Latest News

Monday, August 27, 2018

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဖေ့စ်ဘုတ် မှ ဖယ်ရှား၊ လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ရုံးတင်ရန် ကုလ ကော်မရှင် တောင်းဆို

ကာကွယ်ရေး ဦးစီးချုပ် နှင့် အခြား ထိတ်တန်း ဗိုလ်ချုပ်ကြီးများအား ရခိုင်ပြည်နယ် အတွင်းရှိ မူဆလင်များ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု အပါအ၀င် အခြား လူမျိုးစု များအပေါ် လူသားများကို ရန်ပြုသည့် ရာဇ၀တ်မှုများ ဖြင့် နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုရန် ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ဝင်များက တနှစ်ကြာ အသေးစိတ် လေ့လာ စုံစမ်းပြီးနောက် မနေ့က ဂျနီဗာ တွင် တောင်းဆိုလိုက်ပေသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အခြား ဗိုလ်ချုပ်ကြီး ခြောက်ဦးတို့သည် နိုင်ငံတကာ ဥပဒေ များ ကို ချိုးဖေါက်ပြီး အဆိုးဝါးဆုံး ရာဇ၀တ်မှုများကို ကျုးလွန်ခဲ့ကြသည်မှာ သံသယ ဖြစ်ဖွယ် မရှိဟု ဆိုသည်။ ဤသည်က အဖွဲ့ဝင် သုံးဦးပါဝင်သော ကုလ အချက်အလက် စုံစမ်းရေး ကော်မရှင်မှ အပြင်းထန်ဆုံး စွပ်စွဲလိုက်ခြင်းပင် ဖြစ်ပေသည်။

မြန်မာ တပ်မတော်မှ အကြမ်းဖက် သမား များကို လက်တုန့်ပြန် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု အမြဲလို ငြင်းဆိုနေကြသော်လည်း မိမိတို့ အနေဖြင့် နိုင်ငံတကာ တရားရုံးမှ ၀ါရမ်း ထုတ်ပြန်နိုင်လောက်အောင် သက်သေ အထောက်အထားများ အခိုင်အမာ ရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ အစီရင်ခံစာတွင် လူတသောင်းခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းထားကြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရပ်ဖက် ခေါင်းဆောင်များ အားလည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို သုံးပြီး ဟန့်တား ကန့်ကွက်ခြင်း မရှိဟု အပြစ်ဖို့ ထားပြန်သည်။

မီဒီယာ များသို့ ထုတ်ပြန်ချက်တွင် လောလောဆယ် စာမျက်နှာ ၁၈ မျက်နှာသာပါပြီး အဆိုပါ ကော်မရှင်မှ အသေးစိတ် အစီရင်ခံစာအား လာမည့် စက်တင်ဘာ ၁၈ ရက်တွင် ကုလ လူ့အခွင့်အရေး ကော်မရှင်သို့ စာမျက်နှာ ၄၀၀ ကျော် ဓါတ်ပုံ အထောက်အထားများနှင့် ထွက်ဆိုချက်များ ပါ မကျန် တင်သွင်းသွားမည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း နှင့် မြောက်ပိုင်း ဒေသများ တွင် တပ်မတော်သည် အလွန်အကျွံ အင်အားသုံးစွဲခဲ့ယုံမျှမက မြေလှန် စနစ်ကိုပါ ကျင့်သုံးခဲ့ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားခဲ့သည်။

ထို့အတွက် ကုလ လုံခြုံရေး ကောင်စီ မှ ၎င်းတို့၏ ရာဇ၀တ်မှုများ အတွက် ရုံးတင် အပြစ်ပေးနိုင်ရန် နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးသင့်ကြောင်း နှင့် နိုင်ငံတကာမှ လက်နက်ရောင်းချမှုများ ပိတ်ပင်ရန် အစီအမံများ ပြုလုပ်ရန်လည်း တောင်းဆိုလိုက်ကြသည်။

အချက်အလက် စုံစမ်းရေး အဖွဲ့ဝင်များက ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ ပထမအဆင့်အနေဖြင့် နှုတ်ထွက်ပေးသင့်ကြောင်း၊ သို့မှသာ စစ်တပ် ကျုးလွန်သော ရာဇ၀တ်မှုများ အတွက် တာဝန်ခံရာ ရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြပြန်သည်။

ဖေ့စ်ဘုတ်သည်လည်း အမုန်းစကား များ ဟန့်တားရေးတွင် နှေးကွေးပြီး ထိရောက်မှု မရှိဟုလည်း ဆိုသည်။

ဖေ့ဘုတ် မှ ပိတ်ပြီ
===========

ကုလ အဖွဲ့၏ ပြောဆိုမှုကြောင့် ပေလောမသိ ဖေ့ဘုတ်စ်မှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အပါအ၀င် အထက်တန်း အရာရှိကြီး အယောက် နှစ်ဆယ်၏ အကောင့်များ ကို တနေ့တည်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဖျက်သိမ်း လိုက်ပြီး ထိုသို့ ဖျက်သိမ်းသည့်အကြောင်းအားလည်း ကမ္ဘာသိ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်မှုးချုပ် သန်းဦးတို့လည်း ပါဝင်ကြောင်း သိသည်။

ထို့အပြင် မြ၀တီ ရုပ်မြင်သံကြား ပေ့ခ်ျ ကိုလည်း ပါယ်ချက်လိုက်ပြီ ဖြစ်သည်။ မိမိတို့၏ လုပ်ငန်း ကို အသုံးချပြီး ဘာသာရေး နှင့် လူမျိုး ရေး တင်းမာမှုများ ဖြစ်အောင် မီးထိုးပေးနေကြသူများဟုလည်း စွပ်စွဲလိုက်သည်။

ထို့အတွက် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကမ္ဘာနိုင်ငံများ၏ ခေါင်းဆောင်များထဲတွင် ပထမဆုံး ဆိုရှယ်မီဒီယာ တခု၏ ပိတ်ပင်ခြင်း ခံလိုက်ရသူအဖြစ် သမိုင်းတွင်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ သတင်းဌာနများက လည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် မည်သူ မည်ဝါ ဖြစ်သည်ကို အများ သိရှိနိုင်ရန် ဗီဒီယို ကလစ်များ ဖြင့် ထုတ်လွှင့်ပြသလာနေကြပြီ ဖြစ်သည်ကို တွေ့ရသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အကောင့်တွင် ဖေါ်လိုဝါ ၁၃ သိန်း ခန့် ရှိနေပြီ ဖြစ်ပြီး ၎င်း၏ ၂၀၂၀ သမ္မတ ဖြစ်ရေး ရည်မှန်းချက်အတွက် လိမ္မာ ပါးနပ်စွာ အသုံးချနေခြင်း ဖြစ်ကြောင်း ဝေဖန်သူများ က ဆိုသည်။

ယခုအခါ ယခင် သမ္မတရုံး ၀န်ကြီး ဦးစိုးမောင် ဦးဆောင်သော အဖွဲ့က “အမျိုးသား နိုင်ငံရေး ပါတီ” အမည် ဖြင့် ဗိုလ်ချုပ်ဟောင်း များသာ ပါဝင်သော နိုင်ငံရေး ပါတီ တရပ်ကို ထူထောင်လာပြီ ဖြစ်သည်။ ထိုအထဲတွင် မွန်ပြည်နယ် အတွင်း အငြိမ်းစား အပေးခံရသဖြင့် ထမင်းဆိုင် ဖွင့်နေသော ဦးလွန်းမောင်ပါ ပါဝင်နေသည်။

တပ်မတော် အနေဖြင့် မည်သို့ တုန့်ပြန်လာမည်ကို အမျိုးမျိုး ထင်ကြေးများ ထွက်ပေါ်လျက်ရှိနေရာ ဖေ့ဘုတ်စ်အား လက်တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတွင်း သုံးစွဲခွင့် ပိတ်ပင်ရန် တောင်းဆိုလာနိုင်သည့်အပြင် မုန်တိုင်းကြီးပမာ ကျရောက်လာတော့မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ၎င်းတို့ အား အကာအကွယ်ပေးရေး ကာလုံ ခေါ်ရန် အထိ ဖြစ်လာနိုင်ကြောင်း များ ပါ ၀င်လျက် ရှိနေသည်။

ပြောခွင့်ရ ဦးဇော်ဌေးကတော့ ထိုကိစ္စ အား တပ်မှ အရာရှိကြီးများက ဆက်သွယ် မေးမြန်းလာကြကြောင်း၊ မိမိတို့ အစိုးရ အဖွဲ့ရော၊ အစိုးရမှ ဖွဲ့စည်းပေးထားသော ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး အဖွဲ့နှင့်လည်း မည်သို့မျှ မသက်ဆိုင်ကြောင်း နှင့် မိမိတို့မှ ဖေ့ဘုတ်စ်ကို ဆက်သွယ် မေးမြန်းပြီး အကောင့်သစ် ပြန်ဖွင့်ခွင့် ရမရ ဆွေးနွေးလျက်ရှိကြောင်း ပြောဆိုသွားခဲ့သည်။ ထိုအရေးသည် အမျိုးသား ရင်ကြားစေ့ရေး အတွက် အလှမ်းပို၍ ဝေးနိုင်ကြောင်းလည်း ဦးဇော်ဌေးမှ ပြောဆိုသွားခဲ့သည်။

ကိုးကား ။ ။ The New York Times
Reuters
Irrawaddy News
Mizzima TV

No comments:

Post a Comment