Latest News

Friday, June 1, 2018

ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် ထိုင်းနိုင်ငံအလိုရှိ တရားခံ တစ်ဦးအား ရွှေထည်များ၊ နိုင်ငံငွေကြေးများနှင့် အတူ တာချီလိတ်၌ ဖမ်းဆီးရမိ

ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် ထိုင်းနိုင်ငံအလိုရှိ တရားခံ တစ်ဦးအား ရွှေထည်များ၊ နိုင်ငံငွေကြေးများနှင့် အတူ တာချီလိတ်၌ ဖမ်းဆီးရမိ


တာချီလိတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာ၌ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် ထိုင်းနိုင်ငံမှ အလိုရှိ ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းဘတ်ငွေ ၄၂ သိန်း၊ မြန်မာငွေ ၈၄ သိန်းကျော်၊ ရွှေထည်ပစ္စည်းများနှင့်အတူ မေ ၃၁ ရက်ည ၁၁ နာရီကျော်က ဖမ်းဆီးရမိသည်။

မေ ၃၁ ရက် ည ၁၁ နာရီ ၁ဝ မိနစ်အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ရဲအုပ်သုမောင် ဦးစီးအဖွဲ့၊ တာချီလိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုတိယလဝကမှူး ဦးမျိုးနိုင်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စုမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ထိုင်း နိုင်ငံမှ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့ဖြင့် ကူညီစုံစမ်းဖမ်းဆီးပေးရန်အတွက် ထိုင်းနိုင်ငံမှ သတင်းဖလှယ်ဆက်သွယ်ပေးပို့ထားရှိသော ထိုင်းအလိုရှိ တရားခံ ထိုင်းနိုင်ငံ သား မစ္စတာ ကျလွန်(ခ)ဝိုင်(ခ)ကော့ကိတိဖွန်ဖာနိ (Mr. Charoen Kiattiphonphanit)သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ အမှတ်(တကက -၈၇)၊ အခန်းအမှတ်(၁)တွင် တည်းခိုနေကြောင်း သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ ၄င်းအား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ¤င်းခံမှ လက်ကိုင်ဖုန်း ခုနှစ်လုံး အားလည်းကောင်း၊ ထိုင်းဘတ်ငွေ ၄၂ သိန်းအားလည်းကောင်း၊ မြန်မာငွေ ၈၄၄၅ဝဝဝ ကျပ်အားလည်းကောင်း၊ ရွှေဟုယူဆရသည့် ကျောက်ပါလက်စွပ် ခြောက်ကွင်း၊ ဆွဲကြိုး တစ်ကုံး၊ ဟန်းချိန်း နှစ်ခု၊ လက်ကောက် တစ်ကွင်း၊ လိပ်ပုံရွှေပြား တစ်ပြား၊ စုစုပေါင်းအလေးချိန် ၃၈၄ ဂရမ်ခန့်အားလည်းကောင်း၊ အခန်းရှေ့ခြံဝန်းအတွင်း ရပ်ထားသည့် ၄င်း ပိုင်းဆိုင်သော ALPHARDအမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီးအားလည်းကောင်း သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိသည်။

 ''ထိုင်းနိုင်ငံမှ အလိုရှိတရားခံ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံသားကော၊ အထောက်အထားမရှိ လက်ခံငှားရမ်းပေးသူကောလူဝင်မှုကြီးကြပ်ရေးလတ်တလောပြဌာန်းထားသည့် အက်ဥပဒေနဲ့ အရေယူထားပါတယ်၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးအမှုတို့နဲ့ ထိုင်းနိုင်ငံမှ အလိုရှိတာနဲ့ပတ်သက်ပြီးတိုက်ဆိုင်စစ်ဆေးနိုင်ရေးအတွက် ထိုင်းနိုင်ငံ(ONCB)နှင့် ဆက်သွယ်ဆောင်ရွက်သွားမှာပါ'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားMr. Charoen Kiattiphonphanit (၄၂ နှစ်)၊ ဖလနခွန်းဒေသ၊ မဟာနခွန်းခရိုင်၊ ဗန်ကောက်မြို့ နေသူနှင့် အထောက်အထား မပါဘဲ အခန်းလက်ခံငှားရမ်းပေးခဲ့သူ လောတာ (အမျိုးသား)(၃၂ နှစ်)၊ ကွက်သစ်(၉)လမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြန်​မာ့အလင်း၊မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment