Latest News

Tuesday, June 5, 2018

မိုးကုတ် ပတ္တမြား

မိုးကုတ် ပတ္တမြား

ပတ္တမြားဆန်ကျိုး၊ အဖိုးပြည်တန်ဟူသည့် ဆိုရိုးစကားအတိုင်း ပတ္တမြားကျောက်များသည် အလွန်အရည်အသွေး ကောင်းမွန်ပါက သေးငယ်သည့်တိုင် တန်ဖိုးမဖြတ်နိုင်ဘဲ ကမ္ဘာ့ကျောက်မျက်ရတနာလောက တွင် ထိပ်တန်းမှ ရပ်တည်လျက်ရှိသည်။

ပတ္တမြားကို နိုင်ငံအနည်းငယ်တွင်သာ တူးဖော်ရရှိနိုင်သည့်အနက် မြန်မာနိုင်ငံ မိုးကုတ်မှထွက်ရှိသည့် ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာ ဈေးကွက်တွင် အရည်အသွေးအကောင်းမွန်ဆုံးနှင့် အထင်ရှားဆုံး ဖြစ်ပေသည်။

ပတ္တမြားကို အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့တွင် အနည်းအကျဉ်း တူးဖော်ရရှိနိုင်ကာ အရှေ့တောင်အာရှဒေသတွင် မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်သာ တူးဖော်တွေ့ရှိနိုင်သည်။ မိုးကုတ်သည် ပတ္တမြားမြေဟု ဆိုရလောက်အောင်ပင် ပတ္တမြားနှင့် နီလာတို့ အများဆုံးထွက်ရှိသည့် ဒေသဖြစ်ပြီး တစ်ချိန်က အိမ်တံစက်မြိတ်မှ ရေကျဆင်းလာသည့်မြေနေရာမှာပင် ပတ္တမြားများကို တွေ့ရှိနိုင်ခဲ့ကြသည်ဟု ဆိုခဲ့ကြသည်။ မိုးကုတ်ပတ္တမြားမြေဟု ဆိုရာတွင် ပတ္တမြား အဓိကထွက်ရှိသည့်အရပ်သည် မိုးကုတ်နှင့် ကျပ်ပြင်ဖြစ်သည်။
မိုးကုတ်ဒေသသည် ပတ္တမြား၊ နီလာ၊ ပြောင်ခေါင်းစိမ်းနှင့် သလင်းကျောက်များ အဓိကထွက်ရှိသည့် လိပ်သည်းကျောက်နှင့် ပုံဆောင်ထုံးကျောက်မြေဖြစ်သည်။ တွင်းထွက်ကျောက်မျက်ရတနာများ ပေါများလှသဖြင့် မိုးကုတ်တွင် ပေါက်တူးတစ်ချောင်းနှင့် ဒယ်အိုးတစ်လုံးရှိလျှင် အချိန်မရွေး ချမ်းသာသွားနိုင်ကြောင်း ပြောစမှတ် ပြုခဲ့ကြရသည်။ မိုးကုတ်ပတ္တမြားထွက်ရှိသည့် မြေကြောသည် မိုးကုတ်မြို့မှ မိုးမိတ်၊ တကောင်း၊ သပိတ်ကျင်းအထိ ကျယ်ပြန့်ကာ ၁၉၁၆ စတုရန်းမိုင်ကျယ်ဝန်းသည်ဟု ဆိုသည်။

▲▲ကျောက်မျက်ဗေဒ▲▲

အဖိုးတန်ကျောက်မျက်ရတနာများကို လေ့လာသည့် ပညာရပ်တွင် မီးသင့်ကျောက်၊ အနည်ကျကျောက်နှင့် အသွင်ပြောင်းကျောက်တို့ကို ဘာသာခွဲများအဖြစ် လေ့လာနိုင်ကြသည်။ မီးသင့်ကျောက်များသည် ကမ္ဘာမြေထု၏အတွင်းပိုင်းရှိကျောက်ရည်ပူများ အေးခဲရာမှ ဖြစ်ပေါ်လာသည်။ အနည်ကျကျောက်များသည် ကမ္ဘာမြေ၏သဘာဝအင်အားများကြောင့် တိုက်စားခံရသည့် မီးသင့်ကျောက်များ၏ တိုက်စားစာများ ပို့ချရာမှ ဖြစ်ပေါ်လာသည်။ အသွင်ပြောင်းကျောက်များသည် မြေတွင်းအပူချိန်နှင့် လှုပ်ရှားမှုများကြောင့် အနည်ကျ ကျောက်များမှ ဖြစ်ပေါ်လာခဲ့ကြသကဲ့သို့ တစ်ခါတစ်ရံတွင် မီးသင့်ကျောက်မှလည်း ဖြစ်ပေါ်လာနိုင်သည်။

မီးသင့်ကျောက်များကို အများအားဖြင့် ပုံဆောင်ခဲများအဖြစ် တွေ့ရလေ့ရှိကာ အနည်ကျကျောက်များကို ကျိုးပဲ့စကျောက်များအဖြစ် မြင်တွေ့ရလေ့ရှိသည်။ ယင်းကျောက်များမှတွေ့ရှိရသည့် ကျောက်များအနက် လှပခြင်း၊ တာရှည်ခံခြင်းနှင့် ရှားပါးခြင်းဟူသည့် အင်္ဂါသုံးရပ်နှင့်ပြည့်စုံသော ကျောက်များကိုသာ ကျောက်မျက် ရတနာဟု သတ်မှတ်ကြသည်။ ခရစ်တော်မပေါ်မီ ရှစ်ရာစုဝန်းကျင်မှစတင်၍ တန်ဖိုးထားသုံးစွဲခဲ့သည့် ပတ္တမြား၊ စိန်၊ နီလာစသည့် ကျောက်မျက်ရတနာများကို သန့်စင်ကြည်လင်ခြင်း၊ အရောင်ညီညွတ်လှပခြင်း၊ အပြစ် အနာအဆာ ကင်းခြင်း၊ အသားကောင်းခြင်းနှင့် အရွယ်အစားကြီးခြင်းဟူသည့် အချက်များအပေါ် မူတည်လျက် တန်ဖိုးဖြတ်ခဲ့ကြသည်။

မျက်မှောက်ခေတ်တွင်မူ ကျောက်မျက်တစ်ခု၏တန်ဖိုးကို အင်္ဂလိပ်အက္ခရာ စီ ငါးလုံးဖြင့် တန်ဖိုးဖြတ်ကြောင်း မိုးကုတ်မြို့မှ နီလာလုပ်ငန်းရှင် ဦးမောင်သင်းကရှင်းပြခဲ့သည်။ အဆိုပါ စီငါးလုံးမှာ ထွက်ရှိသည့်နိုင်ငံ (Country)၊ ကျောက်သား ကြည်လင်မှု  (Clearness)၊ ကျောက်အလေးချိန် (Carat)၊ ကျောက်သွေးထားပုံ  (Cutting) နှင့် ကျောက်အရောင်အသွေး (Colour) တို့ဖြစ်ကာ ယင်း အချက်ငါးချက် ကောင်းမွန်သည့်ကျောက်သည် ဈေးကောင်းရမြဲဖြစ်ပေသည်။

▲▲တွင်းထွက်ပတ္တမြား▲▲

ပတ္တမြားသည် အောက်ဆိုဒ်တွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်ကာ မာဆင့် (Mohs scale) ၉ ရှိသည်။ (စိန်၏ မာဆင့်သည် ၁၀ ဖြစ်၍ ကျောက်စိမ်း၏ မာဆင့်သည် ၇ ဖြစ်သည်)။ ထို့အတူ ပတ္တမြား၏ သိပ်သည်းဆသည် ၄ ဖြစ်၍ စိန်၏သိပ်သည်းဆသည် ၃ ဒသမ ၅ ဖြစ်သည်။ ပတ္တမြားနှင့် နီလာသည် ဖွဲ့စည်းပုံချင်းတူညီကြကာ အရောင်အသွေးသာ ကွာခြားလျက် အများအားဖြင့် ပတ္တမြားက အနီရောင်နှင့် နီလာက အပြာရောင်ရှိသည်။
မိုးကုတ်၌ ပတ္တမြားကိုတူးဖော်ကြရာတွင် မိရိုးဖလာအစဉ်အဆက် လက်ဖြင့်တူးဖော်ခဲ့ကြပြီး စက်မှုလုပ်ငန်းများ တိုးတက်လာချိန်တွင် စက်ယန္တရားများဖြင့် တူးဖော်ခဲ့ကြသည်။ ပတ္တမြားကျောက်များသည် ဗြုန်းဟုခေါ်ဆိုသည့် မြေသားနှင့် ကျောက်သားရောနေသည့်မြေတွင် ရှိသဖြင့် ဗြုန်းများကိုတူးယူကာ ရွှေကျင်သကဲ့သို့ ရေဖြင့်ဆေးခြင်း ဖြင့် ပတ္တမြားကို ထုတ်ယူရရှိသည်။

ရှေးယခင်က လက်တူးတွင်းများကို တူးသည့်ပုံစံအပေါ်မူတည်လျက် အင်းပြဲ၊ လူးတွင်း၊ တွင်းလုံး၊ လေးပင်လိမ် စသည်ဖြင့် ခွဲခြားခဲ့ကြသည်။ မြေပြန့်များနှင့် တောင်စောင်းများတွင် ရေကန်များကဲ့သို့ မျက်နှာပြင် ကျယ်ကျယ်တူးဖော်သည့် တွင်းများသည် အင်းပြဲခေါ် တွင်းပြဲများဖြစ်ကြသည်။ အင်းပြဲများကိုတူးရာတွင် မြေမျက်ပြင်အပေါ်ပိုင်းရှိ ကျောက်တုံး၊ ကျောက်စရစ်များကို ဖယ်ရှားလျက် ဗြုန်းမြေသားပေါ်သည်အထိ တူးကြကာ တစ်ခါတစ်ရံတွင် ရေအိုင်များကိုတမံပိတ်လျက် ရေများကိုပက်ထုတ်ပြီး တူးကြခြင်းများလည်းရှိသည်။

သဘာဝအတိုင်း တည်ရှိနေသည့် တောင်စောင်းကိုဖောက်၍ ကျောက်လွှာအထပ်များအတွင်း လူးလှိမ့်ဝင်ရောက် ရသည့် တွင်းများသည် လူးတွင်းဖြစ်သည်။ ထိုသို့တူးကြရာတွင် ဗြုန်းမြေတွေ့သည်အထိ တူးကြရသဖြင့် ဥမင်ငယ် တစ်ခု ပုံစံဖြစ်လာကာ တူးဖော်မှုအပေါ်မူတည်လျက် အကျဉ်းအကျယ် ကွာခြားကြသည်။ တောင်အတွင်းပိုင်းသို့ ရောက်လျှင် အောက်ဆီဂျင်နည်းပါးလာသဖြင့် လူးတွင်းတူးသူများသည် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်များနှင့် ရင်ဆိုင်ကြရလေ့ရှိသည်။

မြေပြင်မှ အောက်သို့ ရေတွင်းတစ်ခုတူးဖော်သည့်အတိုင်း အဝိုင်းပုံစံ တူးဖော်သည့်တွင်းသည် တွင်းဝိုင်းဖြစ်ကာ တွင်းမျက်နှာဝသည် လူတစ်ကိုယ်ဝင်နိုင်ရုံ လက်မ ၃၀ ဝန်းကျင်သာရှိသည်။ တွင်းဝိုင်းကို လူနှစ်ဦးမှ သုံးဦးအထိ တူးဖော်ကြပြီး တွင်းနှုတ်ခမ်းဝတွင် ဝါးပိုးဝါးကို ကန့်လန့်ဖြတ်တန်းထိုး၍ တွင်းထဲမှဗြုန်းမြေများကို စက်သီးဖြင့် အပေါ်သို့ဆွဲတင်ကာ ယူဆောင်ကြသည်။ တွင်းလုံးကို ဗြုန်းမြေတွေ့သည်အထိ တူးဖော်ကြရသဖြင့် ပေ ၆၀ ကျော်အထိ တူးရသည်များလည်းရှိပေသည်။

တွင်းလုံးတူးသူများသည် မြေပြိုကျနိုင်သည့်အန္တရာယ်ကို ရင်ဆိုင်ကြရသည်။ လေးပင်လိမ်တွင်းသည် စတုရန်းပုံတွင်းဖြစ်ပြီး မြေပြိုခြင်းမဖြစ်စေရန် တွင်းနံရံလေးဘက်ကို ဘောင်ခတ်ထားလေ့ရှိကြသည်။ ဘောင်လေးဖက်ရှိသဖြင့် လေးပင်လိမ်တွင်းဟုခေါ် ကြကာ အနက်ပေ ၁၀၀ အထိ တူးကြသည်။ တစ်ခါတစ်ရံတွင် လေးပင်လိမ်တွင်းများကို နှစ်တွင်းယှဉ်တူးကာ တွင်းနှစ်တွင်းကို မြေအောက်တွင် လိုဏ်တူး၍ ဆက်သွယ်ထားကြသည်။

လူးတွင်း၊ တွင်းဝိုင်းနှင့် လေးပင်လိမ်တွင်းများတူးကြရာတွင် အောက်ဆီဂျင်ပြတ်လပ်မှုကို ကာကွယ်ရန် သစ်ရွက်စိမ်းများကို ယူဆောင်သွားလေ့ရှိကြသည်။ သစ်ရွက်စိမ်းများသည် အပင်တွင်ရှိနေစဉ် နေ့ပိုင်း၌ အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ကြသဖြင့် တွင်းတူးသမားများသည် တွင်းတူးဖော်နေစဉ် အသက်ရှူ ကျပ်လာပါက သစ်ရွက်စိမ်းများကို ရှူလေ့ရှိကြသည်ဟု သိရပေသည်။ ယခုခေတ်တွင်မူ ကြီးမားသော စက်ယန္တရားများဖြင့် တူးဖော်ကာ ဗြုန်းမြေများကို ရေဆေး၍ ပတ္တမြားများကို ရှာဖွေထုတ်လုပ်လျက်ရှိကြသည်။ ဗြုန်းမြေများအပြင် ဒေသအခေါ် အီးပေါက်ကျောက်ဟု အမည်တွင်သည့် ဆာလ်ဖာ ပါဝင်သော ကျောက်ဖြူတုံးများကြားတွင် ပတ္တမြားများရှိနေနိုင်သဖြင့် ယင်းကျောက်တုံးများကို တူငယ်များဖြင့်ထုခွဲကာ ကျောက်ရှာနေကြသူများကို မိုးကုတ်ကျောက်တူးနယ်မြေများတွင် အမြောက်အမြား တွေ့ရှိနိုင်ပေသည်။
လက်တွင်းတူးများဖြင့် ပတ္တမြားကို ထုတ်လုပ်ကြရာတွင် ကျောက်တွင်းပိုင်ရှင်၊ လုပ်ငန်းရှင်(ပေါလန်)နှင့် တွင်းဆရာတို့က ဝေစုခွဲဝေကြသည့်စနစ်ဖြင့် တူးဖော်ခဲ့ကြသည်။ ယခုအခါတွင် နိုင်ငံတော်မှချထားပေးသည့် လုပ်ကွက်များတွင် သတ်မှတ်ထားသည့် အခွန်အခများ ပေးဆောင်လျက် သတ်မှတ်ထားသည့် နှစ်ကာလအတွင်း တူးဖော်ကြရသဖြင့် စက်များဖြင့် တူးဖော်မှုများကိုသာ အများဆုံးတွေ့ရှိကြရပေသည်။

▲▲ကျောက်သွေးခြင်း▲▲

တူးဖော်ရရှိသည့် ပတ္တမြားများသည် ပုံစံအမျိုးမျိုးရှိသော အရိုင်းတုံးများသာ ဖြစ်သဖြင့် ယင်းတို့ကို လှပကောင်းမွန်၍ အလင်းများထွက်လာစေရန် သွေးယူကြရသည်။ ပတ္တမြားအရိုင်းတုံးများကို လက်ဖြင့်သွေးကာ အကွက်ဖော်လေ့ရှိကြ ရာကျောက်သွေး ပညာသည် ကျောက်မျက်ရတနာလောကတွင် အလွန်အရေးပါသော ကဏ္ဍတွင် ရှိနေသည်။

ကျောက်သွေးညံ့ဖျင်းပါက သိန်းကျော်တန်ကျောက်သည် ထောင်ဂဏန်းမျှသာ တန်ကြေးရနိုင်ကြောင်း ပြောစမှတ် ရှိခဲ့ကြသည်။ မိုးကုတ်မြို့ ကျောက်မျက်ရတနာလုပ်ငန်းတွင် တူးဖော်ခြင်း၊ သွေးခြင်းနှင့် ရောင်းဝယ်ခြင်းဟူ၍ အဓိကလုပ်ငန်း သုံးခုသာ ရှိပေသည်။
တူးဖော်ပြီးရရှိလာသည့် ပတ္တမြားအရိုင်းတုံးကို ရေဖြင့် သန့်စင်အောင်ဆေးကြောပြီး အခြောက်ခံထားပြီးမှ ကျောက်သွေးခုံတွင် သွေးကြရသည်။ ရှေးဦးစွာ အရိုင်းတုံးကို အပူပေးထားသည့် ထုံးဖယောင်းနှင့်ကပ်၍ စိန်မှတ်ဟုခေါ်သည့်ကြေးပြားပေါ်တွင် လက်ဖြင့် ဖြည်းဖြည်းချင်းပွတ်ကာ မိမိအလိုရှိသည့်အကွက်ကို ဖော်ကြရသည်။ စိန်မှတ်သည် အပေါ်မျက်နှာပြင်တွင် ကြေးပြားကပ်ထားသည့် မျက်နှာပြင်ညီ ထောင့်မှန်စတုဂံပုံ သံတုံးဖြစ်ကာ ယင်းကြေးပြားပေါ်တွင် ပတ္တမြားအရိုင်းတုံးကို ညှပ်ဖြင့်ညှပ်လျက် စိတ်ရှည်စွာ သွေးကြရသည်။ ကျောက်ရိုင်းတုံးတစ်ခုကို မည်သို့အကွက်ဖော်ရမည်ဆိုသည်ကို ကျောက်သွေးဆရာကသာ ဆုံးဖြတ် ပေးလေ့ရှိသည်။

မိမိစိတ်ကြိုက်အကွက်ပေါ်လာသည့် ကျောက်ကို ညှပ်တွင်ညှပ်လျက် အရောင်တင်ခုံတွင် အရောင်တင်ကြရသည်။ အရောင်တင်ခုံတွင် ခြေထောက်ဖြင့် နင်းကာလည်နေစေသည့် ရောင်တင်ပြား(ကြေးပြင်)ပေါ်တွင် အရောင်တင်ဆီ သုတ်လိမ်း၍ သွေးထားသောကျောက်ကို ပွတ်တိုက်ပေးခြင်းသည်ပင် အရောင်တင်ခြင်းဖြစ်ပေ သည်။ ကျောက်ကို သွေးထားသည့်အကွက်အတိုင်း ကြေးပြင်တွင် ပွတ်တိုက်ပေးရာတွင် ကျွဲချိုညှပ်ဖြင့် ကျောက်ကိုညှပ်ကာ အရောင်တင်ကြရသည်။ ယခုအခါတွင် ကျွဲချိုဖြင့်ပြုလုပ်သည့် ညှပ်များ ရှားပါးလာသဖြင့် သတ္တုညှပ်များကို အသုံးပြုကြကြောင်း တွေ့ရှိခဲ့ရပေသည်။ အကွက်ဖော်ထားပြီး အရောင်တင်ထားသည့် ကျောက်များကို အရောင်းအဝယ်ပြုလုပ်ကြသည်။

▲▲ဌာပွဲ▲▲

မိုးကုတ်ပတ္တမြားမြေ၏ အခေါ်အဝေါ်အရ ဌာပွဲသည် ကျောက်အရောင်းအဝယ် ပြုလုပ်သည့်နေရာ သို့မဟုတ် ကျောက်ဈေးတန်းကို ဆိုလိုသည်။ ဌာပွဲများတွင် ပတ္တမြားသာမက မိုးကုတ်မှထွက်ရှိသည့် နီလာကျောက်များကိုလည်း အရောင်းအဝယ် ပြုလုပ်ကြသည်။ ဌာပွဲများတွင် ကျောက်အရိုင်းတုံးများနှင့် သွေးပြီးကျောက်ချောများကို ရောင်းဝယ်ကြရာ ရှမ်းလူမျိုးများအပြင် မိုးကုတ်ဒေသတွင်နေထိုင်ကြသည့် ဂေါ်ရခါးလူမျိုးများ အများအပြားကို တွေ့ရှိကြရပေသည်။

ကွက်ရပ်ဌာပွဲသည် ကျောက်တွင်းများရှိသည့်နေရာ အနီးဝန်းကျင်တွင်ရှိကာနံနက်ပိုင်းမှ မွန်းတည့်ချိန်အထိ အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်။ မိုးကုတ်သို့ရောက်ရှိနေစဉ် သွားရောက်လေ့လာခဲ့သည့် သဖန်းပင်ရပ် ဌာပွဲတွင် လူငယ်အမျိုးသား အမျိုးသမီးများကို အများဆုံးတွေ့ရှိရကာ ကျောက်ပွင့်များကို ဗန်းများပေါ်တွင်ခင်းလျက် ကျောက်ကြည့်ဓာတ်မီး တစ်လက်စီကို ကိုင်ထားကြသည်ကို တွေ့ရှိရပေသည်။ ကျောက်များကိုစိတ်ဝင်စား၍ ကြည့်ရှုသူအား ကျောက်တစ်ခုစီကို ဓာတ်မီးဖြင့်ထိုးပြကာ ဈေးစကားဆိုကြသည်။ ဌာပွဲကျောက်မျက်ဈေးကွက်တွင် ကျောက်ဈေးနှုန်းကို မည်သူကမှ သတ်မှတ်ထားခြင်းမရှိဘဲ မိမိတို့ စိတ်ကြိုက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်ကြရာ တစ်ခါတစ်ရံတွင် ဆုံးရှုံးမှုများလည်း ရှိနိုင်သည်ဟု ဆိုပေသည်။

ကွက်ရပ်ဌာပွဲများတွင် နံနက်ပိုင်း အရောင်းအဝယ်ပြုလုပ်ကြပြီးနောက် မွန်းလွဲပိုင်းတွင် မိုးကုတ်မြို့ပေါ်ရှိဌာပွဲသို့ သွားရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြ သဖြင့်ကျောက်ဈေးတန်း သည် အမြဲစည်ကားနေလေ့ရှိပေသည်။ ပတ္တမြားမြေတွင်ပတ္တမြားနှင့် နီလာကျောက်များကို အရောင်းအဝယ်ပြုလုပ်ကြရာတွင် တစ်ခါတစ်ရံ၌ အတုများလည်း ပါရှိလာတတ်ကြောင်း ကျောက်သမားတစ်ဦးက ရှင်းပြခဲ့သည်။

ခေတ်မီနည်းပညာများ တိုးတက်လာချိန်တွင် ကျောက်အတုများကို အစစ်နှင့်မခြား ပြုလုပ်လာနိုင်ကြသဖြင့် ကျွမ်းကျင်မှုဖြင့်သာ အရောင်းအဝယ်ဆောင်ရွက်ကြရပေသည်။

▲▲မိုးကုတ် ပတ္တမြားမြေ▲▲

ရန်ကုန်တက္ကသိုလ် မနုဿဗေဒပညာဌာနမှ ဘွဲ့လွန်သင်တန်းသားများဖြစ်ကြသည့် ကိုအေးလွင်၊ ကိုကံဝင်း၊ ကိုဇီဝ၊ ကိုဇေယျာထွန်းတို့နှင့်အတူ မိုးကုတ်ပတ္တမြားမြေသို့ ရောက်ရှိခဲ့ရာ ဒယ်အိုးပုံစံဖြစ်နေသည့် မိုးကုတ်မြို့ကို များစွာစိတ်ဝင်စားမိခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ပတ္တမြားကျောက်များ ထွက်ရှိသည့် မိုးကုတ်သည် မန္တလေးမြို့မှ ၁၂၈ မိုင်ကွာဝေးကာ မန္တလေး-မတ္တရာ-ကျပ်ပြင်မိုးကုတ်လမ်းနှင့် မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်းတို့မှ အလွယ်တကူ သွားရောက်နိုင်သည်။ မတ္တရာမှသွားသည့်လမ်းသည် တောင်ဆင်းတောင်တက် အကွေ့အကောက်များပြီး ပြင်ဦးလွင်မှသွားသည့်လမ်းသည် အထူးကောင်းမွန်ကာ အဆင်းအတက် အလွန်နည်းပါးသည်။

မိုးကုတ်မြို့သည် အရှေ့အနောက် မိုင် ၃၀ နှင့် တောင်မြောက် ၁၄ ဒသမ ၁၂ မိုင် ရှည်လျားလျက် စတုရန်းမိုင် ၄၂၃ ဒသမ ၆ မိုင် ကျယ်ဝန်းကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၈၅၈ ပေ မြင့်သည်။ မိုးကုတ်မြို့လယ်တွင် မြို့လယ်အင်းကြီးရှိနေပြီးမိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းအနားကို မြို့လယ်အင်းပတ်လည်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့ကို အရှေ့ဘက်တွင် ၆၇၃၃ ပေမြင့်သော ကြေးနီတောင်၊ အနောက်ဘက်တွင် ၅၃၄၅ ပေမြင့်သော ပင့်ကူတောင်၊ မြောက်ဘက်တွင် ၅၆၀၆ ပေမြင့်သောထင်းရှူးတောင်နှင့် တောင်ဘက်တွင် ၇၅၄၄ ပေမြင့်သော တောင်မည်းတောင်တို့က ဝိုင်းရံထားသဖြင့် မိုးကုတ်မြို့သည် တောင်များအကြားတွင် ဒယ်အိုးတစ်လုံးပုံစံ တည်ရှိနေပေသည်။
မိုးကုတ်မြို့၏မြေသားသည် လိပ်သည်းကျောက်နှင့် ပုံဆောင်ထုံးကျောက်များ ဖြစ်ပြီး ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ ဣန္ဒနီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ နဂါးသွဲ့၊ မှတ်မီးစသည့် ကျောက်များ ထွက်ရှိသည်။ မိုးကုတ်မြို့ကိုတည်ထောင်သည့် မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်ကို ''ကိတ် နဂါး ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာ၊ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်''ဟု မှတ်သားခဲ့ကြသည်။ မိုးကုတ်သည် ရှမ်းအမည် မိန်းကွတ်မှ ဆင်းသက်လာကာ မိန်းသည် မြို့၊ ကွတ်သည် ကွေ့ကောက်ခြင်းဟု ဆိုလိုသဖြင့် ကောက်ကွေ့နေသည့် တောင်ကြားတွင် ကွေ့ကွေ့ ကောက်ကောက်တည်ရှိနေသည့်မြို့ဟု အဓိပ္ပာယ်ရပေသည်။

ဒေသခံအများစုသည် ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းအပြင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို လည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မိုးကုတ်၏ အဓိကထွက်ကုန်သည် ပတ္တမြားနှင့် နီလာအပါအဝင် ကျောက်မျက်ရတနာများနှင့် လက်ဖက်ဖြစ်သည်။
သမိုင်းတစ်လျှောက်ထင်ရှားခဲ့သည့် မိုးကုတ်မြို့နယ်တွင် ဘုရားခုနစ်ဆူ၊ စေတီ ၂၁၈ ဆူ၊ ပုထိုး ၄၆ ခု၊ ဘုန်းကြီးကျောင်း ၃ဝ၇ ကျောင်းနှင့် သီလရှင်ကျောင်း လေးကျောင်း တည်ရှိသည့်အနက် ဖောင်တော်ဦး၊ ချမ်းသာကြီး၊ မဟာမုနိ၊ ရွှေကူကြီး၊ ဒေါ်နန်းကြည်တောင်၊ ပင့်ကူတောင်နှင့် ကျောက်ပြာသာဒ်ဘုရားတို့သည် အထင်ရှားဆုံးဖြစ်သည်။ ထို့အတူ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၇၅ ခု၊ အစ္စလာမ်ဘာသာရေးအဆောက်အအုံ သုံးခု၊ ဟိန္ဒူဘုရားကျောင်း ၃၅ ခုနှင့် တရုတ်ဘုရားကျောင်း ရှစ်ခုတို့ တည်ရှိသည်။

မြို့ကိုတည်ထောင်ခဲ့သည့် လွန်ခဲ့သည့် နှစ် ၈၀၀ ကတည်းက မိုးကုတ်သည် ပတ္တမြားကြောင့် ထင်ရှားကျော်ကြားခဲ့ရာ မိုးကုတ်ပတ္တမြားသည် မြန်မာနိုင်ငံသာမက ကမ္ဘာကပါ တန်ဖိုးထားနှစ်သက်ကြသည့် ကျောက်မျက်ရတနာတစ်ပါး ဖြစ်ခဲ့ပေသည်။ ရှေးအခါက ဒေသနေပြည်သူများသည် တစ်နိုင်တစ်ပိုင် တူးဖော် ရောင်းချ အသက်မွေးနိုင်ခဲ့သော်လည်း စက်ယန္တရားများဖြင့် တူးဖော်ထုတ်လုပ်လာချိန်တွင် ဒေသနေသူများသည် ကျောက်ရှာဖွေရန်လုပ်ကွက်များ လျော့ပါးလာခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သဘာဝသမိုင်း သဘာဝပြတိုက် (NMNH) တွင် ပြသထားသည့် ကမ္ဘာပေါ်တွင်အကြီးဆုံးသော ပတ္တမြားကြီးသည် အလေးချိန် ၂၃ ဒသမ ၁ ကရက်ရှိကာ ပလက်တီနမ်ဖြင့်ကွပ်၍ စိန်များ စီခြယ်ထားသည်။ ယင်းပတ္တမြားကြီးကို ၁၉၃၀ ပြည့်နှစ်တွင် မိုးကုတ်မှ တူးဖော်ရရှိခဲ့ပြီး ပရဟိတသမား လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ပီတာဘာ့ခ်က ပြတိုက်သို့ လှူဒါန်းခဲ့သည်။

တစ်ချိန်က ဗန်းတစ်ချပ်ဖြင့် ကျောက်ရှာထွက်လျှင် တစ်ရက်တာစားရန် မပူရဟု ဆိုခဲ့သည့် ပတ္တမြားမြေသည် ယနေ့တိုင် အရည်အသွေးကောင်းမွန်သောကျောက်များ ထွက်ရှိနေဆဲဖြစ်ရာ မိုးကုတ်ပတ္တမြားများသည် နှစ်ကာလရှည်ကြာစွာ ကမ္ဘာကျော်နေဦးမည်သာဖြစ်ပေသည်။ ။

မောင်သာ (ရှေးဟောင်းသုတေသန)

No comments:

Post a Comment