Latest News

Thursday, July 12, 2018

ခရိုအေးရှားသမ္မတဘောလုံးနိုင်ငံရေးနှင့်သံခင်းတမန်ခင်း

ခရိုအေးရှားသမ္မတဘောလုံးနိုင်ငံရေးနှင့်သံခင်းတမန်ခင်း

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ခရိုအေးရှားအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရရှိကာ၊ နောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါပြီ။ ၁၉၉၁ ခုနှစ် ခရိုအေးရှားသမ္မတနိုင်ငံကိုထူထောင်ပြီးတဲ့နောက် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဖိုင်နယ်တက်တာနဲ့အတူ ပရိသတ်တွေထဲဘောလုံးပွဲဆင်းကြည့်တဲ့၊ ဘောလုံးသမားတွေကိုလေးစားတန်ဘိုးထားတဲ့ ခရိုအေးရှား
သမ္မတကြီးဟာလဲ နိုင်ငံတကာမီဒီယာတွေနဲ့သံခင်းတမန်ခင်းစင်္ကြန်လမ်းမှာ ဗိုလ်လုပွဲအထိရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းရဲ့အောင်ပွဲနဲ့အတူ နိုင်ငံတကာသတင်းမီဒီယာတွေ နဲ့ လူမှုကွန်ယက်စာမျက်နှာတွေအကြားမှာ ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarović ကို စိတ်ဝင်စားမှုမြင့်မားလာတာကို တွေ့နေရပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်မှာ ခရိုအေးရှားသမ္မတနိုင်ငံရဲ့ စတုတ္ထမြောက်သမ္မတဖြစ်လာခဲ့သူပါ။ အဲဒီတုန်းက သူမဟာ အသက်(၄၇)နှစ်ဖြစ်ပါတယ်။ အခုသူမဟာ အသက်
(၅၀)ပြည့်ပြီးပါပြီ။ ၂၀၀၃ ခုနှစ် အသက်(၃၅)နှစ်မှာ ဥရောပရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥရောပရေးရာနှင့်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာခရိုအေးရှားသံအမတ်ကြီး၊ နေတိုးရဲ့လူထုသံတမန်ရေးရာလက်ထောက်အတွင်းရေးမှူးချုပ်စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ သံတမန်တစ်ဦးဖြစ်သလို၊
နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။

Kolinda Grabar-Kitarović ဟာ ခရိုအေးရှားရဲ့ပထမဆုံးအမျိုးသမီးသမ္မတတစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်လည်းဖြစ်ပါတယ်။ သူမဟာ ခရိုအေးရှားအသင်းနဲ့ဒိန်းမတ်အသင်းပွဲကို အားပေးဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ ရုရှားနိုင်ငံကို သွားတဲ့အခါ သူမကိုယ်ပိုင်ငွေနဲ့ economy class
ကနေ လေယာဉ်လက်မှတ်ဝယ်ကာ အခြားပရိသတ်တွေနဲ့အတူတပျော်တပါးသွားရောက်ခဲ့ကတည်းက ခရိုအေးရှားပြည်သူတွေအကြားမှာ ပြောစရာ၊ အတုယူစရာဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

ခရိုအေးရှားအသင်း ကွာတားဖိုင်နယ်မှာ အိမ်ရှင်ရုရှားအသင်းကိုအနိုင်ရလိုက်ပြီးတဲ့နောက် သူမဟာ ဘောလုံးသမားတွေရဲ့အ၀တ်လဲခန်းထဲအထိလာရောက်ကာ ဂုဏ်ပြုစကားပြောခဲ့တဲ့အပြင် အသင်းသားတွေနဲ့အတူ အောင်ပွဲခံခဲ့တာကလည်း တကယ့်ကို လေးစားစရာဖြစ်ခဲ့ပါတယ်။

ပထမအဆင့်ရှုံးထွက်ပွဲမှာ ခရိုးအေးရှားအသင်းဟာ ဒိန်းမတ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရင်သပ်ရှုမော အနိုင်ယူပြီးတဲ့နောက်မှာ ခရိုအေးရှားသမ္မတဟာ ဘောလုံးသမားတွေကိုအ၀တ်လဲခန်းထဲအထိလာရောက် ဂုဏ်ပြုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကြောင့် ပိုလူသိများ၊ ကျော်ကြားလာတဲ့အပြင်၊ သမ္မတတစ်ယောက်ရဲ့နိုင်ငံကိုယ်စားပြုဘောလုံးသမားတွေအပေါ်ထားတဲ့လေးစားတန်ဘိုးထားမှု၊ အသိအမှတ်ပြုမှုတွေကို ဖော်ပြခဲ့တယ်လို့လဲပြောကြပါတယ်။

သာမန်ပရိသတ်တွေကြည့်တဲ့ ပွဲကြည့်စင်မှာ ခရိုအေးရှားသမ္မတဘောလုံးပွဲကြည့်တဲ့ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာမှာအကြီးအကျယ်ထိုးဖောက်အောင်ပွဲခံခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဆီးမီးဖိုင်နယ်အပြီး ဘောလုံးအသင်းမန်နေဂျာကနေ ဘောလုံးသမားတစ်ဦးချင်းကို နွေးနွေးထွေးထွေး လေးလေးစားစားဂုဏ်ပြုနှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာလည်း သူမအပေါ်ထောက်ခံမှုနဲ့စိတ်ဝင်စားမှုတွေကို အတိုင်းအဆမဲ့ ဆွဲတင်ခဲ့ပါတယ်လို့ မှတ်ချက်ပြုကြပါတယ်။

ခရိုအေးရှားပြည်သူတွေကြားမှာ သူမဟာ ထောက်ခံမှုတွေပိုရသထက်ရလာနေတယ်လို့လဲ သုံးသပ်ကြပါတယ်။ သူမဟာ သံတမန်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေးသမားလုပ်မယ့်သူတွေ၊ နိုင်ငံရေးသမားလုပ်နေတဲ့သူတွေ ပိုလို့လေးစား၊ အတုယူနိုင်ဖို့အတွက် စာမြည်းသဘောတင်ပြလိုက်ရပါတယ်။

Photos credit to Internet
Reference to Wikipedia and Internet
ဒေါက်တာရန်မျိုးသိမ်း

No comments:

Post a Comment