ဆီမာလွန်ဂန်(အင်ဒိုနီးရှား) ဇွန် ၂ဝ
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမားတြားကျွန်းရှိ မီးတောင်ရေအိုင်ကြီး၏ ရေနက်ပိုင်းတွင် ကူးတို့ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် ခရီးသည် ၁၈ဝ ခန့် ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ဇွန် ၂ဝ ရက်တွင် ပြောကြားသည်။ ပျောက်ဆုံးနေသူဦးရေမှာ ကနဦး ခန့်မှန်းချက်ထက် သုံးဆနီးပါး ပိုမိုများပြားနေကြောင်း၊ သို့ရာတွင် ကူးတို့ရေယာဉ်နစ်မြုပ်စဉ် တွင် ယင်းရေယာဉ်ပေါ်၌ ခရီးသည် မည်ရွေ့မည်မျှလိုက်ပါလာခဲ့သည်ကို ရှင်းလင်းစွာ မသိရှိရကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားသည်။
သစ်သားကိုယ်ထည် ကူးတို့ရေယာဉ်တစ်စင်းသည် ဇွန် ၁၈ ရက်တွင် တိုဘာရေအိုင်ကြီးအတွင်း၌ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရေအိုင်ကြီး သည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာနေရာ တစ်နေရာဖြစ်သည်။နစ်မြုပ်ခဲ့သောရေယာဉ်မှာ တရားမဝင်ခရီးစဉ် ပြေးဆွဲနေသော ရေယာဉ် တစ်စင်းအဖြစ် ယူဆရပြီး ခရီးသည်စာရင်းမရှိပေ။
အဆိုပါကူးတို့ရေယာဉ်ပေါ်၌ ခရီးသည် ၁၈ဝ ခန့် လိုက်ပါလာခဲ့သည်ဟု ဘေးအန္တရာယ်ကယ်ဆယ်ရေးဌာနက ကနဦးတွင် ခန့်မှန်းခဲ့သည်။
အဆိုပါကူးတို့ရေယာဉ်တွင် ဒါဇင်များစွာသော မော်တော်ဆိုင်ကယ်များလည်းပါရှိကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။
သို့ရာတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဇွန် ၂ဝ ရက် ကြေညာချက်အရ ကူးတို့ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူ ၁၇၈ ဦးအထိ ရှိနိုင်ကြောင်း သိရသည်။ အကယ်၍ ယင်းအရေအတွက်ကို အတည်ပြုနိုင်ပါက အဆိုပါ ကူးတို့ရေယာဉ်နစ်မြုပ်မှုသည် အင်ဒိုနီးရှားနိုင်ငံ၌ ရေကြောင်းဆိုင်ရာ အကြီးမားဆုံး ဘေးဒုက္ခသင့်မှုကြီး ဖြစ်လာမည်ဖြစ်သည်။
ဒေသခံပြည်သူများက ၎င်းတို့ဆွေမျိုးများ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ သတင်းပို့ချက်များအရ ပျောက်ဆုံးနေသူ ဦးရေကို ပြင်ဆင် ခန့်မှန်းခြင်းဖြစ်ကြောင်း ကူးတို့ရေယာဉ်စီး ခရီးသည်များအတွက် လက်မှတ် တစ်စောင်မျှ ထုတ်ပေးခဲ့ခြင်းမရှိကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ မိုဟာမက်ဆာရာအူဇီက ပြောကြားသည်။
လက်ရှိအချိန်အထိ လူသေအလောင်း သုံးလောင်းထက်မနည်း ရှာဖွေ တွေ့ရှိရပြီး လူ ၁၈ ဦးကို ကယ်ဆယ်ရရှိထားသည်။
ရေယာဉ်နစ်မြုပ်သည့် ရေအိုင်ကြီးသည် အလွန်ကျယ်ပြောလှ သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရက်သတ္တတစ်ပတ်ထက် မနည်း အချိန်ယူလုပ်ဆောင်ရမည်ဟု ဆိုသည်။ ၎င်းရေအိုင်ကြီးသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖွယ်ရှိသော မဟာမီးတောင်တစ်လုံး၏ ထိပ်ဝတွင် ဖြစ်ပေါ်နေသည့် သဘာဝရေအိုင်ကြီး ဖြစ်သည်။ အဆိုပါရေအိုင်သည် ၁၁၄၅ စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၄၄ဝ၇) ကျယ်ဝန်းကာ ကမ္ဘာပေါ်တွင် ရေအနက်ဆုံး ရေအိုင်များတွင် ပါဝင်သည်။
Mirror
No comments:
Post a Comment