ဝိုင်ဘီအက်စ်၏ တစ်နှစ်ကျော်ခရီးကို
လေ့လာသုံးသပ်ခြင်း
ရန်ကုန် မြို့တော်အတွင်း ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အသစ်ပြောင်းလဲခဲ့သော ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုစနစ်သည် အချိန်ကာလအားဖြင့် နှစ်နှစ်နီးပါးခန့် ကြာမြင့်လာပြီဖြစ်သည်။ စနစ်သစ်နှင့်အတူ ယာဉ်လိုင်းများတိုးချဲ့ ပြေးဆွဲလာခဲ့သည်မှာ ယာဉ်အစီးရေ ၁ဝဝ နီးပါးခန့်ပင် ရှိလာပြီဖြစ်သည်။ မြို့တော်ရန်ကုန်၏ လမ်းကွန်ရက်အားလုံးနီးပါးကို ခြုံငုံ နိုင်ပြီဟုယူဆရသော အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စတင်တာထွက်စဉ်က အထနှေးခဲ့သော ဝိုင်ဘီအက်စ်သည် တဖြည်းဖြည်းနှင့် အရှိန်ရလာသည်။
ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဘူတာကြီး၊ ဆူးလေတို့သို့ အသွားအပြန် လွန်းပြန်ယာဉ်များ ပြေးဆွဲလာနိုင်သည်။ တက္ကသိုလ်များကို အခြေပြုသော ယာဉ်လိုင်းသစ်များ တစ်လိုင်းပြီး တစ်လိုင်း ထွက်ပေါ်လာသည်။ ယာဉ်အို၊ ယာဉ်ဟောင်းများနေရာ တွင် ခေတ်မီမော်တော်ယာဉ်သစ်ကြီးများဖြင့် အစားထိုးနိုင်လာ သည်။ ယာဉ်စီးနင်းသူ ခရီးသည်များ အအော်အငေါက်ခံရသော ဘဝမှလွတ်မြောက်ကာ ချိုသာသောအသုံးအနှုန်းတို့ဖြင့် သုံးနှုန်း ပြောဆိုခြင်းကို ပြောင်းလဲနိုင်ခဲ့သည်။ ယာဉ်လိုင်းပြေးဆွဲနေသော မော်တော်ယာဉ်ကုမ္ပဏီများတွင် အားရကျေနပ်ဖွယ်ကောင်း လောက်အောင် မော်တော်ယာဉ်အသစ်အစီးရေ မြောက်မြားစွာ က ခွင့်ပြုမိန့်အသစ်ကို စောင့်ကြိုလျက်ရှိသည်။
ရန်ကုန်မြို့သူ မြို့သားများအတွက် ဝန်ဆောင်မှု ကောင်းကောင်းဖြင့် ထွက်ပေါ်လာခဲ့သော ဝိုင်ဘီအက်စ်သည် အချို့သောနေရာများတွင် လိုက်ပါပြောင်းလဲမှုက နှောင့်နှေး နေဆဲဖြစ်သည်။ ပြည်သှူအတွက် ဝန်ဆောင်မှုဟူသော အကြောင်းပြချက်ဖြင့် ယာဉ်အချို့တွင် ယာဉ်နောက်လိုက်များ ပါလာတတ်သည်။ ယာဉ်လိုင်းတူ အိမ်ကားပြဿနာတည်း ဟူသော ဖုန်းပြောမှုက ယာဉ်မောင်းများတွင် မလိုအပ်ဘဲတွေ့မြင် နေရသည်။ ဝိုင်ဘီအက်စ်စနစ်အတွင်းရှိ မီနီဘတ်အများစုက လေအေးစက်ပိတ်ကာ ပြတင်းတံခါး ဖွင့်မောင်းသည်။ ငွေအြေ<ွက ပြဿနာကိုအရင်းပြုကာ ယာဉ်နောက်လိုက် ထားရှိသည်။ ရှေ့ယာဉ် နောက်ယာဉ် လူအနည်းအများအပေါ်မူတည်ကာ ယာဉ်နောက်လိုက်၏ မောင်းနှင်မိန့်ကို ယာဉ်မောင်းများက လိုက်နာကြရသည်။ ဘတ်စ်ကားမှတ်တိုင်များတွင် တာဝန်ကျ ကုမ္ပဏီဝန်ထမ်းမဟုတ်ပါဘဲ ယာဉ်တစ်စီးနှင့်တစ်စီး အကွာ အဝေးကို အချိန်မှတ်သူတို့ အချို့သောမှတ်တိုင်များတွင် ရှိနေဆဲ ဖြစ်သည်။
ဝိုင်ဘီအက်စ်စနစ်ပြောင်းလဲခါစက ယာဉ်ပေါ်ရှိ ယာဉ် စီးခပေးချေရာငွေပုံးများအား သော့ခတ်ထားသည်ကို တွေ့ရ သည်။ ယခုနောက်ပိုင်းတွင် ယင်းစနစ်က တဖြည်းဖြည်းယိုယွင်းစ ပြုလာသည်။ တစ်ထောင်တန်၊ ငါးရာတန်များကို ယာဉ်မောင်းက လဲလှယ်ပေးရာတွင် အဆိုပါပုံးကို အလွယ်တကူဖွင့်ကာ လဲလှယ် ပေးသည်ကို တွေ့လာရသည်။ အချို့ယာဉ်များက ပလတ်စတစ် ခြင်းငယ်များအတွင်းရှိ ငွေကို ကိုယ်တိုင်လဲလှယ်စေသည်။ သက်ဆိုင်ရာတို့က ယာဉ်စီးခကို ငွေပေးချေကတ်စနစ်ဖြင့် အစား ထိုးရန် ကြိုးစားနေသည်။ သို့သော် လက်ရှိအချိန်အထိ ကတ် စနစ်က မပေါ်ပေါက်သေးပေ။
ယာဉ်များ၏ ဥပဓိရုပ်နှင့်ပတ်သက်၍ သန့်သန့်ရှင်းရှင်း ဆေးကြောသန့်စင်နေသော ယာဉ်လိုင်းများရှိသလို ဖုန် အလိမ်းလိမ်းဖြင့် လမ်းမပေါ်ပြေးဆွဲနေသော ကားကြီးအချို့် ကိုလည်း တွေ့မြင်ရသည်။ ယာဉ်ကျောကျပ်တည်းသည့် မီးပွိုင့် ဧရိယာအတွင်း စက်ပျက်တတ်သောကားအချို့ ကိုလည်း တွေ့မြင်ရဆဲဖြစ်သည်။ ဝိုင်ဘီအက်စ် စနစ်သစ် စတင်စဉ်က ရှေ့ယာဉ်၊ နောက်ယာဉ် ညီညာစွာ မောင်းနှင်လာခြင်းမျိုးကို ယခုအခါ အများမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ ငွေစက္ကူကို ရှေ့ပိုင်းရှိ ငွေပုံးတွင်ထည့်၍ နောက်ပေါက်သို့သွားကာ ကားပေါ် တက်ရခြင်းမျိုးလည်း ပြန်လည်ခေတ်စားလာသည်။ ရန်ကုန်မြို့ကဲ့သို့ အနယ်နယ်အရပ်ရပ်မှ လူအများ ဝင်ထွက် အသုံးပြုရာနေရာတွင် စည်းကမ်းလိုက်နာမှု သည် အလွန်အရေးကြီးပါသည်။ ယာဉ်လိုင်းများ ဘက်မှ စည်းကမ်းလိုက်နာမှု ရှိရမည်ဖြစ်သကဲ့သို့
ခရီးသည်များဘက်မှလည်း လိုက်နာရန် အလွန် အရေးကြီးပါသည်။ ထို့အတူ သက်ဆိုင်ရာဘက်မှ လည်း တာဝန်ယူ၊ တာဝန်ခံလိုစိတ်ဖြင့် အဘက် ဘက်မှ စနစ်တစ်ခုကို ပီပြင်စွာအကောင်အထည် ဖော်ရန် လိုအပ်ပါသည်။
ဆိုလိုသည်မှာ ဝိုင်ဘီအက်စ်ယာဉ်များ တံခါး ပိတ်မောင်းနှင်ရန် လိုအပ်သကဲ့သို့ ခရီးသည် များဘက်မှလည်း ပြတင်းတံခါးများ ဖွင့်မထားရန် လိုအပ်ပါသည်။ ငွေပုံးများ လုံခြုံစွာထားရှိရန် ဝိုင်ဘီအက်စ်ဘက်မှ လိုအပ်သကဲ့သို့ ခရီးသည်များ အနေဖြင့်လည်း ငွေအပြည့်အကျေ ပေးချေစီးနင်း ရန် လိုအပ်ပါသည်။ သက်ဆိုင်ရာမှလည်း ယင်းအချက်များအပေါ် စစ်ဆေးသကဲ့သို့ လူအသွားအလာများသော နေရာများတွင် ငွေအြေ<ွကလဲကောင်တာများ ကတ်စနစ်မပေါ် ပေါက်သေးမီ ဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။ ယာဉ်အတွင်းရှိ ဘယ်ညာလက်ကိုင်တန်းများ သေချာစွာကိုင်ရန်၊ ယာဉ်အတွင်းပိုင်းဝင်ရောက် စီးနင်းခြင်း၊ ယာဉ်အလယ် လူသွားလမ်းဖွင့် ပေးခြင်းတို့ကို ခရီးသည်များဘက်မှ ပြန်လည် ဝန်ဆောင်မှုပေးရမည်ဖြစ်သကဲ့သို့ အများပိုင် ယာဉ်များ အရှုံးမပေါ်စေရန် မှတ်တိုင်ကြီးများတွင် စည်းကမ်းထိန်းဝန်ထမ်းများ ခန့်ထား၍ ယာဉ် အတွင်းပိုင်းနေရာချထားမှုများကို ပြုလုပ်ပေးသင့် ပါသည်။
ရန်ကုန်မြို့တော်ကြီးတွင် အနယ်နယ်အရပ်ရပ် မှ လူတကာတို့ ဝင်ထွက်သွားလာနေကြပါသည်။ ထိုသို့ဝင်ထွက်သွားလာနေသူများသည် ဝိုင်ဘီ အက်စ်နှင့် ရင်းနှီးကျွမ်းဝင်သူများရှိသလို ဝိုင်ဘီ အက်စ်အကြောင်း ကောင်းကောင်းမသိသူများ လည်း ပါဝင်နေတတ်သည်။ သို့ဖြစ်ရာ ဝိုင်ဘီအက်စ် ခရီးစဉ်ဇယားများ၊ ယာဉ်လမ်းကြောင်းများ၊ ယာဉ်အတက်အဆင်းနှင့် ယာဉ်ပေါ်တွင် လိုက်နာရမည့် စည်းကမ်းချက်များကို သင်္ဘော ဆိပ်များ၊ ဘူတာရုံများနှင့် အဝေးပြေးဂိတ်များ တွင် ထားရှိပညာပေးခြင်းဖြင့် လည်းကောင်း၊ ယာဉ်ပေါ်တွင် စတေကာ စာသားများကပ်ခြင်းဖြင့် လည်းကောင်း အများပြည်သူအတွက် အသိပညာ ဖြန့်ဝေပေးနိုင်ပါက ဝိုင်ဘီအက်စ်စနစ် ပိုမို ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ပေ လိမ့်မည်။
မြို့တော်ရန်ကုန်၏ လမ်းကွန်ရက်အားလုံး ကို ချိတ်ဆက်ပြေးဆွဲနေသော ဝိုင်ဘီအက်စ်၏ ကောင်းကျိုးဆိုးကျိုးကို အခါအခွင့်သင့်တိုင်း သတင်းထုတ်ပြန်ပေးသင့်သည်။ မထသစနစ်ကို ဦးလှအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က သတင်း သမားများနှင့် နှစ်ပတ်တစ်ကြိမ်ခန့် သီးသန့်တွေ့ဆုံ ကာ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပေးလေ့ရှိသည်။ ယခုအချိန်၌လည်း ထိုသို့ပြုလုပ်ပေးပါက ပိုမို ကောင်းမွန်သော ဝိုင်ဘီအက်စ်ဝန်ဆောင်မှုများ ပြည်သူများအကြား ပျံ့နှံ့လာမည်ဟု မျှော်လင့်မိ ပါကြောင်း။ ။
ထင်ပေါ်ဝင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment