Latest News

Sunday, June 17, 2018

ပဒါန်းကျေးရွာ၌ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းများနှင့် ပေါက်ကွဲစေတတ်သောဒီတိုနီတာ ၉၀၀ ခု ဖမ်းဆီးရမိ

ပဒါန်းကျေးရွာ၌ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းများနှင့်
ပေါက်ကွဲစေတတ်သောဒီတိုနီတာ ၉၀၀ ခု ဖမ်းဆီးရမိ


ငဖဲ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာ၊အမှတ်(၂)ရပ်ကွက်ရှိ
တရုတ်လေး(ခ)လီကွမ်ယု၏နေအိမ်ဘေး ဂိုထောင်အတွင်းမှ  တောရိုင်းတိရိစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဒီတိုနေတာ (ပေါက်ကွဲစေတတ်သောပစ္စည်း) များ ကို ဇွန်လ(၁၆)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း ငဖဲမြို့မရဲစခန်းမှ သိရသည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးဌာနကြီး မှုခင်းဌာနမှ ရဲအုပ်သက်အောင်စိုး၊ ရဲအုပ်နိုင်လင်း ၊ ရဲတပ်ကြပ် သန်းဇော်ဦး ၊ ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဇေယျ၊ ငဖဲမြို့မ ဒုတိယရဲစခန်းမှူး ရဲအုပ်စိုးညွန့်အောင်၊ သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းညွန့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်မောင်ထွေး ၊ ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးပေမိုး တို့ ပါဝင် သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာတွင် သိမ်းဆည်းရမိခြင်းဖြစ်သည်။

           တရုတ်လေး (ခ) လီကွမ်ယု၏ နေအိမ်ဘေး ဂိုထောင်အတွင်းမှ တစ်ခုလျှင် (၃)ပိဿခန့်ရှိ သမင်ချို(၃)ခု၊ (၄) ပိဿာခန့်ရှိ အရေခွံခွာပြီး သင်းခွေချပ်အစို(၄)ကောင်၊ သင်းခွေချပ် အကြေးခွံအစို(၂)ပိဿခန့်၊ တစ်ခုလျှင်(၄)လက်မပတ်လည် ခန့်ရှိ ဝက်ဝံအရေခွံအပိုင်း(၄)ခု၊ ဝက်ဝံ အရေခွံနှင့် အသားတွဲလျှက် အစို(၁)ပိဿခန့်၊ (၅၀)ကျပ်သားခန့်ရှိ ဝက်ဝံဦးခေါင်းအစို (၁)ခု၊ (၅၀)ကျပ်သားရှိ ဆင်နှာခေါင်းသားအစို(၁)ခု၊ ဆင်အရေခွံ အတုံးသေး(၄)တုံး၊ ဝက်ဝံအဆီ(၁)ပိဿာခန့် ထည့်ထားသည့် ဗူး(၁)ဗူးနှင့် ဖြူစူးများ၊ တစ်အိတ်လျှင်(၅၀)ကီလိုဂရမ်ပါ အမိုနီယံနိုက်ထရိတ် (၃)အိတ်၊ တစ်စည်းလျှင် ဖြူးနှင့်ကပ်တွဲလျက် ဒီတို နီတာ(၅၀)ခုပါ(၁၈)စည်း အရေအတွက်အားဖြင့်(၉၀၀)ခုတို့ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
            ငဖဲမြို့မရဲစခန်း၌ တရားမဝင်ပစ္စည်းများဖြင့်ဖမ်းဆီးရမိသည့် တရုတ်လေး(ခ)လီကွမ်ယုအား အရေးယူပေးရန် ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်တိုင်တန်းမှုအပေါ် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၄၀(က)/ ၄၁(က)ဖြင့်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

                    ဇေယျတု(မကွေး)ပြန်​/ဆက်

No comments:

Post a Comment