Latest News

Tuesday, June 26, 2018

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် ရှုထောင့်မှုခင်း သတင်းထောက်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်



နေပြည်တော်၊ ဇွန်၂၆

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ၀တ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း”ထို့ပြင် ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မှုခင်းသတင်းထောက် များအပါအဝင် သတင်းထောက်အသင်းဝင်များအနေဖြင့်နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင် သဏ္ဍာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့်ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ အမှုများတွင် အမှုလိုက် အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်းစသည့်ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ်စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကြေညာချက်များထုတ်ပြန် ထားခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ကြေညာထားပြီးဖြစ်သော်လည်း ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ည (၁၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ၊ ဦးအောင်ထွန်းသည် နားတောကျေးရွာနေ ဦးသိန်းရွှေ၊ ဦးစံတဲ၊ ဦးမောင်အုန်းတို့နှင့်အတူ နားတောကျေးရွာ၊ မူလတန်းလွန်ကျောင်းစာရေးခုံများပြုပြင်ရန်အတွက် ပျဉ်တိုပျဉ်စပျဉ်ဟောင်းများအား ပရိဘောဂဆိုင် သို့ပို့ရန်တုန်းဖုန်းယာဉ်ဖြင့် သယ်ဆောင်လာစဉ် ရှုထောင့်မှုခင်းသတင်းထောက် အမည်ပါဝတ်စုံ ဝတ်ဆင်ထားသူ(၁)ဦးအပါအဝင် စုစုပေါင်း(၄)ဦးတို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့်ရောက်ရှိလာပြီး “အမှုလိုတယ်၊ ငွေမလိုဘူး၊ တာဝန်ရှိသူတွေကို ပိုက်ဆံပေးထားသလား”ဟု ပြောဆိုကာ ထောင် (၁၀)နှစ်ထိကျနိုင်တဲ့ဥပဒေဖြင့် ဖမ်းဆီးမည်ဟုချိန်းခြောက်၍ ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ လိပ်စာမသိဆိုင်းဘုတ်ထောင်ထားသည့် အဆောက်အဦအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ပျဉ်တို ပျဉ်စများသယ်ဆောင်လာသူ ဦးအောင်ထွန်းတို့အဖွဲ့အား အဆောက်အဦအတွင်း၌ ထိုင်ခိုင်းကာ ဇော်လင်းထွန်းဆိုသူမှ ၎င်းသည်ခရိုင်သတင်းထောက်ဥက္ကဌဖြစ်ကြောင်းပြောဆို၍ ဦးအောင်ထွန်း၏ လွယ်အိတ်ကိုရှာဖွေကာ “မင်းတို့အဖမ်းမခံရအောင်ဘယ်လိုညှိမလဲ”ဟု ပြောဆိုခဲ့ကြောင်း၊ ဦးအောင်ထွန်းနှင့်အဖွဲ့မှငွေ (၁)သိန်းကျပ်ပေးသော်လည်း လက်မခံဘဲငွေ(၅)သိန်းကျပ်ပေးရန်ပြော သဖြင့် ငွေ(၅)သိန်းကျပ်ထုတ်ပေးခဲ့ရကြောင်း၊ ဇော်လင်းထွန်းပါ(၄)ဦးအား အရေးယူပေးရန် ဦးအောင်ထွန်းမှ တိုင်တန်းခဲ့၍ ဇွန်လ ၂၃ ရက်နေ့တွင် ဗန်းမောက်မြို့မရဲစခန်းမှ အမှုဖွင့်၍ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။


ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ဇော်လင်းထွန်း ၃၃နှစ်၊ (ဖ)ဦးသောင်းဟန်၊ မြနန္ဒာရပ်ကွက်၊ ဗန်းမောက်မြို့နေသူနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများဖြစ်သော မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး ၄၁ နှစ်၊ (ဖ)ဦးတင်စိုး၊ ရှိုင်းကိုကို(ခ) ကိုရှိုင်း ၃၁ နှစ်၊ (ဖ)ဦးသက်ဦး၊ မြင့်သူ(ခ)မြမိုး ၃၆ နှစ်၊ (ဖ)ဦးစံမြင့်တို့ (၄) ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇွန်လ ၂၅ ရက် နေ့တွင် အမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး တရားခံများထံမှ သက်သေခံငွေ ၅ သိန်းကျပ်၊ အခင်းဖြစ်စဉ် ဝတ်ဆင်ခဲ့သည့်ဝတ်စုံအပါအဝင် ရှုထောင့်မှုခင်းSHတံဆိပ်ပါ ပိကက်(၂)လုံး၊SH သတင်းထောက် လက်မောင်းတံဆိပ်ပါ အနက်ရောင်အင်္ကျီ (၂)ထည်၊ ရှုထောင့်မှုခင်း SH တံဆိပ်ပါ အနက်ရောင် လက်တိုအင်္ကျီ(၂)ထည်၊ အနက်ရောင်ဘောင်းဘီရှည်(၂)ထည်၊ ပြစ်မှုကျူးလွန်ရာ၌အသုံးပြုခဲ့သော YGN-6F/8908 နံပါတ်ပါ NISSAN PRIMERA အနက်ရောင် မော်တော်ယာဉ် (၁)စီးနှင့် နံပါတ်မပါ PANGBO-125 နီနက်ကျားဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဥပဒေမဲ့ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များလုပ်ကိုင်ကာ ရာဇဝတ်မှုကျူးလွန်ခဲ့သော ရှုထောင့် မှုခင်းသတင်းထောက်နှင့်အဖွဲ့ဝင်များဖြစ်သည့် ဇော်လင်းထွန်းပါ(၄)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/

No comments:

Post a Comment