဖုန်းတွေ သုံးပြီး
မောင်ဌေးကြွယ်နဲ့ ကျနော် ပြည်ပ မီဒီယာတွေ နဲ့ ချိတ်ဆက်ပြီး ၂၄ နာရီလုံးလုံးအင်တာဗျူးတွေလုပ်ကြတယ်။
တဘက်မှာလဲ အောင်သူ၊လှမျိုးနောင် တို့က မီဒီယာတွေနဲ့ အင်တာဗျူး အဆင်မပြတ် လုပ်နေကြပြီ
Mass movement အတွက်ပြည်သူကိုစပြီးလှူံဆော်တယ်။
မီးမီး နဲ့ နီလာသိန်းတို့က လမ်းပေါ်ထွက်ချီတက် တရားဟောပြီ။
မောင်ဌေးကြွယ်ကလဲ ခေါင်းဆောင်ပီသစွာ လမ်းပေါ်ထွက်ဘို့ စီစဉ်ခဲ့ပေမယ့် ကျနော် သူ့ ကို တားခဲ့တယ်။ခုချိန်မှာ လူထုကို ဦးဆောင်ဘို့ သူ့ အခန်းကဏ္ဏက အရေးကြီးတယ်။
အေးအေးထွန်စီစဉ်ထားတဲ့ hide out မှာ ဆက်သွယ်ရေးနဲ့ ရေ၊မီး၊စားနပ်ရိက္ခာက တလစာလောက်ရှိနေတော့ အဆင်ပြေမယ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါလာအောင် အခန်းအောင်းပြီး ပြည်တွင်း ရဲဘော်တွေ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး ဒီနေရာကနေ အလုပ်ထိုင်လုပ်မယ် လို့ ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာဘဲ ပြည်ပ နိုင်ငံတခုမှာရောက်နေတဲ့ စန္ဒာမင်း ( ယခု လွှတ်တော်ကိုယ်စားလှယ်)က ဖုန်းဆက်လာတယ်။သူ ချက်ခြင်းပြန်လာခဲ့မယ်တဲ့။ကျနော်တားတယ် ။မရဘူး။သူုတကယ် ချက်ခြင်းပြန်ဝင်လာတယ်။
ဖြစ်ချင်တော့ နှစ်ရက်လောက်နေပြီးညဘက်မှာ အေးအေးထွန်းကို လာဖမ်းသွားပြန်တယ်၊ကျနော်တို့က သူစီစဉ်ပေးထားတဲ့ hide out မှာဆိုတော့ ဒီနေရာက ခွာဘို့ ဆုံးဖြတ်လိုက်တယ်။

ဒီနေ့ မနက်မှ ပြန်ရောက်လာတဲ့ စန္ဒာမင်း က သူ့ ဆိုင်မှာ မုန့်ပို့တဲ့ ကားနဲ့ ကျနော်တို့ ကို လာကြိုပေးပြီး
ဒုတိယ အဆင့် hide out ဖြစ်တဲ့ သင်္ဃန်းကျွန်းက ( မောင်မောင်သိန်းခြံ)ကို ကျနော်နဲ့ မောင်ဌေးကြွယ်ရောက်သွားကြတယ်၊ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ(အောင်ဇော်နဲ့အဖွဲ့
ကျနော် တို့ စားရေးနေရေး တာဝန်ယူပေးတယ်၊လုံခြုံရေးအတွက်လဲခြံတွင်းခြံပြင် ၂၄ နာရီ တာဝန်ယူပေးကြတယ်။

အဲ့ဒီရက်တွေမှာဘဲ ဇော်ထက်ကိုကို၊မောင်မောင်ထွန်း တို့ စီစဉ်ပေးထားတဲ့ hide out တွေ ၀င်အစီးခံရပြီးချိတ်ပိတ်ခံလိုက်ရတယ်။မောင်မောင်သိန်း( ကပ္ပိယထိပ်ပြောင်)ခြံထဲမှာဆက်နေပြီး အောင်ဇော် နဲ့ AB ရဲဘော်ဟောင်းတွေ အဆက်အသွယ်နဲ့ အချင်းချင်းပြန်ပြီး ချိတ်ဆက်ကြတယ်။တဘက်မှာလဲ Generation Wave ဖြစ် လာမယ့် ကျော်ကျော်( လွှတ်တော်ကိုယ်စားလှယ်)၊မိုဃ်းသွေး၊၀င်းထွတ်၊ဘုတ်ဘုတ် တိုနဲ့ ချိတ်ဆက်ပြီး လမ်းပေါ်ထွက်ဘို့ စပြင်ဆင်တယ်၊ဗိုလ်တထောင်၊ဆူးလေနဲ့ ရွှေဂုံတိုင် ချီတက်ပွဲတွေကို ကျနော်တို့ လှမျိုးနောင်တို့ အောင်သူတို့အနီးကပ် စီစဉ်ပေးခဲ့တယ်လူထုကြားမှာ အဓိက ၀င်ရပ်ပြီး ဦးဆောင်မှူပေးခဲ့တဲ့ စန္ဒာမင်း က အဲ့ဒီညဘဲ အဖမ်းခံရပြန်တယ်။


နော်အုန်းလှနဲ့အဖွဲ့တွေ
ကိုထင်ကျော်
စုစုနွေး
မျိုးမင်းစိုး(ကရင်လေး)
တို့ လမ်းပေါ်ထွက် ချီတက် တရားဟောကြတယ်။
တင်ထူအောင်( ရခိုင်လေး)
ဥူးဇင်း နတ်ဇော တို့ နဲ့ ချိတ်ဆက်မှူတွေရတယ်။
အဲ့ဒီရက်တွေနောက်ပိုင်းမှာတော့ ဌေးကြွယ်၊အောင်သူ၊မီးမီး၊လှမျိုးနောင်နဲ့ ကျနော့် နံမည်တွေကို တီဗွီတွေမှာ အဆက်မပြတ်စာတမ်းထိုးပြီး
အလိုရှိကြောင်းကြေညာတယ်။
ပုံတွေကိုလဲ နေရာအနှံ့ကပ်လာတော့ ကျနော်တို့ လမ်းပေါ်ထွက်လှူပ်ရှားဘို့ ခက်လာတယ်။မောင်မောင်သိန်းခြံထဲကနေ မီဒီယာနဲ့ အဆက်မပြတ် လှူံ့ဆော်မှူတွေ လုပ်ခဲ့ကြတယ်၊
.........
ရွှေဝါရောင်မတိုင်မီနေ့ရက်များ
(၄ )

အဲ့ဒီရက်တွေနောက်ပိုင်းမှာတော့ ဌေးကြွယ်၊အောင်သူ၊မီးမီး၊လှမျိုးနောင်နဲ့ ကျနော့် နံမည်တွေကို တီဗွီတွေမှာ အဆက်မပြတ်စာတမ်းထိုးပြီး
အလိုရှိကြောင်းကြေညာတယ်။
ပုံတွေကိုလဲ နေရာအနှံ့ကပ်လာတော့ ကျနော်တို့ လမ်းပေါ်ထွက်လှူပ်ရှားဘို့ ခက်လာတယ်။မောင်မောင်သိန်းခြံထဲကနေ မီဒီယာနဲ့ အဆက်မပြတ် လှူံ့ဆော်မှူတွေ လုပ်ခဲ့ကြတယ်၊
တရက်မှာ ကိုသိန်းဆွေ( ယခု လွှတ်တော်ကိုယ်စားလှယ်)က ဖုန်းဆက်ပြီး
အေးအေးထွန်း ပြန်လွတ်လာကြောင်း ဆက်သွယ်လာတယ်၊ကိုသိန်းဆွေအကူအညီ အများကြီးယူရတယ်၊သူကလဲ အဖမ်းခံရမယ်ဆိုတာ သိရက်နဲ့ အချိန်ပြည့် ကူညီတယ်၊အေးအေးထွန်းကလဲ ကျနော်တို့ ဆီ ရောက်လာပြီး ပူးပေါင်းတယ်။တပြိုင်ထဲမှာဘဲ နီလာသိန်းရယ် သူရဲ့ မွေးကင်းစ ခလေးလေးရယ် ကို , ကိုသန်းတင် ( ကြီးသန်း) အစီအစဉ်နဲ့ တောင်ဥက္ကလာက ကျော်ဌေးဦး (LA) ရဲ့ အိမ်မှာ ဖွက်ပေးထားတယ်၊တင်မိုးလွင် (US)လဲပါတယ်။ မီးမီးက စမ်းချောင် ဗဟိုလမ်းက ၈ လွှာ တိုက်ခန်းတခုမှာ( ကျော်ဆန်း၊SE ကိုစိန်လှိုင်၊ဆန်နီ တို့ စီစဉ်ပေးထားတဲ့နေရာဖြစ်မယ်-မမှတ်မိ) မှာ ရောက်နေတယ်။အဲ့ဒီရက်တွေမှာ ရန်ကုန်နေရာအနှံ့  လမ်းတွေပိတ်၊ ကားတွေမှာရှာ၊စမ်းချောင်းဆိုရင် တအိမ်တက်ဆင်း လိုက်ရှာတဲ့ အထိ အခြေအနေ အရမ်းဆိုးတယ်။ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တွေကအဆိုးဆုံးဘဲ။နောက်ပိုင်းကျတော့ ကျနော်တို့ ကိုင်ထားတဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ခံလိုက်ရပြီး အဆက်အသွယ် ပြတ်တောက်သွားတယ်၊အံတီစန်း၊အံတီစု၊သက်သက်အောင်၊ကိုချစ် ၊သော်ဇင်ထွန်းနဲ့ စိုးစန္ဒာ ၊စမ်းချောင်းကိုကိုကြီး၊ဇော်နန္ဒ၀င်း တို့က ထောက်/ပို့ တာဝန်ကျေကြတယ်။ဖုန်းကဒ်အသစ်တွေ ချက်ခြင်းစီစဉ်ပေးတယ်၊ပြည်ပက ညီညီအောင်၊အောင်ဒင်၊ခင်ဥမ္မာ၊စိုးဝင်းသန်း( မင်းခက် BBC) နဲ့ အောင်နိုင် -ဗကသ(သန်းလွင်ထွန်းVOA )ကိုမိုးအေး-မဆွေ (နော်ဝေ:)မိုးမောင်မောင်-မပူစူး ၊ကိုမူးသား၊ကိုကိုလေး၊ကိုရင်အေး-မနီလာ ၊ဇော်မင်း-မိမာ၊ဇော်ဇော်တို့ အပါအ၀င် ပြည်ပရောက် ရဲဘော်တွေကလဲ ဝိုင်းရံ ပံ့ပိုးပေးကြတယ်။လူဖမ်းပွဲတွေကို ကြံ့ဖွတ်၊စအဖ၊ပြည်ထဲရေး ၊စစ်တပ်တွေက တောင်ဥက္ကလာမှာ ပိုက်စိတ်တိုက်လုပ်လာကြတော့ တင်မိုးလွင်၊နီလာသိန်းနဲ့ သူ့ ရင်ခွင်ပိုက် ခလေးလေး ထွက်ပြေးရတယ်၊ အောင်ဇော် ဦးဆောင်တဲ့ AB ရဲဘော်ဟောင်းတွေ အကူအညီနဲ့ နီလာသိန်းတို့ကိုကျနော်တို့ hideout နေရာကို ခေါ်လိုက်တယ်။
မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ညနက်ထဲမှာ မွေးကင်းစ ခလေး နဲ့ သူတို့ကို သင်္ဃန်းကျွန်းဆေးရုံရှေ့မှာချိတ်ဆက်ပြီးသွားခေါ်ရတယ်။အောင်ဇော် နဲ့ AB ရဲဘော်ဟောင်းတွေကလဲအပြည့်အ၀ ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ ကူညီခဲ့ကြ။
အခက်အခဲ အကြပ်အတည်းကြားမှာ မောင်နှတွေ ပြန်တွေ့ရတော့ ပျော်လိုက်ကြတာ ဘယ်တော့မှမမေ့ဘူး။အခန်းကျဉ်းလေးထဲမှာ မီးမှောင်ချပြီး နေ့ရောညရော မနားတမ်း ကျနော်တို့ ချိတ်ဆက်လှူံဆော်မှူတွေ လုပ်ကြတယ်။
......
ရွှေဝါရောင်မတိုင်မီနေ့ရက်များ
( ၅)

အခက်အခဲ အကြပ်အတည်းကြားမှာ မောင်နှတွေ ပြန်တွေ့ရတော့ ပျော်လိုက်ကြတာ ဘယ်တော့မှမမေ့ဘူး။အခန်းကျဉ်းလေးထဲမှာ မီးမှောင်ချပြီး နေ့ရောညရော မနားတမ်း ကျနော်တို့ ချိတ်ဆက်လှူံဆော်မှူတွေ လုပ်ကြတယ်။

၈၈ မျိုးဆက် အနေနဲ့ Road map ကို လက်ခံရင် တိုင်ပြည်ပိုနာမယ် ပိုကြာမယ်ဆိုတာ အားလုံးလက်ခံတဲ့ မူ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေ ကို လက်မလွှတ်ဘူး၊ ၉၀ ရလာဒ်ကို အခြေပြုပြီး အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းကို ဦးတည်နေကြတယ်၊ကေကျူ့ NLD ကတဆင့် တင်ထားတဲ့ ၂၀၀ရပြည်ထောင်စုနေ အဆို တခုရှိတယ်။NLD ၀န်းရံရေး၊ဒေါ်စုလွတ်မြောက်ရေး၊ငြိမ်းချမ်းရေး၊တွေ့ဆုံဆွေးနွေးရေး အတွက် ကျနော်တို့ အပြင်းအထန်ကြိုးစားခဲ့ကြတယ်။မြေပေါ်နိုင်ငံရေးကို ပြည်သူနဲ့ မကင်းကွာစေဘဲ ပြည်သူ့ ကြားမှာ လမ်းတွေပေါ်မှာ မားမားမတ်မတ် ရပ်တည် လှူပ်ရှားခဲ့တယ်၊ အကြောက်တရားတွေကို ခွာချတယ်၊ပွင့်လင်းတဲ့ နိုင်ငံရေးလှူပ်ရှားမှူကို အုတ်မြစ်စချတယ်။စစ် အစိုးရဘက်ကတော့ Road Map ကို ကျနော် တို့ ပါဝင်မလာရင်တောင်မနှောက်ယှက်ဘို့ containment လုပ်ထားချင်တဲ့ သဘောတွေ ပြတယ်။၈၈ မျိုးဆက် ခေါင်းဆောင်တွေ ရဲ့ အကြိမ်ကြိမ် Brain storming လုပ်ပြီး ထွက်လာတဲ့ အဖြေက ဒေါ်စု ပါဝင်တဲ့ NLD ၊တိုင်းရင်းသား၊စစ်တပ်၊နိုင်ငံရေးလှူပ်ရှားသူများ နဲ့ ပညာရှင်တွေ အားလုံးပါဝင်တဲ့ All include အနေအထားမှာ ပွင့်လင်းစွာ ပူးပေါင်း အဖြေရှာရေးဘဲ။တဘက်သတ် လုပ်ထားတဲ့ အမျိုးသားညီလာခံ နဲ့ တဘက်သတ်ရေးနေတဲ့ ဘောင်းဘီဝတ်ဖွဲ့စည်းပုံမဟုတ်၊
စစ်အာဏာရှင်နဲ့အတူအာဏာခွဲဝေယူရေး ( power sharing) မဟုတ်။ ဒါကို မူအဖြစ် လက်ခံခဲ့တယ်၊
တဘက်မှာလဲ လူထုကြား ပွင့်လင်းတဲ့ နိုင်ငံရေး အခြေခံကို ပြန်ပြီးတည်ဆောက်ယူနေရတယ်၊ပွင့်လင်းတဲ့ ပြောဆိုမှူတွေနဲ့ ပြည်သူတွေလဲ ပြောရဲဆိုရဲ၊လက်ခုပ်တီး အားပေးရဲတဲ့ စိတ်ဓါတ်တွေ ပြန်တည်ဆောက်ရတယ်၊လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တွေ မွေးထုတ်ပေးဘို့ ပညာရေး အစီအစဉ်တွေ၊ပြည်ပ ပညာသင်ကြားရေးအစီအစဉ်တွေ ဆက်တိုက်လုပ်ကြတယ်၊American center နဲ့ British council တွေမှာ နိုင်ကျဉ်းဟောင်းတွေ ပညာသင်ကြားနိုင်ဘို့ စီစဉ်ခဲ့ကြတယ်၊( ကိုမျိုမြင့်ငြိမ်း၊ မသီတာ စမ်းချောင်း တို့ဆီက အကူအညီ အများကြီးရတယ်၊ vickey ( အင်္ဂလန်နိုင်ငံ သံအမတ်ကြီး- ယခု ကိုထိန်လင်း/ ပန်းချီ ရဲ့ မဟေသီ) ထံမှလည်း အကူအညီ အများကြီးရခဲ့ပါတယ်။ US center မှာ ဆွေးနွေးပွဲတွေ / သင်တန်းတွေ ဆက်တိုက်ဆိုသလိုလုပ်ပြီး မျိုးဆက်သစ်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တယ်။ အဲ့ဒီအချိန်ကသံရုံးဝန်ထမ်း အံတီစမ်းရဲ့ အားပေးကူညီမှူတွေလဲ အမှတ်တရပါ။
ခေါင်းဆောင်သူအားလုံးဟာ ထောင်ထဲမှာ ဆယ်စုနှစ်မကနေခဲ့ကြရပေမယ့် နိုင်ငံရေးအဆက်မပြတ်ခဲ့ကြဘူး။အတွေးအခေါ်နဲ့ အယူအဆတွေမှာ ရင်ဘတ်ချင်းနီးကပ်ကြတယ်။ခေါင်းချင်တိုက်ပြီး အကြိမ်ကြိမ် ဆွေးနွေးကြတယ်။ငြင်းခုန်တယ်၊သုံးသပ်တယ်။
အခြေအနေက ဒါးသွားပေါ် လမ်းလျှောက်နေရသလိုမျိုးမို့
Pressure and compromise အရသွားရမယ်ဆိုတာ အားလုံးသိတယ် ပြင်ဆင်တယ်၊လိုအပ်ရင် တဗိုလ်ကျ တဗိုလ်တက် လမ်းပေါ်ထွက်ရဘို့ အဆင့်ဆင့် ပြင်ဆင်ထားကြတယ်။
.........
ရွှေဝါရောင်မတိုင်မီနေ့ရက်များ
( ၆ )

Pressure and compromise အရသွားရမယ်ဆိုတာ အားလုံးသိတယ် ပြင်ဆင်တယ်၊လိုအပ်ရင် တဗိုလ်ကျ တဗိုလ်တက် လမ်းပေါ်ထွက်ရဘို့ အဆင့်ဆင့် ပြင်ဆင်ထားကြတယ်။
ခရီးစဉ်တွေစနစ်တကျရေးဆွဲပြီး ချိတ်ဆက်စည်းရုံးမှူတွေလုပ်တယ်၊နိုင်ကျဉ်းမိသားစုအိမ်တွေကိုသွားတွေ့တယ်၊ကျနော်တို့ အချင်းချင်း နောက်ပြောင်ပြောတဲ့ စကားအရဆိုရင် နိုင်ငံရေးလိုက်စားကြတယ်ပေါ့၊၅ ယောက်ထက်ပိုပြီး လူမစုရ အမိန့်အောက်မှာ သာရေးနာရေး အကြောင်းပြပြီး လူထုကြားစနစ်တကျ ထိုးဖေါက်ခဲ့ကြတယ်။ဒါပေမယ့် စစ်အာဏာရှင်တွေဘက်ကလဲ ပထမ အကြိမ် ခေါင်းဆောင်တွေ ( မင်းကိုနိုင်၊ကေကျူ့၊မောင်ဌေးကြွယ်၊ နိုင်ဇေယျနဲ့ ပြုံးချို တို့အဖမ်းခံရချိန်မှာ တဗိုလ်ကျတဗိုလ်တက် မျိုးဆက် လှူပ်ရှားမှူ campaign တွေ အဆက်မပြတ်လုပ်နိုင်ခဲ့တာကို သိထားတော့ ဒီတကြိမ်မှာကျူပင်ခုတ်ကျူငုတ်မကျန်ရှင်းတယ်။တက်ကြွလှူပ်ရှားသူတွေရဲ့မိသာစုတွေတင်မက ဆွေမျိုးအိမ်တွေကို တအိမ်တက်ဆင်းရှာဖွေပြီး ဒုက္ခမျိုးစုံပေးတယ်။
အခြေအနေအရ
ကျနော်တို့ နားခိုရာ hideout လေးက စည်ကားလာတယ်။ဂျင်မီ နီလာသိန်းတို့ရဲ့ရင်ခွင်ပိုက် နီတာရဲလေးရဲ့ ငိုသံက ကျနော်တို့ ကို ပိုပြီး သက်ဝင် စေခဲ့တယ်။ညီမ နီလာ အရမ်းပင်ပန်းတယ်၊ခင်ပွန်းသည် ဂျင်မီအဖမ်းခံနေရပြီမီးဖွားခါစ မိခင်တာဝန်ရယ် တိုင်းပြည် တာဝန်ရယ် ဒါပေမယ့် အကိုတွေ နှမတွေကြား အသက်ရှူမ၀တဲ့ အခန်းကျဉ်းလေးထဲ သူ့မျက်နှာပေါ် အပြုံးတွေ ဝေဆာလို့။သမီးလေးကို နို့တိုက်မပျက် မီဒီယာပေါ်ကနေ တရားဟောမပျက် အမှတ်တရ နဲ့ ဂုဏ်ယူလေးစားပါတယ်ညီမငယ်နီလာရေ။
.....................
ရွှေဝါရောင်မတိုင်မီနေ့ရက်များ
( ၇ )

ဒီလိုနဲ့ သင်္ဃန်းကျွန်းခြံထဲကနေ မောင်နှမ တစု ပုန်းအောင်းနေ့/ညအဆက်မပြတ် အလုပ်တွေ လုပ်နေကြရင်း တရက်တော့ ပြည်ထဲရေးက SB နှစ်ယောက် အရပ်ဝတ်နဲ့ ၀င်လာပြီး မောင်မောင်သိန်း (ကပ္ပိယ ထိပ်ပြောင်)ကို လာမေးတယ်။ကျနော်တို့ ပုန်းခိုနေတဲ့ နေရာကို လဲ အောက်ထပ်ကနေ လာပြီး ပြတင်းပေါက်က ချောင်းကြည့်ကြတယ်။တချိန်လုံး ငြိမ်သက်နေတတ်တဲ့ white လေးက အဲ့ဒီ အချိန်ကျ မှ ထငိုပါလေရော။ကျနော်တို့လဲ စာရွက်စာတမ်းတွေ ဖျက်စီး၊ လိုအပ်လာရင် ဖုန်းကဒ်တွေပါ ဖျက်စီးဘို့ အသင့်ပြင်ထားကြတယ်။ညနေကျတော့ ခြံကို ပိတ်ပြီး ဆိုင်ကယ်တွေနဲ့ စောင့်ကြည့်လာကြတယ်။
ညဘက်မှာ ၀င်ဖမ်းတော့မှာ သေချာ နေပြီလို့ကျနော်တို့ အလိုလိုသိနေကြတယ်။
မောင်နှမတွေ ခေါင်းချင်ဆိုင်ပြီးလက်တလော အနေအထားကို ဆွေးနွေးကြတယ် ။ hideout တွေ အားလုံး ချိတ်ပိတ်ခံထားရပြီး၊ သွားရေး လာရေးအရမ်းခက် လာတယ်။စိုးရိမ်တာက မွေးခါစ ခလေးလေးအတွက် နောက်ဆုံးတော့ Whity လေးကို ခေါ်ထုတ်သွားဘို့ နီလာသိန်းက လက်ခံ ဆုံးဖြတ်လိုက်တယ်။ သော်ဇင်ထွန်း နဲ့ စိုးစန္ဒာ တို့ ရောက်လာပြီး ကလေး ကို ခေါ်ထုတ်သွားတယ်။နီလာသိန်းရဲ့ မိခင်တယောက်နေရာကခံစားငိုကြွေးမှူကို ကျနော်တို့ ရင်ကျိုးအောင်ခံစားပေးနိုင်ခဲ့ကြ။
ခဏနေတော့ နီလာနဲ့ တင်မိုးလွင်တို့က အလုပ်သမားတွေလိုရုပ်ဖျက်ပြီးခြံထဲက နေ AB ရဲဘော်ဟောင်းတွေ အကူ အညီနဲ့ ထွက်သွားကြတယ်။သူတို့ နဲ့ လူချင်း ပြန်မတွေရတော့တာ ဒီနေ့ထိဘဲလေ။ နောက်တော့ အေးအေးထွန်း (စမ်းချောင်း)ကလဲ ရုပ်ဖျက်ပြီးခြံထဲက ထွက်သွားတယ်။ဇော်မျိုးအောင် နဲ့ချိတ်ဆက်ပြီးကျနော်တို့ကို လာကြိုပေမယ့် ခြံထဲ အ၀င်အထွက်ကို SB က လုံးဝ ပိတ်ထားလိုက်တော့ သူတို့ပြန်လှည့်သွားရတယ်။
မောင်ဌေးကြွယ်နဲ့ ကျနော်လဲ မိုးမချုပ်ခင်ခြံထဲက ခွာဘို့ဆုံးဖြတ်ပြီး ၈ပေလောက် အမြင့်ရှိတဲ့အုတ်နံရံကျော်တက် နောက်ဘက်က ခြုံတွေထဲ ခုန်ဆင်းပြီး မိုးဖွဲဖွဲအောက်မှာ ရုပ်ဖျက်ထွက်လာခဲ့ကြတယ်။"ကံကောင်းတာက မိုးရွာနေတော့ ခြံကိုပတ်ပတ်လည်စာင့်ကြည့်နေတဲ့ ကြံ့ဖွတ် နဲ့ စွမ်းအားရှင် ဆိုတဲ့ လူမိုက်တွေ လဘက်ရည်ဆိုင်လို အမိုးအကာတွေ အောက် ရောက်နေကြလို့ဘဲ"ဆိုတာ ကျနော်တို့ ကို လုံခြုံရေး ကူညီနေတဲ့ AB ရဲဘော်တွေ ပြန်ပြောပြလို့ သိရတယ်။
............
ရွှေဝါရောင်မတိုင်မီနေ့ရက်များ
( ၈ )

သင်္ဃန်းကျွန်း ခြံကနေလူစုခွဲထွက်လာကြပြီး
AB ရဲဘော်ဟောင်းတယောက် က ငှားပေးထားတဲ့ တက္ကစီ နဲ့ ကျနော် ရယ် မောင်ဌေးကြွယ်ရယ် ဇော်မျိုးအောင် အိမ်နားကို ရောက်လာကြတယ်။
ဇော်မျိုးအောင်အိမ်ကိုရောက်တော့ ဟန်နီမ အသင့်ပြင်ပေးထားတဲ့ထမင်းစား၊ရေမိုးချိုးပြီး အခြေအနေကို ဆက်ဆွေးနွေးကြတယ်။
နီလာသိန်းတို့ ၂ယောက် ကို ပြန်ခေါ်ဘို့ ကြိုးစားပေမယ့် အဆက်အသွယ် လုပ်လို့ မရတော့ဘူး။နောက်ထပ် အပိုရှိတဲ့ ဖုန်းကဒ်တွေလဲ ထပ်ပြီး အပိတ်ခံလိုက်ရတယ်။ဇော်မျိုးအောင် ဖုန်းနဲ့ဘဲ အားလုံးရနိုင်သမျှ ပြန်ချိတ်ဆက်ရတယ်။
အောင်သူ hideout ကလဲ အခြေအနေမကောင်းတော့ဘူးဆိုတာသိရတယ်။အဲ့ဒီညနေမှာဘဲ နီလာသိန်း၊တင်မိုးလွင်တို့နဲ့ လမ်းခွဲပြီး အဆက်ပြတ်သွားတယ်။အေးအေးထွန်း က နီလာ့ကို မေးပြီး ငိုနေပြီ ကျနော်တို့ စိတ်ပူလာတယ်၊ ဖုန်းတွေကလဲဆက်မရ၊ဇော်မျိုးအောင် ဖုန်းနဲ့ ဘဲ အဲ့ဒီညနေမှာမီးမီး ကို ဆက်လို့ရသွားတယ်။
"အတူခိုနေတဲ့သူတွေ အားလုံး ပါသွားပြီ"
" သမီးက အခု ၈ ထပ်တိုက်ရဲ့ အမိုးပေါ်မှာ ပုန်းနေတယ်"
မိုရွာထဲမှာ(နိုင်ကျဉ်းအေးသန်းအိမ်ဖြစ်မယ်ထင်တယ် မမှတ်မိတော့)
ဒါနဲ့ဘဲ ညတွင်းချင်း မီးမီး ကို ဇော်မျိုးအောင်က သူ့ကားနဲ့ သွားကြိုပေးနိုင်ခဲ့တယ်။ရေတွေစိုရွှဲနေတဲ့
မီးမီးက "မိုးရွာထဲမှာ ၈ ထပ်တိုက်ခေါင်မိုးတခုပေါ်မှာ ရောက်နေခဲ့တယ်"လို့ ပြန်ဆုံချိန်မှာ ရီရီမောမော ပြောပြတော့ကျနော်တို့အားလုံး မျက်ရည်တွေ ကိုယ်စီနဲ့ ရယ်မော လိုက်ကြပေါ့။
( အခုတော့ ညီမလေးရေ ကြေကွဲဆို့နင့်ရပေါ့)
ဇော်မျိုးအောင်နဲ့ ဟန်နီတို့က သူတို့ ဆောက်လုပ်ရေး ဆိုဒ် တခုထဲမှာ လျို့ဝှက် အခန်းလေးကြိုတင်စီစဉ်ပေးထားတယ်လို့ သိရတယ်။
မောင်ဌေးကြွယ် သဘောထားက ဇော်မျိုးအောင်ကို မထိစေချင်ဘူး၊ အထူးသဖြင့် နောက်ချန်ထားရမယ့် ခံစစ်လိုတယ်လို့ သုံးသပ်ပြီး
" ဇော်မျိုးအောင် နေရာကို နောက်ဆုံး အခြေအနေမှသုံးမယ်၊ တခြားနေရာကိုရွှေ့မယ် "ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ကလေး ၂ ယောက်ကိုထိန်းရင်း ဟန်နီမလဲမျက်ရည်အဝိုင်းသားနဲ့ကျန်နေရစ်ခဲ့ပေါ့။
အဲ့ဒီညက မိုးသဲသဲရွာနေခဲ့တာ ကျနော်တို့ ကံကောင်းနေတုန်းဘဲ၊
မီးမီး၊အေးအေးထွန်း ( စမ်းချောင်း)နဲ့ မောင်ဌေးကြွယ် ကျနော်တို့ အတားအဆီးတွေ ရှောင်ကွင်းပြီး ဇော်မင်းခိုင် စီစဉ်ပေးတဲ့ (တတိယ အဆင့် ) ရန်ကင်း တိုက်ခန်းကို မိုးထဲရေထဲ ရောက်သွားကြတယ်။
ဖြစ်ချင်တော့ အောက်ထပ်ခန်းက ရပ်ထားတဲ့ ကားတွေ အားလုံး စတစ်ကာ အမဲတွေ မှန်မှာ ကပ်ထားတာသတိထားမိကြတယ်။ရွေးချယ်စရာမရှိ၊အပေါ် အခန်းထဲရောက်တော့ အခန်းက အသစ် အဲယားကွန်း နဲ့ ဒါပေမယ့် မီး၊ရေ မလာ( နောက်မှပြန်သိရတာ လူမနေတဲ့ အခန်းတွေကို ရေ၊မီးဖြတ်ထားဘို့ ညွှန်ကြားထားတယ်တဲ့)။ဇော်မင်းခိုင်က အပြင်ကနေ တခုထဲသော အ၀င်အထွက်တံခါး ကို သော့ခတ် ထွက်သွားပြီး ကျနော်တို့ ကို ထားခဲ့တယ်၊မီးမရှိရေမရှိ အ၀တ်တထည် ကိုယ်တခုစီနဲ့တယောက်မျက်နှာ တယောက်ကြည့်ပြီး မီးမီးရယ်၊အေးအေးထွန်းရယ်၊မောင်ဌေးကြွယ်ရယ်ကျနော်တို့ အားရပါးရ ရယ်မောရင်း အိပ်လိုက်ကြတယ်။တရေးနိုးတော့ မီးမီး က ရေဆာတယ်ပြောတယ်၊ရေချိုးခန်းထဲက အုတ်ကန်လေးတခုထဲမှာ နှစ်ချို့နေလောက်ပြီဖြစ်တဲ့ ရေလက်ကျန်လေးကို မောင်နှမ ၄ ယောက် အားရပါးရ သောက်ခဲ့ကြတယ်။

................

ရွှေဝါရောင်မတိုင်မီနေ့ရက်များ
( ၉ )


မနေ့ညက အတားအစီးတွေ အဆင့်ဆင့် ကို ဖြတ်ကျော်ပြီးဇော်မျိုးအောင် ၊ဇော်မင်းခိုင် တို့အကူအညီ နဲ့ ရန်ကင်း တိုက်ခန်း တခန်းကို ကျနော်တို့၎ ယောက် မိုးရေထဲအမှောင်မှာရောက်ခဲ့ကြတယ်။
(အဲ့ဒီတိုက်ခန်းဟာမောင်ဌေးကြွယ်ညီမ မိမိကြွယ် ပိုင်ဆိုင်သည်ဟုဇော်မင်းခိုင် ထံမှ ပြန်သိရ။)
တညလုံး အ၀တ်တထည် ကိုယ်တခုစီနှင့် ကောင်းကောင်းအိပ်မပျော်ကြ။
ဖုန်းတွေလည်းကဆက်မရတော့။အပိတ်ခံထားရပြီ။
ခင်ဥမ္မာစီစဉ်ပေးထားသော International roaming ဖုန်းတလုံးဘဲ အလုပ်လုပ်တော့သည်။
ပြီးတော့ အခန်းက လျှာထိုးကြမ်း အသစ်တွေခင်းထားပေမယ့် လူမနေတာကြာလို့ထင်သည် ခြေလှမ်းတိုင်း အသံက မြည်နေသည်။
တခါတခါ အောက်ထပ်က စကားကျယ်ကျယ်ပြောလျှင် တောင် သဲ့သဲ့ ကြားနေရသည်။လျှပ်စစ်မီးမရှိ၊ရေမလာ၊စားစရာဆို လို့ ဘာမှမရှိ၊
ဖုန်းဘက်ထရီ အားသွင်းမရ
အရေးကြီးသည့် အကြောင်းမှအပဖုန်းကို ပိတ်ထားလိုက်ရသည်။
မီဒီယာတွေမှ လှူံ့ဆော်မှူ ကို အဆက်မပြတ်စေရန် တနေ့ သုံးကြိမ် အသုံးပြုကြမည်ဟု ဆုံးဖြတ်ထားကြသည်။
နေ့ခင်း အထိ ဇော်မင်းခိုင်က ပေါ်မလာသေး။ ရေချိုးခန်းအုတ်ကန်ထဲမှရေကို ညမှောင်ထဲအားရပါးရသောက်ခဲ့ကြပေမယ့် မနက် မိုးလင်း အလင်းရောင်ဝင်လာတော့ တွေ့သည်နှင့် မသောက်ချင်ကြတော့။
ဇော်မင်းခိုင်ကို ဖုန်းဆက်ပြောရတော့သည်။
ခြေသံကြားတိုင်း တခါး မှာ တပ်ထားသော ချောင်းကြည့်ပေါက်ကလေးကို မီးမီး နှင့် အေးအေးထွန်းက ပြေးကြည့်ကြရတာလဲအမော။
နေမချို့ခင် ဇော်မင်းခိုင်တယောက် ရေသန့်ဘူးအကြီးတလုံးကို ပခုံးပေါ်ထမ်းပြီး ချွေးသံရဲရဲ ဖြင့် ရောက်လာသည်။
လက်ထဲမှာ ဒါန်ပေါက်ထုပ်တွေနှင့် မျက်နှာသစ်ပြီး ကျနော်တို့ အလုအယက် ဒါန်ပေါက်ကို စားကြသည်။လက်ဆေးကြသည်။အိမ်သာတက်နိုင်ကြသည်။
မျက်ရည် အဝိုင်းသားနှင့်ထိုင်ကြည့်နေသော ဇော်မင်းခိုင်မျက်နှာပေါ်မှာ ချွေးစက်တွေက မပျယ်သေး။
ကျနော် သူ့ကိုအရမ်း အားနာသွားသည်၊ သူ့မှာ ကားမရှိ ဒီရေသန့်ဘူးအလေးကြီးကိုထမ်းပြီး လက်တဘက်က ဒန်ပေါက်ထုပ်တွေဆွဲလာရတာ သက်သာမည်မထင်။
ရေကို ချွေတာသုံးဘို့ ပြောတော့မှ အားလုံးသတိရပြီး ဇော်မင်းခိုင်ကိုတောင်းပန်ကြသည်။
ဇော်မင်းခိုင်က မျက်ရည်ကြားက အပြုံးတွေဖြင့် " နင်တို့စားစရာရှိတာစား ရေကိုလဲ စိတ်ကြ်ုက်သုံးပါ၊လိုသလောက် ငါထမ်းတင်ပေမယ်"
“ဟို ၂ကောင်က အရေးမကြီးဘူး၊နင်တို့ မိန်းခလေးတွေ အတွက် ရေက အရေးကြီးတယ် ၊ ရေချိုးခြင်လဲ ချိုးကြ ငါ လ်ုသလောက် ထမ်းတင်ပေးမယ်"
ဆိုပြီးဒဲ့ဒိုး ပြောတော့
ကျနော်တို့ အားရပါးရ ရယ်မောလိုက်ကြတာ အသံကျယ်သွားလို့ တယောက်နဲ့တယောက် မနဲထိန်းယူကြရသည်။
၈ လေးလုံး မတိုင်ခင်ကျောင်းသားUG ဘ၀ ကစလို့ လက်တွဲလာခဲ့ကြသော မောင်နှတွေ အပေါ် ထားသည့် ဇော်မင်းခိုင် ၏ ရဲဘော်ရဲဘက်စိတ်ဓါတ်က တသက်မမေ့နိုင်စရာ။

No comments:

Post a Comment