ရန်ကုန် မေ ၃ဝ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနက် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ သိရသည်။ အဆိုပါယာဉ်လိုင်းများသည် အများပြည်သူများ၏ တိုင်ကြားမှုခံရခြင်းနှင့် ဝန်ဆောင် မှုလိုအပ်ချက်များ အပါအဝင် စည်းကမ်းချိုးဖောက်မှု မှတ်တမ်းများအရ တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ တွင် စည်းကမ်းဖောက်ဖျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ ယာဉ်မောင်းများကိုသာမက ယာဉ်လိုင်းပိုင်ရှင်များကိုလည်း အရေးယူလျက် ရှိသည်။ ထို့ပြင် ယာဉ်လိုင်းများ အနေဖြင့် စည်းကမ်းချိုးဖောက်မှု ရှိ၊မရှိကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေး ယာဉ် ၁၃ စီးဖြင့် စောင့်ကြည့်အရေး ယူလျက်ရှိကြောင်း သိရသည်။
''စည်းကမ်းချိုးဖောက်မှု မှတ်တမ်းအရ ကြည့်ရင် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းက ယာဉ်တွေ အများဆုံး ချိုးဖောက်တာ တွေ့ရတယ်။တစ်ဦးပိုင် ယာဉ်တွေကိုလည်း အများပိုင် ဖွဲ့စည်းဖို့ တွန်းအားပေးနေပါတယ်။စောင့်ကြည့် စစ်ဆေးခြင်းတွေကို ယာဉ် ၁၃ စီးနဲ့ လုပ်ဆောင်နေ ပါတယ်။ မကြာမီ အရေးယူတော့မှာပါ။ အများပိုင် မလုပ်တဲ့ ယာဉ်လိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထုတ်ပယ်တဲ့အထိ လုပ်မယ်။ ဒါကြောင့် စနစ်တကျနဲ့ အများပိုင်ဖွဲ့ဖို့ ညွှန်ကြားထားပါတယ်'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။
YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်ပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း အရေးယူလျက်ရှိပြီး ပြေးဆွဲမှုစတင်ပြီး နောက်ပိုင်း ခြောက်လခန့်မှစ၍ စည်းကမ်းချိုးဖောက်မှုများကို အရေးယူခဲ့သည်။
တိုင်ကြားမှုအရ ပြစ်ဒဏ်ပေါ်မူတည်၍ ထိရောက်စွာ အရေးယူလျက်ရှိပြီး ပထမ အကြိမ်တိုင်ကြားခြင်း ခံရပါက ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သော်လည်း ဒုတိယ အကြိမ်တိုင်ကြားခံရပါက သတိပေးလက်မှတ် ထိုးခိုင်းကာ နောက်ဆုံးအကြိမ်တွင် ယာဉ် လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးနေသော ယာဉ်လိုင်းများတွင် စည်းကမ်း ချိုးဖောက်မှု အများဆုံးမှာ ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊ ဝန်ဆောင်မှုကောင်းစွာ မပေးခြင်းနှင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းတို့ ဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment