Latest News

Friday, August 17, 2018

အရေးတကြီး ဖြေရှင်းရတော့မည့် မူးယစ် ဆေးပြား များ အန္တရာယ်


မြန်မာသည် ဖွံဖြိုးဆဲ နိုင်ငံတခု ဖြစ်ယုံသာမက လောလောဆယ်တွင် စီးပွားရေး နှင့် လူမျိုးစု အကြပ်အတည်း ပြဿနာ များနှင့် နပမ်းလုံးကာ ရင်ဆိုင် ဖြေရှင်းနေရသော နိုင်ငံတခု ဖြစ်ပေသည်။ ယင်းပြဿနာများ နှင့်အတူ Methamphetamine အတိုကောက် အားဖြင့် Meth ဟု ခေါ်သော ဆေးပြားများ သုံးစွဲမှုက ဒီရေအလား မြင့်တက်လာနေပြီ ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြနေကြပြီ ဖြစ်သည်။

တကယ်တော့ မြန်မာ နှင့် မူးယစ်ဆေးသည် ယှဉ်တွဲ၍ လူသိများနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ လာအို၊ ထိုင်း နှင့် မြန်မာ နယ်နမိတ်ဆုံရာ အရပ်သည် ဘိန်း နှင့် ၎င်းမှ ထုတ်ယူသော ဟီရိုးအင်းတို့ ထုတ်လုပ်ထွက်ရှိရာ ရွှေတြိဂံ အရပ်ဟုပင် နံမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုများ ဆိုင်ရာ ရုံး UN Office On Drugs and Crime (UNODC) ထုတ်ပြန်ချက်အရ ၂၀၁၇ တွင် ဘိန်းထုတ်လုပ်မှုတွင် အာဖဂန် နစ္စတန် ပြီးလျင် ဒုတိယ လိုက်သော နိုင်ငံ ဖြစ်ပြီး ဘိန်းစိုက်ပျိုးဧကပေါင်း ၁၀၁,၀၀၀ ရှိပြီး ၂၀၁၅ နှင့် နှိုင်းစာလျင် ဧကပေါင်း ၃၅,၀၀၀ ခန့် ကျဆင်းသွားခဲ့သည်။

နိုင်ငံတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သူများက ဈေးပေါယုံမက သယ်ယူပို့ဆောင်ရလည်း လွယ်ကူသော Meth ဆေးပြားများ အား လျင်မြန်စွာ ပြောင်းလဲ ထုတ်လုပ်လာနေကြသဖြင့် အစိုးရ အဖို့ ခေါင်းခဲစရာ ဖြစ်လာနေရသည်။

“ကျွန်တော်တို့တွင် ရရှိသော စာရင်းဇယား များအရ မြန်မာသည် ကမ္ဘာပေါ်တွင် Meth ဆေးပြား အများဆုံး ထုတ်လုပ်ရာ နိုင်ငံ ဖြစ်လာနေပါပြီ" ဟု UNODC ၏ အရှေ့တောင်အာရှ နှင့် ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျဲရယ်မီ ဒေါက်ဂလပ်စ် က ပြောကြားခဲ့ပေသည်။

မြန်မာပြည်တွင် Meth ဆေးပြား ထုတ်လုပ်မှုက ပုံစံနှစ်မျိုး နှင့် ဖြစ်သည်။ ပထမတမျိုးမှာ ဈေးပေါပြီး အရည်အသွေး နိမ့်ကျပြီး ဈေးပေါသော ရာဘ (Yabba) အမျိုးအစား ဖြစ်ပြီး မြန်မာ နှင့် အရှေ့တောင်အာရှ နိုင်ငံ အများ အပြားတွင် သုံးစွဲကြသည်။ နောက်တမျိုးမှာ ချမ်းသာသော နိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ် ထုတ်လုပ်သည့် ပို၍ ဈေးကြီးသော Crystal Meth ဆေးပြားပင် ဖြစ်သည်။

ဒေါက်ဂလပ်စ် အဆိုအရ ၂၀၁၇ အတွင်း အရှေ့တောင်အာရှ ဒေသတခုလုံးတွင် သိမ်းဆည်းရမိသော ဆေးပြား အရည်အတွက် သည် သန်း ၄၅၀ ခန့်ရှိပြီး ထိုအထဲ တွင် အများ အပြားသည် မြန်မာနိုင်ငံမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထုတ်လုပ်သမျှ ၏ ဆယ်ရာခိုင်နှုန်း ဖမ်းမိလျင်ပင် အာဏာပိုင်များ အဖို့ အတော် ကံကောင်းသည်ဟု ဆိုရမည့် အနေအထား ဖြစ်သည်။

Yabba ဆေးပြားများကို နာမည်ကျော် လဘက်အိတ်များ ဖြင့် တင်ပို့လာခဲ့ကြသည်၊ ယခင်က အဆိုပါ လ္ဘက်အိတ်များကို ကမ္ဘောဒီယား၊ လာအို နှင့် ဗီယက်နမ် တို့တွင် တွေ့ခဲ့ရသော်လည်း ယမန်နှစ်ကစ၍ နေရာ အနှံအပြားတွင် တွေ့လာရပြီ ဖြစ်သည်ဟု ဆိုသည်။

မြန်မာ တပ်မတော် အနေဖြင့် ၁၉၉၀ နောက်ပိုင်းနှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပြစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး အချိုသော အဖွဲ့များက ၎င်းတို့နယ်မြေများကို ဗဟို အစိုးရ ၏ ကြီးကြပ်မှု မဆိုသလောက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာခဲ့ကြသည်။

တဖက်နိုင်ငံ များရှိ မူးယစ်ဆေးဝါး အဖွဲ့များက သူတို့နိုင်ငံများတွင် အခြေမလှ၍ အစိုးရ ထိမ်းချုပ်မှု မှ ကင်းလွတ်ခွင့် ရနေသော တိုင်းရင်းသားများ ထိမ်းချုပ်ရာ နယ်မြေများသို့ ၀င်ရောက်ပြီး နားလည်မှုယူကာ လှုပ်ရှားလာနေခဲ့ကြသည်။

မကြာမီ နှစ်များ အတွင်းက ဆိုလျင် မြန်မာပြည်မှ Meth သည် ဂျပန်၊ နယူးဇီလန် နှင့် သြစတေးသျှ အထိပင် ခြေဆန့်လာခဲ့သည်။ ထိုပြဿနာကို ထိမ်းချုပ်နိုင်စွမ်း မရှိက ပို၍ ဝေးသော နေရာများအထိပင် ပျံ့နှံ့လာနိုင်သည်ဟု ဒေါက်ဂလပ်စ် က ဆိုသည်။

၎င်းတို့ အနေဖြင့်က ငွေရမည်ဆိုက နေရာမရွေး ရောင်းချသွားမှာဖြစ်ပြီး နောက်ကွယ်က လှုပ်ရှားကြိုးကိုင်နေကြသူများက မည်သူမည်ဝါ မသိနိုင်ဆဲ ဖြစ်နေရသည်ဟု ဆိုသည်။

မြန်မာ အစိုးရ၏ ဖေဖေါ်ဝါရီ လအတွင်းက ကြေငြာခဲ့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒ အသစ်အား နိုင်ငံတကာ၏ ချီးကြူးခြင်း ခံခဲ့ရပေသည်။ ထိုမူဝါဒသည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု ရရေး ကြိုးပမ်းသွားမည် ဖြစ်သည့်အပြင် harm reduction approach ဟု ခေါ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှု မှ ပေါ်ပေါက်လာသည့် လူမှုရေး နယ်ပါယ်ရှိ ဆိုးကျိုး များကိုပါ လျော့နည်းစေရန် ဆောင်ရွက်မည်လည်း ဖြစ်သည်။

ဇွန်လအတွင်း သမ္မတ ဦးဝင်းမြင့်မှလည်း မူးယစ်ဆေးဝါး သတင်းပေးပို့ရန် ဌာန ကို ထူထောင်ထားကြောင်း ကြေငြာခဲ့သည်။ မူးယစ်ဆေးဝါး သုံးစွဲသူများ ကို သိရှိပါကလည်း အကြောင်းကြားရန် လည်း ကြေငြာချက်တွင် ပါရှိခဲ့သည်။

အစိုးရ အဖို့ မူးယစ်ရာဇာကြီးများ ကို ဖမ်းမိဖို့က မည်သို့မျှပင် မလွယ်ကူသည့် အနေအထား တွင် ရှိနေသည်။ ၎င်းတို့အဖို့ကား ခြေတံ လက်တံ ရှည်လျားစွာ ဖြင့် အကာအကွယ်များ ယူထားသောကြောင့်ပင် ဖြစ်သည်ဟု မိမိ ထင်မြင်မိသည်။
လှစိုးဝေ

ကိုးကား။ ။ U.S. News and World Report

No comments:

Post a Comment