Latest News

Saturday, June 16, 2018

တစ်လမပြည့်ပဲ ၁၄ရက်တစ်ကြိမ် အတိုးကောက်သော ချေးငွေလုပ်ငန်းများအား တိုင်ကြားလျင် ကြီးကြပ်ပေးမည်ဟု စီမံဘဏ္ဍာဝန်ကြီးပြော

တစ်လမပြည့်ပဲ ၁၄ရက်တစ်ကြိမ် အတိုးကောက်သော ချေးငွေလုပ်ငန်းများအား တိုင်ကြားလျင်  ကြီးကြပ်ပေးမည်ဟု စီမံဘဏ္ဍာဝန်ကြီးပြော

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  အသေးစားငွေရေးကြေးရေး လုပ်ငန်းများမှ ပြည်သူများထံ ချေးသော ချေးငွေများကို တစ်လမပြည့်ပဲ ၁၄ ရက်တစ်ကြိမ် အတိုးနှုန်းကောက်ခံခြင်းများအား တိုင်ကြားလျင် ကြီးကြပ်ပေးမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီး ဦးစိုးဦး ကပြောကြားလိုက်သည်။

  ပြည်ထောင်စုမှပြဌာန်းထားသော  အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဥပဒေပုဒ်မ  ၆၈ ပုဒ်မခွဲ(ခ)အရ  ထုတ်ချေးငွေအပေါ် ရယူသော အတိုးနှုန်းမှာ တစ်လလျှင် ၂ဒသမ၅ ရာခိုင်နှုန်းဖြင့် တစ်နှစ်အတွက် ၃၀ ရာခိုင်နှုန်းဖြစ်သည်။ အပ်ငွေ၊စုငွေ အပေါ်တွင်ပေးရမည့် အတိုးနှုန်း မှာ တစ်လျှင် ၁ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တစ်နှစ်အတွက် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းဖြစ်သည်။

     “တစ်လပြည့်မှ ကောက်ရမှာကို  နှစ်ပတ်တစ်ကြိမ် ၁၄ ရက်နဲ့ကောက်နေတာဟာ ဥပဒေချိုးဖောက်နေတာပဲ၊ နှစ်ပတ်တစ်ကြိမ် ကောက်တော့ တစ်နှစ်ကို ၂၅ ကြိမ်ပေးဆပ်ရတဲ့အတွက်  သတ်မှတ်အတိုး ၁၀၀ ကို ၂ဒသမ ၅ ရာခိုင်နှုန်းအပြင် စုငွေအပေါ် ပြန်ပေးရတဲ့အတိုးက ၁ဒသမ၅ ရာခိုင်နှုန်းဖြစ်လို့  ဆင်းရဲသားတွေမှာနစ်နာတယ်၊ စစ်ကို်င်းတိုင်းအစိုးရက သတ်မှတ်ပြင်ဆင်ထားတဲ့အတိုး နှုန်းက  တစ်လ၂ ရာခိုင်နှုန်းပဲ “ဟု ၀က်လက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း ကပြောသည်။

  စစ်ကို်င်းတိုင်းအတွင်း လက်ရှိလုပ်ကိုင်နေသော အသေးစားငွေရေးကြေးရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ထုတ်ပေးသော လိုင်စင်များဖြင့် သာ လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး မှ ပြင်ဆင် ပြဌာန်းသော အသေးစားငွေချေးလုပ်ငန်း ဥပဒေ တွင်  အတိုးနှုန်းမှာတစ်လ ၂ ရာခိုင်နှုန်းသာဖြစ်သော်လည်း  တိုင်းဒေသကြီး ဥပေဒဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များမှာ ယခုချိန်ထိ ခွင့်ပြုထုတ်ပေးထားခြင်းမရှိ သေးကြောင်း ၀န်ကြီး ဦးစိုးဦး ကပြောသည်။

    “  ၁၄ ရက်အတွင်း ကောက်တာ ရှိရင် စာနဲ့ပေနဲ့ပြောပြရင် ပြန်ပြီး ကြီးကြပ်ပေးပါမယ်” ဟု ၀န်ကြီး ကပြောသည်။

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု အစိုးရအသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်  ချေးငွေထုတ်ချေးနေသော ငွေရေးကြေးရေး ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်း (၂၅) ဖွဲ့ရှိနေသည်။

 ကိုသစ္စာ-မုံရွာ

No comments:

Post a Comment