Latest News

Saturday, August 18, 2018

ရွှေဝါရောင်မတိုင်မီနေ့ရက်များ ( ၁၀)(၁၁)


ဇော်မင်းခိုင်သယ်လာပေးတဲ့ ရေနဲ့ ဒန်ပေါက်ထုပ်တွေစားသောက်ပြီးတော့၊အပြင်ဘက်က တကယ့် အခြေအနေတွေ၊လက်လှမ်းမှီသမျှ အတွင်းစည်းထဲက ရဲဘော် တွေရဲ့ အနေအထားတွေကို
ဇော်မင်းခိုင် ပြောသမျှ ကျနော်တို့ နားထောင်းပြီ၊အပြန်အလှန်ဆွေးနွေးကြသည်။

ရှေ့ဆက်သွားရမယ့် အနေအထားက ပိုပြီးခက်ခက်ခဲခဲ ရင်ဆိုင်ရတော့မယ်ဆိုတာ ကျနော်တို့ သိနေကြပြီ။
တပြိုင်နက်ထဲမှာ တခြားလွတ်မြောက်နေစဲဖြစ်တဲ့ hideout တွေကို ချိတ်ဆက်ကြည့်တော့ ကျန်းမာရေးမကောင်းတဲ့လှမျိုးနောင်၊အောင်သူ တံတားနီ တို့ မီဒီယာ ချိတ်ဆက်လှူံဆော်မှူ အဆက်မပြတ်ဟန်ချက်ညီ
လုပ်ဆောင်ပေးနေရင်းတနေရာပြီးတနေရာရွေ့နေရ၊သူတို့ လုံခြုံရေးကလဲ ယိုင်နဲ့လာနေပြီ။

နောက်hideout တနေရာဖြစ်တဲ့မဉ္ဇူလမ်းသွယ်က ခြံလေးတခြံ ( အံတီစမ်း နှင့် အံတီစုတို့ ညီအမ စီစဉ်ပေးထာ:သောနေရာ)မှာတော့ ကိုချစ် (ချစ်ကိုလင်း )စည်သူမောင်၊ဒီငြိမ်းလင်း၊နိုနိုး၊မိသက်၊သီရိသက်ဝေဦး၊
သဉ္ဇာခိုင် အပါအ၀င် အံတီစမ်း ၊အံတီစု၊အ၀တ်တထည်ကိုယ်တခုစီနှင့်မိုးအေးအေး ဒဏ်ကိုချို့တဲ့စွာ
အံတုရင်ဆိုင်ရင်း နာမကျန်ဖြစ်နေကြတာသိရသည်။

Generation wave ဖြစ်လာမည့်ဇေယျာသော်၊မိုဃ်းသွေး၊၀င်းထွတ်၊ဘုတ်ဘုတ် တို့ မျိုးဆက်လှိုင်းတွေလဲ လျို့ဝှက် တွေ့ဆုံ ကြရင်းလှူပ်ရှားမှူတွေအတွက်ပြင်ဆင်နေကြလေပြီ။

တခြား ချိတ်ဆက်မိသော အစုအဖွဲ့များရှိသလို၊ကျနော်တို့ နှင့် ချိတ်ဆက်မမိသော်လည်း အသင့်ပြင်ဆင်ထားသော အစုအဖွဲ့များလည်း timing စောင့်ရင်းအသင့်ရှိနေကြမှာသေချာသည်။

မိုးကျော်၊ကလျာ တို့ ပြည်တွင်းမီဒီယာအုပ်စုတွေလဲ ဟန်ချက်ညီပါဝင်လာနိုင်အောင်ပြင်ဆင်ထားကြသည်ဟုသိရသည်။
ကျနော်တို့ အချိန်ဆွဲနေလို့မရတော့ပြီ၊

ရာသီဥတုကောင်းသည်နှင့်လမ်းပေါ်ထွက်ပြီးလူထု ကို လှူံ့ဆော်ရန် နှင့်  ကျောင်းသား၊သံဃာ၊၀န်ထမ်း အလုပ်သမားများပါဝင်နိုင်သောအထွေထွေ သပိတ်ထိ တစုတစည်း အကောင်အထည်ဖေါ်ကြရန် တိုင်ပင်
ဆုံးဖြတ်ခဲ့ကြသည်။

တဘက်မှာလဲ ဦးဆောင်မှူကျိုးမသွားစေရန် နောက်ဆုံးအဆင့်အနေအထားအရ အခြေအနေပေးသည်နှင့် ရန်ကုန်မြို့ကို စွန့်ခွာပြီး လုံခြုံသည့် နေရာများသို့ထွက်ခွာရန်နှင့်လိုအပ်ပါက နယ်စပ်အထိ လမ်းကြောင်းဖွင့်ထားရန် စီစဉ်ခဲ့ကြသည်။
အောင်မျိုးတင့်
.......
မမီးမီးကို ခေါ်ထုတ်ခဲ့ပုံ(ဇော်မင်းခိုင်( ဂျာကြီး)
.......................
 ဌေးကြွယ်တို့ရန်ကင်းတိုက်ခန်းဖွက်ထားခဲ့ပြီး မီးမီးကိုစမ်းချောင်းမှ ခေါ်ထုတ်ပေးဖို့တာဝန်ကျွန်တော်အပေါ်ကျလာခဲ့သည်။ ထိုနေ့ည ကိုးနာရီခန့်ကမည်မထင် စမ်းချောင်း ဂွဈေးရှေ့ စတိုးဆိုင်တစ်ခုအနီး မီးမီးကိုသွားစောင့် ကြိုရမည်။ ကျွန်တော်မှာ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် အတော်ကင်းကွာခဲ့၍ မီးမီးကို လူသာကြားဖူးပြီး မမြင်ဘူး။ မီးမီးကလည်း ကျွန့်ုပ်ကိုမသိ။ ခက်သည်။ အဲ့တော့ မီးမီးကို ထိုစတိုးဆိုင်ရှေ့ မိုးကာအညိုဝတ်ထားသောသူ လာကြိုမည်ဟု ဌေးကြွယ်မှ အကြောင်းကြားထားသည်။ ထိုနေ့ကမိုးတွေရွာနေသောကြောင့် မိုးကာဝတ်ထားသည်။ ဖြစ်ချင်တော့ စတိုးဆိုင်ရှေ့ရောက် မိုးကတိတ်သွားသည်။ အတော်ကြာသည်ထိ မီးမီးဆိုသည်မှာ ပေါ်မလာသေး။ ကြာတော့ အိုက်စပ်စပ်ဖြစ်လာသည်။ ထို့ကြောင့် မိုးကာကို ချွတ်၍ ပုခုံးပေါ်တင်ထားလိုက်သည်။ ခနနေ မီးမီးဆိုသူ ရောက်လာသည်။ သူက အကင်းပါးပုံရသည်။ မိုးကာဝတ်မထားပေမဲ့ ပုခုံးပေါ်မှ မိုးကာကြည့်၍ လူကိုစူးစူးစိုက်စိုက်နှင့် စတိုးဆိုင်ရှေ့မှာ ကွန်ုပ်အားဦးတည်၍ လာသည်။ သူမစူးစိုက်ကြည့်ပြီး ကွန်ုပ်ထံလာသောပုံကို ယနေ့ထိ ကျွန်ုပ်မျက်လုံးထဲက မထွက်။ သူမျက်လုံးစူးစိုက်အားသည် လူကိုပေါက်ထွက်သွားနိုင်သည်။ မီးမီးသည် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည်။ အသားအရေ ပျေပြစ်သည်။ ဥပဓိရုပ်ကောင်းသည့် မိန်းမထဲတွင် ပါဝင်သည်။ ကျွန်ုပ်သည် အသက်လေးဆယ်ကျော်သည့်တိုင် အိမ်ထောင်က မကျသေး။ မိန်းကလေးနှင့်ပတ်သက်လျင် ရှက်တတ်သည်။ မီးမီး အိမ်ထောင်ရှိသည် သားသမီးရှိသည်ကိုမသိ။ မိန်းမပျို တစ်ဦးပဲဟုသာထင်မိသည်။ သူအကင်းပါးမူ့ကြောင့် မျက်ရရိပ်မျက်ကဲ စကားပြောပြီး သူမကို တက္ကစီကားငှါးခေါ်လာခဲ့သည်။ ရှက်ကိုးရှက်ကမ်းနှင့် တစ်လမ်းလုံးသူမကိုစကားမပြော။ ( အတွင်းစကားများ ကားသမားမသိစေချင်သောကြောင့်ပါသည်) မီးမီးနောက်ပိုင်း ရင်ဖွင့်မှ ထိုနေ့က သူမမှာ လာကြိုမည့်သူလာမည်လို့သာသိသည်။ ဘယ်သူဆိုတာမသိ။ နောက် မိုးကာဝတ်သူလည်းမတွေ့။ နောက်ဆုံး မိုးကာပုခုံးပေါ်တင်ထားတဲ့သူကို ဒီလူပဲနေမှာဆိုပြီး ခေါ်ရာနောက်လိုက်လာခဲ့ရသည်။ တစ်လမ်းလုံး တိုလူက သူ့ကိုစကား မပြော။ နောက် ဆရာစံလမ်းမှ သတင်းတပ်ဖွဲ့ရုံးရှေ့ခေါ်သွားသောအခါ ငါတော့ ထောက်လှမ်းရေးက ထောင်ဖမ်းတာ ခံလိုက်ရပြီ ဆိုပြီး မီးမီးတစ်ယောက် ယူကြုံးမရ ဖြစ်ရသည်ဟု နောက်ပိုင်းပြန်ပြောသည်။ ( ရန်ကင်းတိုက်ခန်းသွားရာ ထိုလမ်း ထိုရုံးရှေ့က ဖြတ်သွားရသည်၊ နောက် ကျွန်ုပ်ရုပ်ကလည်း ထောက်လှမ်းရေးရုပ် ဖြစ်နေသည်ဟု မီးမီးက နောက်ပိုင်းပြောပြခဲ့သည်၊) ထိုနောက် ရန်ကင်းတိုက်ခန်းတံခါး သော့ဖွင့်တော့လည်း သူရောကိုရော စိတ်တမျိုးဖြစ်ရသည်။ တံခါးဖွင့်မှ အထဲက ဌေးကြွယ် အေးအေးထွန်းတို့ မြင်မှ ထုံးစံအတိုင်း မီးမီးတစ်ယောက်( great smile)ဖြင့် အောင်ပွဲခံတော့သည်။
( လွန်ခဲ့သောရက်ပိုင်းက ဘဝတစ်ပါးသို့ ပြောင်းရွေ့သွားသူ ချစ်ညီမလေးမီးမီးကို ဂုဏ်ပြုရေးသားလိုက်ပါသည်။
ချစ်ခြင်းမေတ္တာများဖြင့် ဇော်မင်းခိုင်( ဂျာကြီး)
.............................
ရွှေဝါရောင်မတိုင်မီနေ့ရက်များ(၁၁)

၂၀၀၇ ၏စက်တင်ဘာလဆန်းပိုင်းနေ့ရက်များဖြစ်သည်ရက်စွဲတွေ အတိအကျ မမှတ်မိတော့။
ရန်ကင်းတိုက်ခန်း မှာနေခဲ့စဉ် အကြောင်းကို ဇော်မင်းခိုင်က comment မှာ ၀င်ရောက်ဖြည့်စွက်ပေးသည်။

(***အမှန်မှာ အဲ့ဒီမနက် ၇နာရီခန့်မှာတိုက်ခန်းကို ပလာတာ လဘက်ရည်ထုပ်များနဲ့ စောစောရောက်ခဲ့ပါတယ်။ သော့ကိုအပြင်က ခတ်ခဲ့တာကြောင့် သော့ဖွင့်သော်လည်း အထဲက,လော့ချထားတာကြောင့် ဘေးအိမ်တွေလည်း မကြားအောင် တံခါးကိုအသာခေါက်ပြီး သူတို့(ဋ္ဌေးကြွယ် မျိုးကြီး....)တို့ကို ခေါ်ခဲ့ပါတယ်။
အတန်ကြာအောင် အထဲက ဘာတုန့်ပြန်သံမှ မကြားသဖြင့် စိတ်ပူပြီး လမ်းထိပ်ဖုန်းဆိုင်မှ ဖုန်းခေါ်ကြည့်ပါသည်။

ဖုန်းကလည်း ဘာမှ မတုန့်ပြန်သဖြင့် ပိုစိတ်ပူသွားခဲ့ပါတယ်။( အမှန်မှာ သူတို့အားလုံး ဖုန်းတွေပိတ်ပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေလို့ပါ) ဒါနဲ့ ကို့မှာရှိသော အနီးစပ်ဆုံး စုံစမ်းလို့ရမည့်သူ ကြီးသန်း(ကိုသန်းတင်-ကွယ်လွန်)ထံသို့ ဖုန်းဆက်ပြီး စုံစမ်းခဲ့ပါတယ်။ ထိုအချိန် ကြီးသန်းကို ထောက်လှမ်းရေးက ဖမ်းမိထား သူရှေ့မှာ ဖုန်းချခိုင်းထား လာသမျှဖုန်းတွေကို စောင့်ပြီး ထောက်လှမ်းရေးက ထောင်ဖမ်းဖို့ လုပ်နေချိန်ပါ။ ကြီးသန်းကို ချစ်တီးတို့ အချေအနေ ဘယ်လိုရှိ စားစရာလာပို့တာ အထဲက ဘာသံမှ မတုန့်ပြန်လို့ စိတ်ပူကြောင်း ပြောသောအခါ ကြီးသန်းက စကားမပြောချင်သလိုဘာလိုလို လုပ်နေပြီး ပြီးမှ "မင်းနာမည်ပြော ဘယ်နားကဖုန်းဆက်နေတာလည်း ငါတို့လာခဲ့မယ်"

လို့ ကြီးသန်းရဲ့ပုံမှန်မဟုတ်သောအသံကြီးကြောင့် ကျွန်တော် စိတ်ထဲထင့်သွားခဲ့ပါတယ်။ သို့သော် ကြီးသန်းအား အေးကြူပါလို့ပြောလိုက်ရာ ငါမင်းမသိဘူးလို့ ပြန်ပြော သဖြင့် ဖုန်းချလိုက်ပါတယ်။ ချစ်တီးတို့ အေးကြူတို့ဆိုတာ ကျွန်တော်တို့ အချင်းချင်းသာသိသော နာမည်များဖြစ်သောကြောင့် ထောက်လှမ်းရေး၏ ခြေရာခံလိုက်ခြင်းမှ ကင်းဝေးခဲ့ပါသည်။ အတော်ကြာအောင် ရန်ကင်းလမ်းကြားတွေထဲမှာ ပလာတာ လဘက်ရည်ထုပ်များနဲ့ အခြားလူများလည်း ကို့ကို သံသယ မဖြစ်အောင် အတော်ကြာနေခဲ့ရပြီး စိတ်ထဲမှာ သူတို့အိပ်ပျော်နေတာဖြစ်မယ်၊ အခုချိန် နိုးလောက်ပြီထင်ရဲ့ဆိုပြီး အခန်းပြန် သူတို့တံခါးဖွင့်လိုက်သဖြင့် ပူပန်မူ့တွေကင်းပျောက်ခဲ့ရပါတယ်။ အဲ့ကျမှ သူတို့သောက်ရေမရှိလို့ ဆိုရေသန့်ဘူးတစ်ခေါက်ပြန်ဝယ်ပို့ခဲ့တာပါ။ ဒန်ပေါက်ကတော့ နေ့လည်ခင်းစာ နေ့လည် ၂နာရီလောက်မှ ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီကြားထဲမှာ စမ်းချောင်းအန်တီစန်းနဲ့ ဒဂုံစင်တာမှာ သွားတွေ့ခဲ့ရတာမို့ နောက်ကျသွားခဲ့ပါတယ်။ နောက်ပိုင်း ကြီးသန်းနဲ့ပြန်တွေ့တော့ "မင်းကံကောင်းသွားတာ မင်းဖက်ကသာ ဌေးကြွယ်တို့သတင်းထွက်ခဲ့ရင် ထောက်လှမ်းရေးက ချက်ချင်းလိုက်တော့မှာ"
လို့ ပြောခဲ့တာကြောင့် ဖုန်းဆက်တုန်းကသာ ဌေးကြွယ်ဟု စကားတလုံး မထုတ်လိုက်မိတာ အားလုံးကိုပြောင်းလည်းသွားစေခဲ့တာပဲလို့ ကိုယ့်ကိုကို ကျေနှပ်နေမိတော့သည်။ ***ကွယ်လွန်သွားသူ ကြီးသန်းအား အမှတ်ယသောအားဖြင့်***ဇော်မင်းခိုင်။)

ကျနော်တို့ စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းနေခဲ့ကြတာသေချာသည်။
ကျနော်တို့ အောင်းနေသည့်မိမိကြွယ် အခန်းအောက်ထပ်မှာ ရပ်ထားသော ကားမှန်တွေက စတစ်ကာ
အနက်ရောင်တွေနှင့် ဆိုင်ကယ် တစင်း ရပ်ထားတာလဲတွေ့ရသည်။* *အဲ့ဒီခေတ်မှာ ကားမှန် စတစ်ကာ ကပ်လျှင်လည်း ရဲဖမ်းသည်။သို့သော် စစ်အာဏာရှင် အ၀န်းအဝိုင်းနှင့်အခွင့်ထူးခံ နောက်မြီှးဆွဲ လူတန်းစားတရပ်သာ ကပ်ခွင့်ရှိကြသည်။
ဆိုင်ကယ်တွေကိုတော့ သာမန်ပြည်သူတွေစီးခွင့်မရှိ၊စည်ပင်နှင့် ကြွက်ဟု ခေါ်သော ပြည်ထဲရေးတချို့သာ စီးခွင့်ရှိသည်။
မီးမီး၊အေးအေးထွန်း၊မောင်ဌေးကြွယ် နှင့် ကျနော်တို့ တယောက်တလှည့်ကင်းစောင့်ကြသည်၊ဒါပေမယ့် အားလုံးကောင်းကောင်းအိပ်မပျော်တာသေချာသည်။
မနက်မိုးလင်းခါနီးမှာ မောင်ဌေးကြွယ်နှင့်ကျနော် အိပ်ပျော်သွားကြသည်။ ကျနော်တို့ အိပ်ပျော်နေသည့်
အကြောင်းကို အေးအေးထွန်းက ကျနော့် comment မှာ အခုလိုဝင်ရေးပေးသည်။
*** လူမသိအောင်ပုန်းနေရပါတယ်ဆိုမှသူတို့နှစ်ယောက်ဟောက်သံကအကျယ်ကြီးအပြင်ကနေတောင်ကြားရလို့ဟိုဘက်အခန်းကအံတြီကီးက”ဟဲ့ဒီအခန်းကလူမနေပါဘူးဘာသံတွေလဲ”
ဆြိုပီးအခန်းရှေ့မှာပြောနေတော့ငါနဲ့မီးမီးနြဲ့ကိတ်ရီရသေးတယ်၊ တော်သေးတာပေါ့ဇော်မင်းခိုင်ကစာလာစုကျက်တဲ့ကျောင်းသားတွေပါလို့ရွှီးထားလို့၊**** ဟု ဆိုသည်။
အောင်မျိုးတင့်
..................

No comments:

Post a Comment