Latest News

Tuesday, June 5, 2018

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့

၂ဝ၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့(ယနေ့)ဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ပဲ ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကုလသမဂ္ဂက ကြီးမှူးပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီးက နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး တစ်ယောက်မကျန် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အလေးထား ဂရုပြုတက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက်လာကြစေဖို့ တွန်းအားပေးတဲ့အနေနဲ့ ရည်ရွယ်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ဖို့၊ လိုအပ်တဲ့နည်းပညာအကူအညီ ပေးနိုင်ဖို့စတဲ့ အချက်တွေ အပေါ်အခြေခံပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme, UNEP) ကိုလည်း ထိုညီလာခံကြီး အပြီးမှာပဲ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ကစပြီး UNEP က နှစ်စဉ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ရာ ယခုနှစ်တွင် အိန္ဒိယနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်တဲ့ တစ်ခါသုံး ပလတ်စတစ်ညစ်ညမ်းမှုကို တင်ပြလိုပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုဆိုသည်မှာ

ယနေ့ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအများစုဟာ သဘာဝ အကြောင်း တရားထက် လူတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပွား နေရခြင်းဖြစ်ပြီး ကြုံတွေ့နေရတဲ့ အဓိကပြဿနာရပ် တွေထဲမှာ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ လှုပ်လှုပ်ရှားရှား၊ သွားသွားလာလာ ဘဝလူနေမှုပုံစံများ အရ လူသားတွေဟာ အချိုရည်ဘူး၊ သောက်ရေသန့်ဘူး၊ ကြွပ်ကြွပ်အိတ် စတာတွေ အပါအဝင် အလွယ်တကူသုံးစွဲ၊ စွန့်ပစ်နိုင်တဲ့ တစ်ခါသုံးပလတ်စတစ် ထုတ်ကုန်တွေကို ပိုမိုသုံးစွဲလာကြပါတယ်။ ကြွပ်ကြွပ်အိတ် တွေ၊ ပလတ် စတစ် လူသုံးကုန်ပစ္စည်းတွေ၊ ပလတ်စတစ် ကလေးကစား စရာပစ္စည်းတွေနဲ့ တစ်ခါသုံးပလတ်စတစ် စွန့်ပစ်အမှိုက်တွေကို စာရေးသူတို့ ပတ်ဝန်းကျင် နေရာအနှံ့မှာ အလွယ်တကူ တွေ့မြင်နေရပါတယ်။ နေ့စဉ် စွန့်ပစ်တဲ့ အမှိုက်တွေမှာ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းတွေဟာ အများဆုံးဖြစ်လာပါတယ်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်ရဲ့ လေ့လာဆန်းစစ်မှု စစ်တမ်းများအရ ''ယနေ့ကမ္ဘာမှာ တစ်နှစ်ကို ပလတ်စတစ်အိတ် ဘီလီယံ ၅ဝဝ ခန့် နှစ်စဉ် အသုံးပြုလျက်ရှိကြောင်း၊ အသုံးပြုမှုရဲ့ ၅ဝ ရာခိုင်နှုန်းခန့်ဟာ တစ်ခါသုံးပလတ်စတစ် အိတ်တွေဖြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာများအတွင်းကို နှစ်စဉ် ရောက်ရှိသွားတဲ့ ပလတ်စတစ်ပမာဏဟာ အနည်းဆုံး တန်ချိန် ရှစ်သန်းခန့် ရှိကြောင်း၊ ပင်လယ်၊ သမုဒ္ဒရာများအတွင်း စွန့်ပစ်ပလတ်စတစ် ရောက်ရှိမှုကို ကမ္ဘာ့နိုင်ငံများအနေဖြင့် မထိန်းချုပ်နိုင်ဘူး ဆိုရင် ၂ဝ၅ဝ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ပင်လယ်၊ သမုဒ္ဒရာများအတွင်း ရေနေသတ္တဝါမျိုးစိတ် ပမာဏများထက် ပလတ်စတစ် ပမာဏက ပိုမိုရှိနေလိမ့်မည်ဖြစ်ကြောင်း'' သိရှိရပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာတာနဲ့အမျှ လူသားတွေ စွန့်ပစ်တဲ့ အမှိုက်ပမာဏလည်း ပိုမိုများပြားလာပြီး စုပြုံများပြားလာတဲ့ ပလတ်စတစ်အမှိုက်တွေဟာ ကမ္ဘာ တစ်ဝန်းလုံးက နိုင်ငံတွေမှာ ပလတ်စတစ်အသုံးပြုမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ကြုံတွေ့နေကြရပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများ

ပလတ်စတစ်မှာ မြေထု၊ လေထု၊ ရေထု ညစ်ညမ်းမှု ကို အဓိကဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေ ပေါင်းစပ် ပါဝင်ပါတယ်။ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာရဲ့ အဓိက ဇာစ်မြစ်ဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅ဝဝ ကနေ ၁ဝဝဝ ခန့်အထိ မပျက်မစီးဘဲ တာရှည်ခံ တည်ရှိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီပလတ်စတစ်အိတ်၊ ကြွပ်ကြွပ် အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်အမှိုက်တွေကို မြေနိမ့်ပိုင်းဖြစ်တဲ့ တွင်းတွေ၊ ချိုင့်တွေအတွင်း စုပုံကာ ဖို့မြေအဖြစ် အသုံးပြုပါကလည်း မြေကြီးထဲရောက်ရှိသွားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ နှစ်ပေါင်းများစွာ မပျက် မစီးဘဲ ရှိနေနိုင်တာကြောင့် မြေဆီလွှာပျက်စီးခြင်း၊ မြေဆီ လွှာအတွင်းရှိ အပင်မျိုးစေ့၊ သစ်စေ့များ အညှောင့် မထွက်နိုင်တော့ဘဲ သေကျေပျက်စီးကြရတဲ့ အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်ခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်ပွားစေပါတယ်။ မီးရှို့ဖျက်ဆီးပါကလည်း အီသိုင်းလင်း အောက်ဆိုက်နဲ့ ဒိုင်အောက်စင် ထွက်ရှိတဲ့အတွက် လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့အပြင် အငွေ့ကို ရှူရှိုက်မိတဲ့ လူတွေရဲ့ သွေးနဲ့ ဆီးတို့ထဲရောက်ရှိကာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ပလတ်စတစ်ပစ္စည်း တွေကို ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ကော်စေ့ဟာ သဘာဝသယံဇာတဖြစ်တဲ့ ရေနံစိမ်းကနေ ထုတ်ယူတာ ဖြစ်တဲ့အတွက် ပလတ်စတစ်အိတ်တွေ၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေကို အလွယ်တကူ ပမာဏ များပြားစွာ ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ပစ်နေခြင်းဟာ တစ်နည်း အားဖြင့် သဘာဝသယံဇာတကို ဖြုန်းတီးနေခြင်းပဲ ဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ ဆိုးကျိုးကွင်းဆက်အနေနဲ့ မိုးရွာချတဲ့အခါ အဲဒီပလတ်စတစ်အမှိုက်တွေဟာ ရေမြောင်းတွေအတွင်း မျောပါသွားပြီး ရေထွက်ပေါက် တွေကို ပိတ်ဆို့စေတာကြောင့် ရေစီးရေလာမကောင်းဘဲ ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ခါ ရေမြောင်းတွေ၊ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ် သမုဒ္ဒရာထဲကိုရောက်ရှိသွားကာ ကမ္ဘာ့ရေထုကို ညစ်ညမ်း စေတဲ့အပြင် ရေသတ္တဝါတွေရဲ့ နေထိုင်ကျက်စားတဲ့ ဂေဟ စနစ်ကိုပါ ပျက်စီးစေကာ ရေသတ္တဝါများလည်း သေကျေ ပျက်စီးကြရပါတယ်။ ပြီးခဲ့တဲ့နှစ်များစွာက လူတွေ အသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ လက်ရှိအချိန်မှာ တဖြည်းဖြည်း ပမာဏများပြား ကြီးမား လာပြီး ပင်လယ်၊ သမုဒ္ဒရာများအတွင်း ရောက်ရှိစီးမျော နေကာ ရေသတ္တဝါတွေအတွက် ဘေးအန္တရာယ် ကြုံတွေ့ နေရတဲ့အခြေအနေဖြစ်နေပြီ ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် သုတေသနမှတ်တမ်းများအရ မက်ထရစ် တန်ချိန်ပေါင်း ၄ ဒသမ ၈ သန်းနဲ့ ၁၂ ဒသမ ၇ သန်းကြားခန့် ပမာဏ ရှိတဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာ သမုဒ္ဒရာအတွင်း မျောပါလျက်ရှိကြောင်း တွေ့ရှိရပါတယ်။

ယခုဆိုလျှင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အခြားအမှိုက်တွေနဲ့အတူ ရောနှောစွန့်ပစ်ခြင်းကြောင့် အမှိုက်ပုံတွေမှာသာမက မြို့တွင်း၊ မြို့ပြင် လမ်းမဘေးမှာပါ တစ်ခါသုံး ပလတ်စတစ်အမှိုက်တွေ ရှုမြင်လို့ မကောင်း လောက်အောင် ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်း စေရုံသာမက သဘာဝမြင်ကွင်း၊ ရှုခင်းတွေကိုပါ အကျည်းတန်စေကာ မြို့ရဲ့ အင်္ဂါရပ်ကိုပါ ထိခိုက်စေပါ တယ်။ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် တစ်နည်းတစ်ဖုံအားဖြင့် ဆွဲဆောင်မှုလျော့ကျစေပြီး ကမ္ဘာ့နိုင်ငံများအကြား မိမိတို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထိခိုက်မှုမဖြစ်စေဖို့ အတွက် အလေးထား ဂရုပြုဖြေရှင်းဖို့ လိုအပ်ပါတယ်။ တကယ်တော့ အမှိုက်ကင်းစင်တယ်ဆိုတာ အမှန်တကယ်ကို ဂုဏ်ယူစရာကောင်းပြီး ကမ္ဘာ့နိုင်ငံများ အကြား နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ စည်းကမ်းကျန မြင့်မားခြင်းကိုပါ ဖော်ကျူးပြသနိုင်မှာ ဖြစ်ပါတယ်။

ဖြေရှင်းရမည့်နည်းလမ်းများ

ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ''ရေကြောင့်ဖြစ်တဲ့ ရွှံ့ညွန်ကို ရေဖြင့်ပင် သန့်စင်ရသကဲ့သို့ စိတ်ကြောင့်ဖြစ်တဲ့ အကုသိုလ်အညစ်အကြေးများကို စိတ်ဖြင့်ပင် သန့်စင် ဆေးကြောရ၏'' ဆိုသကဲ့သို့ လူတွေကြောင့် ဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ယွင်းမှုကို လူတွေကပင် ပြန်လည်ကုစားကြရမှာ ဖြစ်ပါတယ်။ ကြွပ်ကြွပ်အိတ် အပါအဝင် တစ်ခါသုံးပလတ်စတစ်အိတ်၊ ပလတ်စတစ် ပစ္စည်းတွေဟာ ဈေး သက်သာတယ်၊ သုံးစွဲရလွယ်ကူတယ်၊ ပေါ့ပါးတယ်၊ အတိုင်းအတာတစ်ခုအထိ ခိုင်ခံ့တယ်၊ စွန့်ပစ်ရလွယ်ကူတယ်ဆိုပေမယ့် တစ်ဖက်မှာ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆိုးကျိုးတွေကို ဖြေရှင်းနိုင်ဖို့ (၁) လျှော့သုံး မယ်၊ (၂) တစ်ခါသုံးမဟုတ်ဘဲ နောက်တစ်ခါ ပြန်လည် အသုံးပြုမယ်၊ (၃) ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည် ပြုပြင်သုံးစွဲမယ် စတဲ့ နည်းလမ်းတွေနဲ့ မိမိတို့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ''ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြ'' ဖို့ လိုပါတယ်။ တကယ်တော့ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြဖို့ဆိုရင် မိမိတို့ နေ့စဉ် လူနေမှုဘဝရဲ့ အမူအကျင့်လေးတွေကို ပြောင်းလဲ ပစ်ဖို့လိုပါမယ်။ စာရေးသူတို့ရဲ့ နေ့စဉ် လူနေမှုဘဝမှာ တစ်ခါသုံး သောက်ရေသန့်ဘူး၊ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းတွေကို မသုံးဖို့၊ အတတ်နိုင်ဆုံး လျှော့ချသုံးစွဲဖို့၊ ပလတ်စတစ်အိတ်တွေအစား ကြာရှည်သုံးစွဲနိုင်တဲ့ အဝတ်အိတ်စတဲ့ အိတ်တွေကို ပိုမိုထုတ်လုပ်သုံးစွဲဖို့၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို ပလတ်စတစ်ဘူးတွေနဲ့ ထုတ်လုပ်မယ့်အစား စက္ကူဘူးတွေနဲ့ ပြောင်းလဲ ထုတ်လုပ်သုံးစွဲကြဖို့၊ ပြန်လည်အသုံးပြုနိုင်တဲ့ ဖန်ပုလင်း၊ ဖန်ခွက်တွေကို သုံးဖို့၊ ဈေးဝယ်သွားရင် မိမိအိမ်က ထည့်စရာ အိတ်၊ ခြင်းတောင်းစတာတွေကို ယူဆောင်သွား ခြင်းဖြင့် တစ်ခုချင်းစီတိုင်း အတွက် ပလတ်စတစ်အိတ် တစ်အိတ်စီ သုံးစွဲမှုကို ရှောင်ကြဉ်ကြဖို့၊ တစ်ခါသုံး ပလတ်စတစ်မီးသီး၊ မီးချောင်းတွေကို လျှော့သုံးကြဖို့၊ ပလတ်စတစ် ရေခွက်၊ ပလတ်စတစ် ဇွန်း၊ ပလတ်စတစ် ခက်ရင်း၊ ပလတ်စတစ် ဓားစတဲ့မီးဖိုချောင်သုံး ပလတ်စတစ် ပစ္စည်းတွေအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေကို အသုံးပြုမယ့်အစား အကြိမ်ကြိမ် ပြန်လည် အသုံးပြုနိုင်တဲ့ ထမင်းချိုင့်၊ ထမင်း ဘူး၊ မုန့်ဘူး စတာတွေကို သုံးဖို့၊ ပလတ်စတစ်စွန့်ပစ် အမှိုက်တွေကို စနစ်ကျတဲ့ နည်းလမ်းတွေနဲ့ ခွဲခြားစွန့်ပစ်ဖို့ စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ပလတ်စတစ် ညစ်ညမ်းမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

အားလုံးအလေးထားပူးပေါင်းတိုက်ဖျက်ရန်လို

တကယ်တော့ အစိုးရတွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးအနေနဲ့ မိမိတို့ရဲ့ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းလိုစိတ်ရှိပြီး တစ်ခါသုံး ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုကို ဂရုပြုလျှော့ချကြဖို့ လိုအပ်လှပါတယ်။ သုံးစွဲသူတွေရော ထုတ်လုပ်သူတွေပါ တစ်ဦးချင်း တစ်ယောက်ချင်းစီ ပတ်ဝန်းကျင်အသိ၊ ပတ်ဝန်းကျင် သတိရှိကြပြီး တစ်ခါသုံးပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှု တွေကို ထိရောက်စွာ လျှော့ချကြခြင်းဖြင့်လည်းကောင်း၊ အစိုးရများဘက်ကလည်း အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကျင့်သုံးနေသလို အခွန်ကောက်ခံခြင်း၊ စည်းမျဉ်း၊ စည်းကမ်း များချမှတ်ပြီး တားမြစ်ပိတ်ပင်ခြင်းတို့ဖြင့်လည်းကောင်း ပလတ်စတစ် ညစ်ညမ်းမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ညစ်ညမ်းမှုဟာ သဘာဝရှုမြင်ကွင်းတွေကို အရုပ်ဆိုး အကျည်းတန်စေပြီး ကမ်းခြေနဲ့ သမုဒ္ဒရာတွေကို ဖျက်ဆီးတဲ့ အပြင် ရေသတ္တဝါ တွေကို အန္တရာယ်ဖြစ်စေပါတယ်။ စားသုံးနေတဲ့ အစားအစာများထဲအထိ ဝင်ရောက်နိုင်တဲ့အတွက် တစ်ခါသုံး ပလတ်စတစ်ညစ်ညမ်းမှုဟာ စာရေးသူတို့ လူသားအားလုံးရဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးတကြီး ပူးပေါင်းဖြေရှင်းရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များ

မိမိတို့နိုင်ငံအနေနဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်တို့ရဲ့ နည်းပညာ အကူအညီဖြင့် အခြားဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များဖြင့်ပူးပေါင်း၍ ထာဝစဉ်စိမ်းလန်း သန့်ရှင်းပြီး ကောင်းမွန်မျှတတဲ့ မြန်မာ့ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားနိုင်ဖို့ မျှော်မှန်းပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်(၂ဝ၁၇-၂ဝ၃ဝ)ကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂ဝ၁၇-၂ဝ၃ဝ) ဟာ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ရေရှည်စီမံခန့်ခွဲနိုင်မယ့် လမ်းပြ မြေပုံပဲ ဖြစ်ပါတယ်။

ဒီမဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ်အရ ထိရောက်တဲ့ အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိလာတဲ့ စွန့်ပစ် ပစ္စည်းများအတွက် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေတဲ့ စီမံခန့်ခွဲမှုစနစ်ကို တိုးမြှင့်ဆောင်ရွက်ရန်၊ ထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည် ပြုပြင်သုံးစွဲခြင်း(3R)ဖြင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချ ရန်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အစဉ်လည်ပတ် နေမယ့် ရန်ပုံငွေထားရှိစေရန်၊ စွမ်းဆောင်ရည်နဲ့ အသိပညာမြှင့်တင်ရန်၊ သတ်မှတ်ချက်များနဲ့အညီ စောင့်ကြည့်စစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်စေရန် စတဲ့ ပန်းတိုင်များရရှိအောင် အမျိုးသားအဆင့်မှသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်

နှစ်အလိုက် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီး ပြဿနာရပ်တွေကို ဖြေရှင်းနိုင်ဖို့၊ ကမ္ဘာ့နိုင်ငံတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ သိရှိအလေးထား ဆောင်ရွက်နိုင်ဖို့ အတွက် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှု ကင်းစင်ရေးနဲ့ သန့်ရှင်းတဲ့ပတ်ဝန်းကျင် တည်ဆောက်နိုင်ဖို့ ဒီနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် ကတော့ ''ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ - Beat Plastic Pollution'' ဖြစ်ပါတယ်။ အဓိကအားဖြင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းသုံးစွဲမှုတွေကို လျှော့ချခြင်း ဖြင့် ''ပလတ်စတစ်ညစ်ညမ်းမှုကို ဖယ်ရှားတိုက်ဖျက်ကြစို့'' ဆိုတဲ့ အကြောင်းအရာကို ထင်ဟပ်စေလိုခြင်း ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချဖို့၊ ရေရှည်စဉ်ဆက်မပြတ်တဲ့ အခြားနည်းလမ်း တွေနဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေ ရှာဖွေဖော်ထုတ် ခြင်းတွေကို အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့၊ ကမ္ဘာ့ နိုင်ငံတွေမှာ တစ်ခါသုံးပလတ်စတစ်အိတ် ညစ်ညမ်းမှုကို ဝိုင်းဝန်းတွန်းလှန် တိုက်ဖျက်ကြဖို့ အစိုးရတွေ၊ စက်မှု လုပ်ငန်းရှင်တွေအပါအဝင် ကမ္ဘာ့နိုင်ငံသားအားလုံး တစ်ဦးချင်း တစ်ယောက်ချင်းစီကို တိုက်တွန်းလိုတဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် တစ်ဦးချင်း တစ်ယောက်ချင်းစီ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ''ကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်အမွေအနှစ်''ကို ကျွန်ုပ်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် ''ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ခြင်း''၊ တစ်ခါသုံး ပလတ်စတစ်ညစ်ညမ်းမှုကို အားလုံးကာကွယ်ခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ကို စိမ်းလန်းကျန်းမာ သာယာဝပြော သော ကမ္ဘာကြီးအဖြစ်သို့ အားလုံးဝိုင်းဝန်းထိန်းသိမ်း ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

ကိုးကား-
(၁) www.wikipedia.com
(၂) vietnamnews.vn (21.4.2018)
(၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး (ဝန်ထမ်းလက်စွဲ)
(၄) ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ် ဇွန်လထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများ၏ ခေါင်းကြီးပိုင်းများ

ဇာခြည်လှသန်း

No comments:

Post a Comment