Latest News

Tuesday, June 19, 2018

တချိန်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲများ


အခုလို နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာခဲ့ရခြင်းရဲ့ အကြောင်းတရားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အဖြစ် ပါဝင်ခဲ့တယ်လို့ ပြောရင် လိုရာဆွဲ ပြောတာ မဟုတ်ဘူး လိုရာဆွဲပြောတယ်မထင်စေချင်ဘူး

လူထုခေါင်းဆောင်ရဲ့မွေးနေ့ကို အခုလိုအချိန်မှာ အားလုံးက ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ကိုယ်ကျင်းပချင်သလို ကျင်းပနေကြတာမြင်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အချိန်တွေကို ပြန်မြင်မိတယ်။ အဲ့ကာလတွေက ထောင်နှုတ်ခမ်းပေါ် လျှောက်ပြီး လူထုခေါင်းဆောင်ရဲ့ မွေးနေ့ကို ရအောင်ကျင်းပခဲ့ကြတဲ့ သူတွေကို အခုအခါ သတိရနေမိတယ်။ (သတိရတယ်ဆိုလို့ ကိုယ်ပါ ပါဝင်လို့ မဟုတ်ပါဘူး သတင်းတွေကိုမျက်ခြေမပျက်ကြည့်ခဲ့တာကြောင့်ပါ)။

အဲ့ကာလတွေတုန်းက ဒေါ်စုမွေးနေ့မှာ Public တွေကနေ လူသိရှင်ကြား မွေးနေ့ဆုတောင်းပွဲလုပ်ပေး ကြသူတွေဟာ အင်္ဂလိပ်ခေတ်မှာ တော်လှန်ရေးလုပ်နေရသလို နီးပါးပဲဗျ။ အဲ့တုန်းကဆို များများစားစားရှိလှတာ မဟုတ်ဘူး၊ ကိုယ်မှတ်မိသလောက်ဆို (88)အဖွဲ့ထဲက ကိုဂျင်မီတို့၊ ကိုမြအေးတို့ ပါမယ် ။ အပြင်က လူဆို နော်အုန်းလှတို့ အဖွဲ့တွေပါမယ်။ နောက်က ၀န်းရံသူတွေ ဆယ်ယောက် ပါတ်ဝန်းကျင်လောက်တော့ရှိနိုင်ပေမယ့် အဲ့ထက်လဲ မပိုဘူးဗျ။ ခပ်ကျဲကျဲ ခပ်ပါးပါးပဲ။

အဲ့ဒီခောတ်ကဆို လဘက်ရည်ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်လို့ ပါးစပ်က ထွက်မိရင်တောင် အားလုံးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ ၀ိုင်းကြည့်ကြတာမျိုး။ အဲ့လိုခောတ်မှာ ဒေါ်စုပုံပါတဲ့ တီရှပ် အဖြူကို ၀တ်ပြီး သူ့မွေးနေ့ပွဲ ဆုတောင်းရဲတယ်ဆိုတာ နည်းတဲ့သတ္တိ မဟုတ်ဘူး။ ဒါပေမယ့် နော်အုန်းလှတို့ အဖွဲ့တွေကတော့ ရအောင်လုပ်တယ်ဗျ။ သူတို့စပြီး ပေါ်ပေါ်တင်တင် မွေးနေ့ပွဲ လုပ်ပေးတာ 2004 လောက်က ဖြစ်မယ် ။ ရွှေတိဂုံဘုရားပေါ် ၀ုန်းကနဲတက် ဆီမီးတွေ ပန်းတွေ ခပ်သုတ်သုတ်ကပ် သုတ်သုတ်ပြန်ဆင်း နဲ့ အဲ့သတင်းတွေဟာ ပြင်ပမီဒီယာတွေမှာ ပါလာတယ်။

အဲ့ဒီရဲ့အရှိန်ဟာ တဖြည်းဖြည်းနဲ့ ဒေါ်စုမွေးနေ့ တစ်နှစ်တစ်ခါကနေ၊ ဒေါ်စုမွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့ တိုင်း ဆုတောင်းပွဲဆိုပြီး (အင်္ဂါဆုတောင်းအဖွဲ့) နော်အုန်းလှတို့ အဖွဲ့နဲ့ ကိုဂျင်မီတို့ ကိုမြအေးတို့ ဦးဆောင်ပြီး စတော့တာပဲဗျ။

ကိုမြအေးဆိုလို့ ပြောရအုန်းမယ်၊ ကိုမြအေးက အစ္စလမ် ဆိုတော့ သူများတွေ ဘုရားဝတ်ပြုရင် သူက နောက်မှာ ရပ်နေသလိုလို လမ်းလျှောက်နေသလိုလို ထိုင်နေသလိုလိုလေးဗျ။ ဘုရားပန်းတွေသယ် လိုအပ်တာလိုက်ဖြည့် ပြာတာလေး လုပ်ပြီး နောက်ကနေ တာဝန်ကျေရှာခဲ့သူပါ။

စကားပြန် ဆက်ရရင် လူတွေဟာ အဲ့ကတည်းစပြီး နဲနဲတော့လှုပ်လို့ရလာပြီဆိုတဲ့ သွေးလေးတော့ ၀င်လာတယ်။ သွေးနဲနဲ လှုပ်လာတယ်။ အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားမှာဆုတောင်းပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်လာကြတယ်။ သွားရောက် ပူးပေါင်းတဲ့လူတွေလဲ များလာခဲ့တယ်။

အဲ့အချိန်မှာပဲ ဖြစ်ချင်တော့ အစိုးရက ရန်ကုန်မှာလိုင်းကားခ တိုးမြင့်လိုက်တော့ နောက်နေ့၊ မနက်မှာ လှည်းတန်းလမ်းစုံကနေ သမိုင်းထိ ဒေါ်နော်အုန်းလှဦးဆောင်တဲ့ အဲ့ဒီ အင်္ဂါဆုတောင်းအဖွဲ့နဲ့ ၊နောက်တစ်ယောက်က 88 မမီးမီးရဲ့ အဖွဲ့ဝင်အနည်းငယ်နဲ့ လမ်းလျှောက် ဆန္ဒ ပြတော့တာပဲ။ လှည်းတန်းကနေ ပါရမီလမ်းစုံရောက်တော့ လူတွေ ရာဂဏန်းလောက် ဖြစ်လာတယ် ။ တလျှောက်လုံး ကြောက်ပြီးခံလာခဲ့တဲ့ နှစ်ပေါင်း (20)လောက်အတွင်းမှ ပထမဦးဆုံး လူဦးရေ ရာချီတဲ့ ဆန္ဒ ပြပွဲပဲဗျ။

အဲ့ဒါကြောင့် အဲ့ဒီ ဆန္ဒပြပွဲကို အရင်ဆုံးဦးဆောင်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို အမြဲကျင်းပတဲ့ အင်္ဂါဆုတောင်းအဖွဲ့ပဲဗျ။

96 မှာRIT(YTU) ကျောင်းသားတွေဆန္ဒပြဖို့ကြိုးစားတာတော့ရှိခဲ့ဖူးတယ် ဒီလောက်တော့ မများဘူးထင်တယ်။

ပါရမီလမ်ဆုံမှာ နော်အုန်းလှ တရားဟောတယ် လူတွေ တ၀ုန်းဝုန်းဖြစ်လာတယ်။သိပ်မကြာဘူး ရဲ ကုတ်သွားတယ်။ အဲ့ဒီသတင်းဟာ လူတွေကို အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားစေတယ်။ အဲ့ဒီ ရဲ့ အရှိန်ဟာ သူ့ရှေ့ တစ်လကျော်လောက်မှာ ကိုထင်ကျော် (ကုန်ဈေးနှုန်းကျဆင်းရေးခေါင်းဆောင်)က သိမ်ကြီးဈေးရှေ့မှာ တခါ ၀င်ထားဖူးတာနဲ့ ပေါင်းပြီး ရန်ကုန်လူထုတွေမှာ ဘာတွေလဲ.. ဘာဆက်ဖြစ်လာမလဲ.. ဆိုတဲ့ စိတ်၊ ဆော်တော့မယ်ဆိုတဲ့စိတ်တွေ နဲ့ သွေးပူလာကြတယ်။

သိပ်မကြာခင်မှာပဲ ပခုက္ကူ က သံဃာတော်တွေ မေတ္တာသုတ် ရွတ်ဖတ် တာကို အကြမ်းဖတ်ဖြိုခွဲတဲ့ သတင်းဟာ လူထုရဲ့ မခံချင်စိတ်ကို အထွတ်အထိပ် ရောက်သွားစေတယ် ။ ပခုက္ကူ ပြီးမှ ရန်ကုန် တကျော့ပြန်လာတယ်၊ အရှင်ဂမ္ဘီရတို့ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးဆိုတာ ဖြစ်လာတယ် ဇာတ်လမ်းက ဒီလိုလာတယ်။ 2006 လောက်ကတည်းက မြန်မာပြည်မှာအင်တာနက် စတင်ဖွင့်ဖြိုးလာတဲ့ အချိန်ဖြစ်နေပါပြီ အဲ့ဒီ သတင်းတွေ ခုထိ ပြန်ရှာရင်ရှိ ပါသေးတယ် ။

အဲ့နောက်ပိုင်းမှာ အစိုးရရဲ့ 1993 ခုနှစ်ကတည်းက တအီအီနဲ့ရေးလာတဲ့ စာအုပ်စိမ်းကြီးကို ကောက်ထုတ်ပြီး(2008)မှာခပ်မြန်မြန်အသက်သွင်းလာတယ်။ (2010)မှာ ဦးသိန်းစိန် (သူတို့အခေါ် အရပ်သားအစိုးရ၊ ပြည်သူ့အခေါ် ဘောင်းဘီချွတ်တွေ) တက်လာတယ်။

ဦးသိန်းစိန်အစိုးရဟာ ဒေါ်စုကို ကစားသလိုလို၊နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့အတွက်နဲ့ တည်ကျက်ထားသလိုလို၊ ဒေါ်စုပါတီကို အချိန်မရွေးနိုင် ပါတယ်ဆိုတဲ့ အထာနဲ့ နိုင်ငံရေး တံခါးလေး ဟစိဟစိ၊ မထိတထိ သွားဖွင့်ပေးတာ ဟိုက ကန်ဖွင့်သွားခဲ့တာ အခု ဦးဝင်းမြင့်သမ္မတ ဖြစ်တဲ့အထိပါပဲ။

အဲ့ဒါကြောင့် အခုလို နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာခဲ့ရခြင်းရဲ့ အကြောင်းတရားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အဖြစ် ပါဝင်ခဲ့တယ်လို့ ပြောရင် လိုရာဆွဲပြောတာ မဟုတ်ဘူး။မြန်မာ့နိုင်ငံရေးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေခဲ့တယ်။ ။
လွှမ်းဝေလွင်

No comments:

Post a Comment