သေနတ်မြှောက်ပြပြီး အောင်ပွဲခံခဲ့တာ ဘယ်သူပါလိမ့်။
.........
မြေနီကုန်း၌ ကသောင်းကနင်းဖြစ်နေချိန်တွင် ဆေးတက္ကသိုလ်(၁) လမ်းမတော်တွင် လူထုစည်းဝေးပွဲကြီးမှာ ကျင်းပဆဲဖြစ်သည်။
မွန်းလွဲ ၃နာရီခန့်တွင် မြေနီကုန်း ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သော အမောဆို့နေသည့် ကျောင်းသားတစ်ဦးသည်
ဆေး တက္ကသိုလ် ၁ သို့ ရောက်ရှိလာပြီး ထိုသတင်းကို လာပြောပြလေသည်။
“လုံခြုံရေးတပ်ဖွဲ့တွေ ကျွန်တော်တို့ဆီကို လာနေသလားဆိုတာ သတင်းထောက်ဖို့ ကျွန်တော်တို့ ကျောင်းသား ၅ယောက်ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး၊ အဖွဲ့ ၅ဖွဲ့ စေလွတ်လိုက်တယ်။
တစ်ဖွဲ့က တန်ပြန်ထောက်လှမ်းရေးသမား တစ်ယောက်နဲ့ ရင်ဆိုင်ရတယ်။
အဲ့ဒီလူက မျက်နှာထားတင်းတင်းနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတော့ ကျောင်းသားတွေက သူ့ကို အစိုးရ သူလျှိုမှန်း သိလိုက်တယ်” ဟု ယင်းအစည်းအဝေးပွဲ ဖြစ်အောင် ကမကထ လုပ်ပေးသူ တစ်ဦးဖြစ်သော ကိုလင်းက ပြောပြသည်။ ကျောင်းသားများသည် ထိုလူကို ဝိုင်းဖမ်းလိုက်ကြပြီး ပုခုံးပေါ်မှ လွယ်အိတ်ကို လုယူလိုက်ကြသည်။
လွယ်အိတ်ထဲတွင် ထောက်လှမ်းရေးမှတ်ပုံတင်ကဒ်ပြားနှင့်အတူ ခြောက်လုံးပြူးတစ်လက် ကို တွေ့ရသည်။
ကျောင်းသား တစ်ယောက်က
သေနတ်ကို အောင်ပွဲခံ မြှောက်ပြကာ အမည်နှင့်ရာထူးကို
အော်ဖတ် ပြနေလေသည်။
“တပ်ကြပ်ကြီးမောင်ပြုံး”
သာမန်အရပ်သားများပါဝင်သော ဘေးကြည့် ပရိတ်သတ်မှာ ဒေါမာန်ပွားလာ ကြတော့သည်။
“သူ့သေနတ်နဲ့သူ့ ပစ်သတ်လိုက်” ဟုတစ်ယောက်က အော်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့က ဒါမျိုး လုပ်ချင်ကြတာမှ မဟုတ်ဘဲ။ ဒီနောက်မှာ နောက်ထပ်တစ်ယောက် ဖမ်းမိကြတယ်။ ဒီလူက ခေါင်းဆောင် တစ်ယောက် ဖြစ်နေတယ်။ ကျွန်တော်တို့ စည်းဝေးပွဲကို ထိုးဖောက် သတင်းယူဖို့ ကင်မရာတစ်လုံးနဲ့ လွှတ်လိုက်ကြောင်း သူက ဝန်ခံသည်။ သူ့လွယ်အိတ်ထဲမှာတော့ လက်နက်မတွေ့ရဖူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နေ့က ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ လုပ်တဲ့ စည်းဝေးပွဲရဲ့ အသေးစိတ်အစီရင်ခံစာ လက်ရေးမူကို တွေ့ရတယ်။ သူ့ကိုစစ်ဆေးရင်းသိရတာက သူတို့လူတွေဟာ မှတ်ရဆက်သွယ်ရ လွယ်ကူအောင် ရှပ်အင်္ကျီ အဖြူနဲ့ လုံချည်ပြာတွေကို ဝတ်ဆင်ထားကြောင်း သိရသည်။ ဒီလိုနဲ့ နောက်ထပ် နှစ်ယောက် ဖမ်းမိတယ်။
ဖမ်းမိသော ထောက်လှမ်းရေးများကို ဆေးတက္ကသိုလ်မှ ဆရာများလက်ထဲသို့ ပေးအပ်လိုက်ကြသည်။ သို့သော် လူထုကြီးမှာ ဒေါသထွက်မကုန်ဖြစ်နေကြ၏။ တပ်ကြပ်ကြီး မောင်ပြုံးအား ဆေးကျောင်းခန်းမ ထဲသို့အသွင်းတွင် လူတစ်ယောက်က အုတ်ခဲကျိုးတစ်ခုနှင့် ပစ်လိုက်သဖြင့် ဒဏ်ရာ ရရှိသွားသည်။ ထို့နောက် ယင်းစုံထောက် ၄ဦးစလုံးကို ပြန်လွှတ်လိုက်သည်။ ဤသို့လွှတ်လိုက်ခြင်းမှာ အမှားကြီးတစ်ရပ်ဖြစ်ကြောင်း သိလာရသည်။ နောက် သုံးလေးရက် အတွင်းကျောင်းသား ရာပေါင်းများစွာကို ၎င်းတို့၏နေအိမ်များမှ ညတွင်းချင်း ဖမ်းဆီးကာ အင်းစိန်ထောင်နှင့် ရေကြည်အိုင် အကျဉ်းစခန်းများသို့ ခေါ်ဆောင်သွားကြသည်။ ၎င်းတို့၏ အိမ်ရှေ့သို့ စုံထောက်များသည် အမည်စာရင်း အတိအကျ ဓာတ်ပုံသာဓကတို့ဖြင့်ရောက်ရှိလာခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ မတ်လမှာကဲ့သို့ လမ်းများပေါ်တွင် မိရာဖမ်းဆွဲခြင်းမျိုး မဟုတ်ဘဲ ကျနသေချာစွာ စည်းဝါးကိုက် စီစဉ်ထားခြင်းဖြစ်သည်။
အစိုးရ၏ တင်းကျပ်သော အရေးပေါ် အမိန့်များကို ဇွန်လ ၂၂ရက်နေ့တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမျက်နှာဖုံး၌ ဖော်ပြခဲ့သည်။ “လူစုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းချီတက်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူမှုများ ဖြစ်အောင်ပြုမူခြင်း” စသည်တို့ကို လုံးဝပိတ်ပင်ပြီး
ည ၆နာရီမှ နံနက် ၆နာရီအတွင်း အပြင်မထွက်ရ အမိန့်တို့ ပါရှိသည်။ ကြေညာချက်တွင် ဆက်လက် ဖော်ပြသည်မှာ “ဤအမိန့်သည် ဇွန်လ ၂၁ရက်မှ သြဂုတ်လ ၁၉ရက်နေ့ထိ ရက်ပေါင်း ၆၀ အာဏာတည်သည်” ဟူ၍ ဖြစ်သည်။
*************************************************************************************************Bertil Lintner- "Outrage Burma struggle for Democracy" first Burmese edition published in the UK in 1990 by Peacock press, Edinburgh. Scotland စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၃) “ကလေးများ၏ ဒေါသမာန်” မှ ကောက်နှုတ်တင်ပြအပ်ပါသည်။
No comments:
Post a Comment