Latest News

Monday, June 11, 2018

ဒေါပုံ တံတားသစ်ကြီးပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ဒေါပုံ တံတားသစ်ကြီးပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

ရန်ကုန် ဇွန် ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ပုဇွန်တောင်ချောင်းကို ဖြတ်သန်းကာ တည်ဆောက်နေသော ဂျပန်နည်းပညာသုံး ဒေါပုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းသည် ယခုအခါတွင် ၉၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ယနေ့နံနက် ၇ နာရီမှစတင်ကာ မော်တော်ယာဉ်များ ယာယီဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ တံတားစတင်ဖြတ်သန်းခြင်း အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနနှင့် လမ်းဦးစီးဌာန တို့မှ အင်ဂျင်နီယာချုပ်များနှင့် အင်ဂျင် နီယာများ၊ ဂျပန်အင်ဂျင်နီယာများ၊ ဒေါပုံ၊ ပုဇွန်တောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကာ တံတားကြီးပေါ်မှ မော်တော်ယာဉ်များ ဖြင့် ဖြတ်သန်း၍ လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း ကြည့်ရှု ကြသည်။
တံတားကြီး တည်ဆောက်ပြီးစီးမှု နှင့်ပတ်သက်၍ ဦးကျော်လင်း (အင်ဂျင် နီယာချုပ်) တံတား ဦးစီးဌာနက ''ဒီတံတားကြီးကို ယာယီဖွင့်လှစ်တာကတော့ ဂျပန် အပိုင်းက ချဉ်းကပ်လမ်း လုပ်ငန်းနဲ့ မြန်မာအပိုင်းက ချဉ်းကပ်လမ်းလုပ်ငန်း အပိုင်းနဲ့လုပ်ငန်းဆက်သွယ်တဲ့နေရာမှာ လုပ်ငန်းတွေ ကျန်နေတဲ့အတွက် ယာယီအားဖြင့် လုပ်ငန်းတွေကို အနှောင့် အယှက်မပေးအောင် တံတားသစ်ကြီးနဲ့ တံတားဟောင်းကို လမ်းလွှဲတွေလုပ်ပြီး ကျန်ရှိနေတဲ့ ချဉ်းကပ်လမ်းတွေကို ဆက်လက်လုပ်ဆောင် သွားမှာ ဖြစ်ပါ တယ်၊ ဒေါပုံဘက်နဲ့ ပုဇွန်တောင်ဘက်ခြမ်း မှာရှိတဲ့ ချဉ်းကပ်လမ်းနှစ်ခုကို ဆက်ပေး မှာဖြစ်ပါတယ်၊ ဇွန် ၂ဝ ရက်မှာ ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။ ဒီတံတားကြီးက ဂျပန်အစိုးရရဲ့ Grant Aid နဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်၊ တံတားကြီးက လေးလမ်းသွားဖြစ်တဲ့အတွက် ယာဉ်ကြော ကျပ်တည်းမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်၊ အဲဒီလိုပဲ ဒီတံတားကြီးက သီလဝါကလာမယ့် ကွန်တိန် နာယာဉ်တွေ သွားလာနိုင်မှာဖြစ်လို့ ရန်ကုန်မြို့ရဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာတွေကို ကုန်တွေ ပို့ဆောင်ရာမှာ လွယ်ကူချောမွေ့လာမှာ ဖြစ်ပါတယ်၊ ဒီတံတားက မြန်မာနိုင်ငံမှာ ပထမဆုံး ဆောက်လုပ်တဲ့ တံတားလည်း ဖြစ်ပါတယ်၊ မကြာခင်မှာ ဒီနည်းပညာနဲ့ ရန်ကုန်-သန်လျင်တံတား အမှတ်-၃ ကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်၊ ပဲခူးမြစ်ကူးတံတားကို ဂျပန် ချေးငွေနဲ့ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်၊ ဒေါပုံတံတား စတင်တည်ဆောက်စဉ်က မြန်မာအင်ဂျင်နီယာငယ်များ ပူးပေါင်း ပါဝင် တည်ဆောက်ခဲ့တဲ့အတွက် ဂျပန်အင်ဂျင်နီယာတွေဆီက နည်းပညာလွှဲပြောင်းမှုကိုလည်း ရရှိထားပြီးဖြစ်ပါတယ်၊ ဒီလိုတံတားမျိုးဆောက်လုပ်ဖို့ ကြုံလာမယ်ဆိုရင် မြန်မာအင်ဂျင်နီယာတွေက ဆောက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ''ဒီတံတားကြီးက မြို့နယ်တော်တော် များများနဲ့ ဆက်သွယ်နေပါတယ်၊ အဓိကအားဖြင့်တော့ ဒေါပုံနဲ့ ပုဇွန်တောင်အပြင် သာကေတနဲ့ မင်္ဂလာတောင်ညွန့်အစရှိတဲ့ မြို့နယ်တွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် စီးပွားရေးအရ အရေးပါတဲ့တံတားကြီးလို့ ဆိုရမှာပါ၊ ဒီတံတားကြီးပေါ်ပေါက်လာတဲ့အတွက် ယာဉ်ကြောကျပ်တည်းမှု ကိုလည်း လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်၊ ဒါပေမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ယာဉ်ရောင်းဝယ် ရေး စခန်းက အခု ၁ဝဝ လောက်ရှိပေမယ့် နှစ်ခုပဲ တရားဝင်ဖြစ်တယ်၊ ကျန်တာတွေက လမ်းမကြီးတွေ ဘေးတစ်ဖက်တစ်ချက်စီတွေမှာ တရားမဝင်ယာဉ်ရောင်းဝယ်ရေး ကားတွေရပ်ထားတဲ့အတွက် လမ်းတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ များနေပါတယ်၊ ဒါတွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ တိုင်းဒေသကြီးအစိုးရနဲ့ ဆွေးနွေးနေပြီဖြစ်ပါတယ်၊ မင်္ဂလာဈေးလို နေရာမျိုးမှာ ထိရောက်တဲ့ ယာဉ်ကြောစနစ်တွေ ပြင်ဆင်ဆောင်ရွက်သွားဖို့ လိုပါတယ်၊ ဒါမှသာ အခုတံတားသစ်ကြီး တည်ဆောက်ပေးနိုင်မှုကနေ ပြည်သူတွေအတွက် စိတ်ကျေနပ်မှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်နည်းပညာဖြင့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား (Cable Stayed Extra - Dosed Bridge) အမျိုးအစား တည်ဆောက်ထားခြင်းမှာ ဂျပန်နိုင်ငံ အနေဖြင့် ပထမဦးဆုံးတည်ဆောက်ထားခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ တည်ဆောက်ခဲ့ကြောင်း၊ နည်းပညာအသစ်ဖြင့် တည်ဆောက်ထားသော တံတားသစ်တည်ဆောက်ထားမှုကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းနှင့် တံတား ရေရှည်တည်တံ့စေရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းထိန်းသိမ်းသင့်ကြောင်း NIPPON KOEI Engineering Consultants မှ တံတားတည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ Kei KASAHARA က ပြောသည်။

အဆိုပါ ဒေါပုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ Consultant အဖြစ် တာဝန်ယူပြီး The Consortium of Tokyu-Toyo-IIK (Tokyu Construction Co.,Ltd, Toyo Construction Co.,Ltd and IHI Construction Co.,Ltd) မှ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဧပြီလပိုင်း က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ- မြင့်မောင်စိုး

No comments:

Post a Comment