Latest News

Friday, June 8, 2018

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ တွဲဆိုင်းရှစ်ဆိုင်း ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ တွဲဆိုင်းရှစ်ဆိုင်း
ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်


ရန်ကုန်    ဇွန်  ၈

MMAကစားသမားလက်ရှိ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ကချင်ပြည်နယ်ဖွား အောင်လအန်ဆန် အဓိကတွဲဆိုင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ထိုးသတ်မည့် MMA (Mix Martial Art) ပြိုင်ပွဲကြီး လာမည့် ဇွန် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဓိကချန်ပီယံခါးပတ် ကာကွယ်ပွဲအပါအဝင် စုစုပေါင်း တွဲဆိုင်းရှစ်ဆိုင်း ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MMA (Mix Martial Art) ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် ခုနစ်ကြိမ်မြောက် လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာပရိသတ်များ စိတ်ဝင် စားမှုမြင့်မားနေသော ယင်းပြိုင်ပွဲကြီးကို လာမည့် ဇွန် ၂၉ ရက် ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမိုးလုံလေလုံအားကစားပြိုင်ပွဲရုံ၌ စတင်ကျင်းပ မည်ဖြစ်ရာ စုစုပေါင်းတွဲဆိုင်း ရှစ်ဆိုင်းပါဝင်မည်ဖြစ်သည်။ အဓိက Main Fight  ပွဲစဉ်ဖြစ်သော  ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်လုကြမည့် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကမ်ဟာစီဂါဝါ၊ ဘရာဇီးနိုင်ငံသား လီအန်ဒိုနှင့် ရိုမန်၊ ဘရာဇီးနိုင်ငံသား ရီဖာလီနှင့် ဂျပန်နိုင်ငံသား ရာမဒါ၊ စင်ကာပူနိုင်ငံသား တူကာတာတုန်းနှင့် ပါနီကိုစ်၊ အီလီရိုနှင့် မက်သရုး၊ အင်ဒိုနီးရှားနိုင်ငံသား မီရာဒိုနှင့် စင်ကာပူနိုင်ငံသား ကိုင်ဆာဒါ၊ အာမက်နှင့် ရှန်လီ၊ စင်ကာပူနိုင်ငံသား ဆာဂီတာရိုနှင့် ဗီယက်နမ်နိုင်ငံမှ မက်ဂျာဝမ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမိုးလုံလေလုံ  အားကစားပြိုင်ပွဲရုံ၌ ညကျင်းပမည့် MMA (Mix Martial Art) ပြိုင်ပွဲကြီး၏ က္ဘာ့မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုရှင် မြန်မာနိုင်ငံသားကချင်ပြည်နယ်ဖွား အောင်လ အန်ဆန်သည် ယခုနှစ်အတွင်း အဆိုပါချန်ပီယံ ခါးပတ်ကာကွယ်ပွဲများကို ယှဉ်ပြိုင် ထိုးသတ်ရမည် ဖြစ်သည်။

''လာမယ့် ဇွန်လကုန်ပိုင်းမှာ ကျွန်တော့်ရဲ့  ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲရှိပါတယ်၊ ဒီပွဲအတွက်လည်း  အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြီး အပြင်းအထန် လေ့ကျင့်ပေးနေတယ်၊ ဒီပွဲမှာ အလဲထိုးနဲ့အနိုင်ယူပြီး မြန်မာ ပရိသတ်ရှေ့မှာ လက်ရှိချန်ပီယံခါးပတ်ကို ကာကွယ်သွားမှာပါ''ဟု MMA ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားသော အောင်လအန်ဆန်က ပြောသည်။

စင်ကာပူနိုင်ငံအခြေစိုက် ONE Championships  အဖွဲ့က က္ဘာ့နိုင်ငံတစ်ဝန်း လစဉ်ကျင်းပလျက်ရှိသောMMA (Mix Martial Art)  ပြိုင်ပွဲကြီးကို လာမည့် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံ၌  ခုနစ်ကြိမ်မြောက် ကျင်းပတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှစတင်ကာ ခြေချလာသောMMA ပြိုင်ပွဲများတွင် မြန်မာ နိုင်ငံသား လက်ရှိရွှေခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်အနေဖြင့် ငါးကြိမ်ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာငါးကြိမ်စလုံးအနိုင်ရခဲ့ပြီးMMAကမ္ဘာ့မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲ ဗီးဝိတ်တန်း ချန်ပီယံခါးပတ်တို့ကို လက်ဝယ်တွင် ပိုင်ဆိုင်ထားပြီဖြစ်၍  မကြာမီ ဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ရန် ယှဉ်ပြိုင်ထိုးသတ်ရတော့မည် ဖြစ်သည်။

အောင်လအန်ဆန်သည် MMAကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်နှင့် အနိုင် ရရှိခဲ့ခြင်းဖြစ်ပြီးMMA လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြီးခဲ့သော ဖေဖော်ဝါရီ ၂၃ ရက်က ဘရာဇီးနိုင်ငံသား အလက်စန္ဒား မချာဒိုကို ပထမအချီ ၅၆ စက္ကန့်မှာပင် အလဲထိုးဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ MMA ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်မှာ လာမည့် ဇွန်၂၉ ရက်တွင် ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို  ကာကွယ်ယှဉ်ပြိုင်  ထိုးသတ်ရမည်ဖြစ်ပြီး ယင်းနောက် စက်တင်ဘာလတွင် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment