ရန်ကုန် ဇွန် ၁၃
ရန်ကုန်မြို့တွင်း နေရာအနှံ့ ပြေးဆွဲနေသော စီးတီးတက္ကစီကုမ္ပဏီများကို ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်မှု ဆောင်ရွက်ထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ယနေ့ ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၏ မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်မြလှစံက ရန်ကုန်မြို့အတွင်း နေရာအနှံ့ ပြေးဆွဲနေသော စီးတီးတက္ကစီ များ ဖြစ်သည့်Grab, Uber, Oway, Hello Cabs စသည့် ကုမ္ပဏီများ၏ ဝင်ငွေခွန်အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးမြန်း ခဲ့သည်။
ထို့သို့ မေးမြန်းမှုအပေါ် ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသော ရုံးဌာန ငါးခု ရှိပါကြောင်း၊ ယင်းတို့မှာ အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁)၊ (၂)၊ (၃)နှင့် ရန်ကုန်တိုင်းဒေသကြီး အခွန် ဦးစီးဌာနမှူးရုံးတို့ ဖြစ်ပါကြောင်း၊ အဆိုပါ ဌာနများတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးသည် ပြည်တွင်း အခွန်များဦးစီးဌာနမှ သတ်မှတ်ပေးထား သည့် နှစ်ချုပ်ရောင်းရငွေ၊ ဝင်ငွေပမာဏ အကြီးဆုံးဖြစ်သော ကုမ္ပဏီများကို စည်းကြပ်မှု ဆောင်ရွက်ရပါကြောင်း၊ ရန်ကုန်မြို့တွင်း နေရာအနှံ့ပြေးဆွဲနေ သော စီးတီးတက္ကစီများဖြစ်သည့် Grab, Uber, Oway, Hello Cabs စသည့် ကုမ္ပဏီများသည် နိုင်ငံခြားသား အစုရှင် များ ပိုင်ဆိုင်ပါဝင်သည့် ကုမ္ပဏီများဖြစ်ပါ ကြောင်း၊Grab စီးတီးတက္ကစီ၊Uber စီးတီးတက္ကစီနှင့်Hello Cabs စီးတီး တက္ကစီတို့သည် အလယ်အလတ် အခွန် ထမ်းများဆိုင်ရာ အခွန်ရုံး (၂) တွင် စည်းကြပ်မှုခံယူလျက် ရှိပါကြောင်း၊ ယင်းတို့အနက် Hello Cabsစီးတီး တက္ကစီသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ လုပ်ငန်းစတင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ¤င်းတို့သည် ၂ဝ၁၆-၂ဝ၁၇ ဝင်ငွေနှစ် အတွက် အခွန်စည်းကြပ်မှုဆောင်ရွက် ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဝင်ငွေနှစ်နှင့် ၂ဝ၁၈-၂ဝ၁၉ ဝင်ငွေနှစ်တို့အတွက် ကြိုတင် ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ဝင်ငွေ ခွန်များ ကောက်ခံရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၃)တွင် စည်းကြပ်မှုခံယူ လျက်ရှိသည့် Oway စီးတီးတက္ကစီ သည် လုပ်ငန်းစတင်လည်ပတ်သည့် ၂ဝ၁၆-၂ဝ၁၇ ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များ စည်းကြပ်ဆောင်ရွက် ထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)ဓာတ်ပုံ- ထိန်လင်း
No comments:
Post a Comment