Wednesday, June 20, 2018
တရုတ်နိုင်ငံတွင် ရောင်းစားခံရပြီးဒုက္ခရောက်နေသည့် ပအိုဝ်းတိုင်းရင်းသား ၅ဦးကို ပြန်လည်ကယ်တင်နိုင်
တောင်ကြီး ဇွန် ၂၀
ဝမ်းစာဖူလုံရေးအတွက် တဖက်နိုင်ငံတွင် လစာကောင်းရမည်ဟုစွဲဆောင်ပြီး ပွဲစားကတရုတ်နိုင်ငံသို့ အခကြေးငွေယူပို့ဆောင်ရာမှ အပို့ခံရသူများလစာမရဘဲဒုက္ခနှင့်ကြုံတွေ့နေရသည်ကို ပအိုဝ်းကျန်းမာရေးအဖွဲ့က ပြန်ကယ်နိုင်ကြောင်းသိရသည်။
တရုတ်နိုင်ငံမန်စီမြို့နယ်တွင် အလုပ်သွားလုပ်ရာတွင် လစာမရပဲဒုက္ခရောက်နေသည့် ပအိုဝ်းတိုင်းရင်းသား ၅ ဦးကို ပအိုဝ်းဒေသကျန်းမာရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့က ပြန်လည်ကယ်တင်ပေးခဲ့ကြောင်း ဇွန် ၂၀ ရက်တွင်သိရသည်။
``သူတို့ဒေသမှာ စိုက်ပျိုးရေးတစ်မျိုးပဲရှိတယ် အဲစိုက်ပျိုးရေးကလည်းဈေးကွက်ကမရှိဘူး၊ မြို့နဲ့အလှမ်းဝေးတယ် အဲတော့ ကျန်းမာရေး၊ ပညာရေး၊ ကိုယ့်ဝမ်းစာဖူလုံရေး စတဲ့အထွေအထွေစရိတ်အတွက် ပိုက်ဆံလိုလာတယ်။ ဝင်ငွေလည်းကောင်းမယ် အလုပ်လည်းသက်သက်သာသာလုပ်ရမယ်လို့ အခကြေးငွေယူပြီး လူပို့ပေးတဲ့ပွဲစားတွေကမြူ စွယ်တော့ ပါသွားကြတာပေါ့´´ဟု ပအိုဝ်းဒေသ ကျန်းမာရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒါရိုက်တာခွန်နေထူးကပြောသည်။
အဆိုပါ ပအိုဝ်းတိုင်းရင်းသား ၅ ဦးကို တောင်ကြီးမြောက်ဘက် နေထိုင်သူ ကိုငယ် ဆိုသူက အလုပ်အပ်ပေးမည်ဟုပြောကာ တစ်ယောက်ကို ဝန်ဆောင်ခ ကျပ်နှစ်သိန်းငါးသောင်းယူပြီး ဧပြီလတွင် တရုတ်နိုင်ငံကို ပို့ပေးခြင်းဖြစ်ကြောင်းသိရသည်။
ကိုငယ်သည် အမှန်တစ်ကယ် အလုပ်အပ်မပေးပဲ ရွှေလီရှိ Five star အလုပ်သမားရှာဖွေရေးကုမ္မဏီတွင်သာ ခေါ်ဆောင်သွားပြီး ပစ်ထားခဲ့ကြောင်း၊ ယင်းကုမ္မဏီကသုံးယောက်ကို စားသောက်ဆိုင်တွင် အလုပ်သွင်းပေးပြီး နှစ်ယောက်ကိုကြံခင်းတွင် နေ့စားအလုပ်သမားအဖြစ် ပို့ပေးခဲ့ကြောင်း၊ ယင်းသို့အလုပ်လုပ်နေစဉ်အတွင်း တစ်လမှ လစာမရရှိပဲ မှတ်ပုံတင်များကို အလုပ်ပိုင်ရှင် တရုတ်သူဌေးများက သိမ်းထားသည့်အပြင် တရုတ်လိုသာရေးထား သည့်စာချုပ်ဖြင့် အလုပ်အေဂျင်စီနှင့် အလုပ်ရှင်သူဌေးက လက်မှတ်ရေးထိုးရကြောင်း ပအိုဝ်းဒေသ ကျန်းမာရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒါရိုက်တာ ခွန်နေထူးပြောပြချက်အရသိရသည်။
ပအိုဝ်းဒေသကျန်းမာရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့၏ ကူညီမှုဖြင့် ပြန်လည်ရောက်ရှိလာသူများတွင် မောက်မယ်မြို့နယ် ထီဟန်ခြွီရွာမှ နန်းဗိုကြည်၊ နန်းဝွန် နှင့် နန်းနန်း ၊ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာမှ ခွန်ထင် ၊ မောက်မယ်မြို့နယ် ပနားပင်ရွာမှ ခွန်ထိန် ၅ ဦးတို့ဖြစ်သည်။
ယင်းသို့ လုပ်အားခမရသည့်အတွက် အလုပ်မှထွက်ကာ ရွှေလီမြို့ five star အလုပ်သမားရှာဖွေရေးကုမ္မဏီ သို့ပြန်သွားခဲ့ပြီး မှတ်ပုံတင်ကိုမူ အလုပ်ပိုင်ရှင်မှ ပြန်မပေးသည့်အတွက် ကုမ္မဏီကိုပြန်တောင်းခိုင်းရာ မှတ်ပုံတင်တစ်ခုကို တရုတ်ငွေ ယွမ် ၁၀၀ကျပ်ဖြင့် ပြန်ရွေးခဲ့ရပြီး လေးဦးသာမှတ်ပုံတင်ပြန်ရခဲ့ကြောင်း၊ မြန်မာနိုင်ငံဖက်သို့ ပြန်လာလိုသော်လည်း မပြန်တတ်သည့်အတွက် ယင်းကုမ္မဏီရုံးနောက်ဖက်အခန်းကျဉ်းထဲတွင် သုံးရက်တိုင်တိုင် ထမင်းမစားရပဲနေခဲ့ရကြောင်း၊ ဇွန်လ ၁၃ရက်တွင် နယ်စပ်တွင် အလုပ်လုပ်နေသည့် ခွန်ဝေဠုဆိုသူမှ ယင်းရုံးသို့ကိစ္စတစ်ခုဖြင့်ရောက်စဉ် တွေ့ခဲ့သည့်အတွက် ခွန်ဝေဠုမှ ထမင်းများဝယ်ကျွေးခဲ့ကြောင်း၊ ထိုမှတစ်ဆင
့်ခွန်ဝေဠုက ပအိုဝ်းဒေသကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီကို ဆက်သွယ်လာသည့်အတွက် စရိတ်ကားခများအားလုံးကို ကော်မတီမှ တာဝန်ယူပြီး ခွန်ဝေဠုမှ မြန်မာနိုင်ငံ မူဆယ်ကားဂိတ်အထိ လိုက်ပို့ပေးခဲ့ပြီး တောင်ကြီး မူဆယ်တိုက်ရိုက်ကားပေါ်တင်ပေးလိုက်သည့်အတွက် ဇွန် ၁၈ ရက်တွင် တောင်ကြီးမြို့ရှိ ပအိုဝ်းဒေသကျန်းမာရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီရုံးသို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့တရုတ်နိုင်ငံတွင် ယာယီနယ်စပ်ဖြတ်ကျော် ၇ ရက်လည်ပတ်ခွင့် လက်မှတ်ဖြင့်ဝင်ရောက်ပြီး တရားမဝင်နေထိုင်ကာ အလုပ်လုပ်နေသည့် သူများအများအပြားရှိပြီး တစ်ချို့သည် ပြန်လာလိုသော်လည်း ပွဲစားခကို အကြွေးယူပြီး သွားရသည့်အတွက် အကြွေးမဆပ်နိုင်သေးသည့်အတွက် မပြန်လာသည့်သူများလည်းရှိကြောင်း ခွန်နေထူးက ပြောသည်။
``သူတို့တွေ ၅ ဦးစလုံးက တစ်ယောက်မှ ကျောင်းမတက်ဖူးကြဘူး၊ မဗာစကားတောင်မတတ်ဘူး၊ အသိပညာဗဟုသုတတွေမရှိကြဘူး၊ ဒီလိုဖြစ်တာ သူတို့ကို အပြစ်တင်လို့မရဘူး၊ အဓိကကျတဲ့ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းအောင် မလုပ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ နဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်။ အဖက်ဖက်နိမ့်ကျနေတဲ့ ဒေသမှာနေထိုင်ကြတဲ့ ဒေသခံလူထုတွေ အထူးသဖြင့် လူငယ်လူရွယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန် လိုအပ်တယ်´´ဟု ခွန်နေထူးကပြောသည်။
ထိုသူ ၅ ဦးကို ယနေ့ဇွန် ၂၀ ရက်တွင် ပအိုဝ်းဒေသ ကျန်းမာရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ တာဝန်ယူပြီး တောင်ကြီးမြို့မှရွာပြန်ရောက်သည်အထိ ပို့ဆောင်ကာ မိဘဆီပြန်လည်အပ်နှံပေးခဲ့ကြောင်း ယခုကဲသို့ဖြစ်စဉ်များ ယခင်တွင်လည်းမကြာခဏဖြစ်ပျက်နေလျက်ရှိကြောင်း သိရသည်။
BY ခွန်ယံ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
တရုတ်နိုင်ငံတွင် ရောင်းစားခံရပြီးဒုက္ခရောက်နေသည့် ပအိုဝ်းတိုင်းရင်းသား ၅ဦးကို ပြန်လည်ကယ်တင်နိုင်
Reviewed by timeayeyar
on
6:01 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment