Latest News

Thursday, June 21, 2018

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို အထူးပြပွဲအဖြစ် အာဇာနည်နေ့ အပါအဝင် ငါးရက် သတ်မှတ်ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိ

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို အထူးပြပွဲအဖြစ် အာဇာနည်နေ့ အပါအဝင် ငါးရက် သတ်မှတ်ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်  ဇွန်  ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မှ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ်  ခင်းကျင်းပြသထားရာ အာဇာနည်နေ့တွင် အထူးပြပွဲအဖြစ် ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရေးအတွက် ပြသနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တာဝန်ခံ ဦးခင်မောင်စိုးထံမှ သိရသည်။

''လောလောဆယ်မှာ    ပြည်တွင်းက ဧည့်သည်တွေ အားလုံးကို  အခမဲ့ဝင်ခွင့်ပြုထားပါတယ်။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ဝင်ကြေး ငွေကျပ်ငါးထောင် ကောက်ပါတယ်။ ဒါပေမဲ့  အထူးပြပွဲကို အာဇာနည်နေ့  ဇူလိုင် ၁၉ ရက်ကနေ  ၂၃ ရက်အထိ နိုင်ငံခြားခရီးသွား ဧည့်သည်တွေပါ  အခမဲ့ ဝင်ခွင့်ပြုမှာပါ။  နောက်ပိုင်း ပြည်တွင်းက လာရောက်လေ့လာ သူတွေကို ဝင်ကြေးအခမဲ့သတ်မှတ်ပြီး    နိုင်ငံခြားခရီးသွား ဧည့်သည်တွေကိုတော့   ဝင်ကြေးငါးထောင် ကောက်ခံသွားမှာပါ''ဟု ဦးခင်မောင်စိုး ကပြောသည်။

အထူးပြပွဲရက်များတွင် ပြတိုက်လျှောက်လမ်းတစ်လျှောက် ဗိုလ်ချုပ်၏ အဆိုအမိန့်များ၊ မိန့်ခွန်းများနှင့် ဓာတ်ပုံများကို ဗီနိုင်းများဖြင့် ချိတ်ဆွဲပြသရန် စီစဉ်ထားသည်။

''နှစ်တိုင်းပဲ  ကြိုတင်ပြင်ဆင်မှုတွေ ရှိပါတယ်။ အဆောက်အအုံကြံ့ခိုင်ဖို့၊ လာရောက်ကြည့်ရှုတဲ့ ဧည့်ပရိသတ်တွေ သွားဖို့၊  လာဖို့ အဆင်ပြေချောမွေ့ဖို့အတွက် ဆောင်ရွက် တာတွေရှိပါတယ်။ အဆောက်အအုံပိုင်းတွေ ဆိုရင်လည်း တချို့ယိုယွင်းတဲ့နေရာတွေ ကြံ့ခိုင်မှုရှိအောင် ပြန်ပြီးထိန်းသိမ်းတာတွေ ရှိပါတယ်။စင်္ကြံဆိုရင်  တချို့တိုင်တွေက ခြစားနေတာတွေရှိတယ်။ အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိတဲ့အတွက် ပြန်ပြင်ပါတယ်။

အဆောက်အအုံသက်တမ်း ၉၇ နှစ်ကျော်ပါပြီ။  နှစ်တစ်ရာပြည့်ရင် ရှေးဟောင်း အဆောက်အအုံလို သတ်မှတ်ပြီးသားဖြစ်တဲ့အတွက်  ရှေးဟောင်းအဆောက်အအုံ   ထိန်းသိမ်းရေး နည်းစနစ်တွေနဲ့ ပြင်ဆင်ထိန်းသိမ်းပါတယ်''ဟု ဦးခင်မောင်စိုး ကပြောသည်။

ပြတိုက်ကို ပုံမှန်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပြသလျက်ရှိရာ နေ့စဉ်ပျမ်းမျှ လူဦးရေ ၈ဝ၊ ၉ဝ ခန့် ဝင်ရောက်ကြသော်လည်း ကျောင်းသားများ လေ့လာသည့်ရက်များတွင် လူဦးရေ ၅ဝဝ၊ ၆ဝဝ အထိ လာရောက်ကြောင်း သိရသည်။

MWD

No comments:

Post a Comment