Latest News

Friday, June 1, 2018

အသည်းရောင် အသားဝါ ဘီရောဂါ

အသည်းရောင် အသားဝါ ဘီရောဂါ

ရောဂါရာဇဝင်

အသည်းရောင်အသားဝါ  ဘီရောဂါသည် DNA ဗိုင်းရပ်ဖြစ်သည့် အသည်းရောင် အသားဝါဘီပိုး (HBV) ကြောင့် ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်း အဓိက ရင်ဆိုင်နေရသော ရောဂါဖြစ်ပြီး   အသည်း အားနာတာရှည် ရောဂါအသွင် ဖြစ်ပေါ်စေသည်။ HBV ၏ ပုံသဏ္ဌာန်သုံးမျိုးမှာ စက်ဝိုင်းပုံသဏ္ဌာန်-၂၂ နာနိုမီတာ အရွယ်အစားရှိသည်။ပြွန်ပုံသဏ္ဌာန် -၂ဝဝ နာနိုမီတာ အရွယ်အစားရှိသည်။ DNA  အစိတ်အပိုင်း-၄၂ နာနိုမီတာ အရွယ်အစားရှိသည်။ ဆေးပညာရှင် ဟေပိုခရေးစ်တီးသည် ဘီစီ ၅ ရာစုခန့်ကပင် အသားဝါရောဂါပြန့်ပွားမှုကို ဖော်ပြခဲ့သည်။

၁၈၈၃ ခုနှစ်  ဂျာမနီနိုင်ငံတွင် သင်္ဘောသားများအား ရေကျောက် ကာကွယ်ဆေးထိုးပြီး အချိန်၌ အသည်းရောင်အသားဝါဘီကို ပထမဆုံး စတင်တွေ့ရှိခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြ ထားကြသည်။ ၁၉၄၃ ခုနှစ်တွင် အသည်းရောင် အသားဝါဘီရောဂါသည် သွေးမှတစ်ဆင့်    ကူးစက်တတ်သည်ကို လေ့လာဖော်ထုတ်နိုင်ခဲ့ကြသည်။ ၂ဝ ရာစုအစောပိုင်းနှင့် အလယ်ပိုင်းတို့တွင် အသည်းရောင်အသားဝါ ဘီရောဂါသည် ဆေးထိုးအပ်များနှင့် ခွဲစိတ်သုံး ပစ္စည်းများကို သေချာစွာမဆေးဘဲ ထပ်ခါထပ်ခါ အသုံးပြုခြင်းမှ တစ်ဆင့်လည်း   ကူးစက်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။

၁၉၆၅ ခုနှစ်တွင် Dr. Baruch Blumberg သည် HBV ရောဂါပိုးအား စတင်တွေ့ရှိခဲ့ပြီး  နိုဗယ်ဆုကို ရရှိခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် Australia  Antigen ဟုခေါ်ဆိုခဲ့ကြသော HBV ၏ DNA အစိတ်အပိုင်းကို တွေ့ရှိခဲ့ကြသည်။ Dr. Blumberg နှင့် အဏုဇီဝဆေးပညာရှင် Millman တို့သည် HBV အား သွေးအတွင်းမှ ရှာဖွေဖော်ထုတ်နိုင်သည့် စစ်ဆေးခြင်းကို စတင်တွေ့ရှိကာ ဆေးပညာနယ်ပယ်တွင် ကြီးမားသော တိုးတတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉၇၁ ခုနှစ်မှစတင်ကာ သွေးလှူဘဏ်များတွင် သွေးလှူရှင်များအား HBV ရောဂါပိုးအား စစ်ဆေးပေးခြင်းဖြင့် သွေးမှတစ်ဆင့် ကူးစက်ခြင်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။

Dr. Blumberg နှင့် Millman တို့သည် အသည်းရောင် အသားဝါဘီရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီး အသည်းရောင် အသားဝါဘီရောဂါကို ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ် လာနိုင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့အစည်း ခွင့်ပြုချက်ဖြင့် သွေးရည်ကြည်မှ ထုတ်လုပ်သောအသည်းရောင်အသားဝါ ရောဂါကာကွယ်ဆေးကို နိုင်ငံအများအပြား စတင်သုံးစွဲ လာခဲ့ကြသည်။

မြန်မာနိုင်ငံတွင်မူ ကာကွယ်ဆေးထိုးနှံခြင်း စီမံချက်ကို ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့ပြီး အသည်းရောင်အသားဝါဘီ  ကာကွယ်ဆေးကို  ၂ဝဝ၃ ခုနှစ်တွင်  စတင်ထိုးနှံပေးခဲ့သည်။    ၂ဝ၁၂ ခုနှစ်  ဇွန်လမှ စတင်ကာ  အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေး ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးငယ်များတွင် စတင်ထိုးနှံပေးခဲ့သည်။ ရောဂါဖြစ်ပွားမှု အခြေအနေ စစ်တမ်းများအရ    ကမ္ဘာတစ်ဝန်းတွင် လူဦးရေ သန်း ၃၅ဝ မှ သန်း ၄ဝဝ ခန့်သည် HBV ကူးစက်ခံနေရသည်။  ၎င်းလူဦးရေအတွင်းမှ ၂၅ ရာခိုင်နှုန်းသည် အသည်းရောင် အသားဝါဘီရောဂါ၏ နောက်ဆက်တွဲရောဂါများကို ခံစားနေကြရသည်။ အကြမ်းဖျင်းအားဖြင့် လူဦးရေတစ်သန်းခန့်သည် အသည်းရောင်အသားဝါဘီ ရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြရသည်။

ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းသည် အသည်းရောင် အသားဝါရောဂါဖြစ်မှုနှုန်း မြင့်မားသော ဒေသများတွင် နေထိုင်ကြပြီး  ၈ ရာခိုင်နှုန်းသည်  ရောဂါကူးစက်ခံနေရသည်။ ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည်  ရောဂါဖြစ်ပွားမှု အသင့်အတင့်ရှိသော နေရာဒေသများတွင် နေထိုင်ကြပြီး ၂ ရာခိုင်နှုန်း - ၇ ရာခိုင်နှုန်းသည် ရောဂါကူးစက်ခံနေရသည်။ ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသည် ရောဂါဖြစ်ပွားမှု နည်းပါးသော နေရာဒေသများတွင် နေထိုင်ကြပြီး   ၁ ဒသမ  ၅ ရာခိုင်နှုန်းသည် ရောဂါကူးစက် ခံနေရသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ရောဂါဖြစ်ပွားနှုန်းများမှာ ပစိဖိတ်အနောက်ပိုင်းတွင် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အာဖရိကတွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ မက်ဒီတာရီးယမ်းတွင် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဥရောပတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် အမေရိကတွင် သုည ဒသမ ၇ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။ အရှေ့တောင်အာရှဒေသတွင်မူ ၂ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင်  ၅၁ သန်းသော လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်သည်  အသည်းရောင် ရောဂါဖြစ်ပွားလျက် ရှိပြီး ၃ ဒသမ ၃ သန်းသည် အသည်းရောင် အသားဝါဘီရောဂါ၊ ၁ ဒသမ ၃ သန်းသည် အသည်းရောင်အသားဝါ စီရောဂါဖြစ်ပွားလျက် ရှိသည်ဟု လေ့လာချက်များအရ သိရှိရသည်။ ရောဂါကူးစက်ပြန့်ပွားပုံ HBVရောဂါပိုးသည် သွေး၊ သွေးရည်ကြည်၊ တံတွေး၊ သုက်ရည်၊ ဆီးနှင့် မျက်ရည်တို့တွင် ပါဝင်ပြီး   သွေးနှင့် သွေးရည်ကြည်အတွင်း၌ ပမာဏ များပြားစွာပါဝင်သည်။

ထို့ကြောင့်  အသည်းရောင် အသားဝါ ဘီပိုးသည် ရောဂါပိုးရှိသူ၏ ကိုယ်ခန္ဓာမှ အရည်တစ်မျိုးမျိုး (ဥပမာ-သွေး၊ တံတွေး၊ သုက်ရည်) တို့ဖြင့် ထိတွေ့ခြင်းဖြင့် ကူးစက်ပြန့်ပွားနိုင်သည်။ သွေးသွင်းခြင်းနှင့် အပ်များကိုပြန်လည် အသုံးပြုခြင်းသည် အဓိကကူးစက်သော နည်းလမ်းဖြစ်သည်။ လိင်ဆက်ဆံရာတွင် သုတ်ရည်မှတစ်ဆင့် ကူးစက်နိုင်သကဲ့သို့ နှုတ်ခမ်းချင်း နမ်းရှိုက်ခြင်းနှင့် ကိုက်မိခြင်းတို့ကြောင့် တံတွေးမှတစ်ဆင့် ရောဂါကူးစက်နိုင်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်မှကလေးသို့လည်း ကူးစက်နိုင်သည်။ HBVရောဂါပိုး ကူးစက်ခံရသော ကလေးငယ်များ၏ ၉ဝ ရာခိုင်နှုန်းသည် နာတာရှည် အသည်းရောင် အသားဝါဘီရောဂါ ကို ခံစားဖြစ်ပေါ်စေသည်။ ကိုယ်ဝန်ဆောင်စဉ် အတွင်း HBV ရောဂါရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်းသည် အလွန်ပင်အရေးကြီးသော အချက်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မိခင်တွင် HBV ရောဂါပိုး ကူးစက်ခံနေရလျှင် ကြိုတင် ကာကွယ်ကုသမှု မပြုလုပ်ပါက  ၇ဝ  ရာခိုင်နှုန်း- ၉ဝ ရာခိုင်နှုန်းသည် ကလေးသို့ ကူးစက်နိုင်ကြောင်း တွေ့ရှိရသည်။ ရောဂါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်တတ်သော အသည်းရောင်အသားဝါ ဘီရောဂါသည် အခြားသော အသည်းရောင်ရောဂါများနှင့် ခွဲခြားရန် ခက်ခဲပြီး ရောဂါပိုး ကူးစက်ခံရသည့် အချိန်မှ ရက်ပေါင်း ၄၅ ရက်မှ ရက် ၁၆ဝ အတွင်း ဝေဒနာကို ဖြစ်ပေါ်ခံစားရသည်။

အများစုသည် ကိုယ်ခန္ဓာ၏ တုံ့ပြန်မှုကြောင့် ပျောက်ကင်းကြပြီး ၁ ရာခိုင်နှုန်း - ၂ ရာခိုင်နှုန်းခန့်သည် ပိုမိုဆိုးရွားသော   အသည်းရောင် ဝေဒနာကို ဖြစ်ပေါ်ခံစားကြရသည်။ ရုတ်တရက်ဖြစ်ပေါ်သော  အသည်းရောင် အသားဝါဘီရောဂါသည် ပိုမိုပြင်းထန်နိုင်သကဲ့သို့ နာတာရှည် အသည်းရောင် အသားဝါဘီရောဂါ အသွင်အဖြစ်သို့လည်း ကူးပြောင်းသွားနိုင်သည်။ နောက်ဆက်တွဲ ရောဂါအဖြစ် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာရောဂါများပါ ဖြစ်ပေါ်စေနိုင်သည်။

ရောဂါရှာဖွေခြင်း

အသည်းရောင် အသားဝါ ဘီရောဂါအား ရောဂါလက္ခဏာ တစ်ခုတည်းနှင့် ဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ဓာတ်ခွဲစမ်းသပ်ခြင်း အဖြေများနှင့် ပူးပေါင်းကာ ရောဂါကို သတ်မှတ်ကြသည်။  တိကျ မှန်ကန်သော  စစ်ဆေးမှုမှာ သွေးအတွင်းရှိ HBV ရောဂါပိုး၏ ပဋိလှုံ့ပစ္စည်းနှင့် ကိုယ်ခန္ဓာမှ ထွက်သော ပဋိပစ္စည်းတို့ကို   ပြုလုပ်စစ်ဆေးရမည်ဖြစ်သည်။ အသည်းရောင် အသားဝါဘီရောဂါပိုးကို စတင်ကူးစက်ခံရပြီး   ရက်ပေါင်း ၃ဝ ရက်မှ ၆ဝ ရက်အတွင်း စမ်းသပ်စစ်ဆေးတွေ့ရှိနိုင်သည်။ ထိုသို့စစ်ဆေးရာတွင် ဗိုင်းရပ်ပိုး၏ မျက်နှာပြင်ပေါ်ရှိ antigen (HBsAg) များအား ရှာဖွေစစ်ဆေးရသည်။၎င်း HbsAg သည် ခြောက်လထက် ပိုမိုစစ်ဆေးတွေ့ရှိလျှင် နာတာရှည်ရောဂါအဖြစ်  သတ်မှတ်သည်။

အသည်းရောင်အသားဝါ ဘီရောဂါအား ရှာဖွေစစ်ဆေးရာတွင် -

၁။ HBV  Virus  DNA အစိတ်အပိုင်းအား ရှာဖွေခြင်း- ၎င်း DNA သည် ရောဂါကူးစက်ခံရပြီး အစောပိုင်းအချိန်အတွင်းတွင် စတင်တွေ့ရှိနိုင်ပြီး   Nucleic Acid  Tests(NAT) ဖြင့် စစ်ဆေးနိုင်သည်။ NAT သည် HBV ပိုးကူးစက်ခံနေရမှုအား အစောဆုံး သိရှိနိုင်သော  နည်းလမ်းဖြစ်သောကြောင့် သွေးလှူဘဏ်များတွင်   အသုံးပြုခြင်းနှင့် ကိုယ်အင်္ဂါအစားထိုး ကုသမှုလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြသည်။

၂။ Antigen အားရှာဖွေခြင်း (HBsAg, HBeAg)

၃။ Antibody  အားရှာဖွေခြင်း (Anti-HBs, Anti-HBc)

၎။ HBV Virus အားရှာဖွေခြင်း-  ၎င်းစစ်ဆေးမှုသည်  မလွယ်ကူသောကြောင့် လက်ရှိတွင်   ကမ္ဘာတစ်ဝှမ်းလုံး၌ HBV DNA ၊ antigen နှင့် antibody ကိုသာ စစ်ဆေးနေကြသည်။

၅။ အခြားသောစစ်ဆေးမှုဖြစ်သည့် -    

-အသည်းအင်ဇိုင်းများ စစ်ဆေးခြင်း    

- Ultrasound ရိုက်ခြင်း    

- HBVပိုးကောင်ရေ စစ်ဆေးခြင်း စသည် တို့ကိုလည်း ထပ်တိုး စစ်ဆေးနိုင်သည်။ ရောဂါကာကွယ်ခြင်း - ဆေးမင်ကြောင်ထိုးခြင်း၊   မုတ်ဆိတ်ရိတ်တံနှင့် အပ်များ မျှဝေသုံးစွဲခြင်းများ မပြုလုပ်ရ။

-သွေးနှင့်ဆက်စပ်သောပစ္စည်း ကိုင်တွယ်ရာတွင် စနစ်တကျ သေချာကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန်။

-သွေးသွင်းကုသရာတွင် ကုသမည့် သွေးအား သေချာစွာစစ်ဆေးရန်။

-အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်းနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်းကို အလေ့အကျင့်ပြုလုပ်ရန်။ (တစ်လင်တစ်မယားစနစ် ကျင့်သုံးရန်)

- HBVကာကွယ်ဆေးများ ထိုးနှံထားရန်။

-ကိုယ်ဝန်ဆောင်မိခင်များ HBV ရောဂါပိုးအား စစ်ဆေးရန်။

- HBVရောဂါပိုး  မိခင်ထံတွေ့ရှိပါက ကြိုတင်ကုသမှု ခံယူရန်။

-မွေးကင်းစ  ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးနှံခြင်း   စီမံချက်အရ ကာကွယ်ဆေးများကို   သတ်မှတ်ချိန် အတိုင်းထိုးနှံရန် လိုအပ်သည်။

-သို့မှသာ HBV ရောဂါပိုး ကူးစက်ပြန့်ပွားနှုန်းကို ထိန်းချူပ်နိုင်ပြီး အသည်းရောင် အသားဝါဘီရောဂါမှ ကင်းဝေးနိုင်မည် ဖြစ်သည်။

(အသည်းရောင်အသားဝါ  ဘီပိုးသည် ကိုယ်ခန္ဓာ၏ အပြင်ဘက်တွင် ခုနစ်ရက်ခန့် အသက်ရှင်နေထိုင်နိုင်ပြီး ၎င်းအချိန်အတွင်းတွင် အခြားသူတစ်ဦးထံသို့ ကူးစက်နိုင်ပေသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ ရောဂါကာကွယ်ဆေးအား  သတ်မှတ်ထားသည့်အတိုင်း ထိုးနှံထားရမည်။)

အချုပ်အားဖြင့်ဆိုရသော် အသည်းရောင် အသားဝါဘီရောဂါသည် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်သော်လည်း ကူးစက်ပြန့်ပွားနှုန်းများ ကမ္ဘာတစ်ဝန်း များပြားလျက် ရှိနေဆဲပင်ဖြစ်သည်။ သို့ရာတွင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင်လည်း HBV နှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများတွင် ပါဝင်ခြင်းဖြင့် အသည်းရောင်အသားဝါ ဘီရောဂါအား ကြိုတင်ကာကွယ်ကြရမည် ဖြစ်ပေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့သည် အသည်းရောင် အသားဝါဘီ ရောဂါဖြစ်ပေါ်စေမည့် အကြောင်းတရားများကို    သိရှိရှောင်ရှား ဆင်ခြင်နိုင်ရန် ဖြစ်ပြီး လူသားတို့သည် အသည်းရောင် အသားဝါဘီ ရောဂါ၏ြ ခိမ်းခြောက်မှု အန္တရာယ်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်နိုင်မည်ဖြစ်ပေသည်။   ။

ဒေါက်တာကိုကိုဝင်း
MWD

No comments:

Post a Comment