Latest News

Monday, May 14, 2018

ကျောင်းကားမောင်းရန် 'ဃ' ယာဉ်မောင်းလိုင်စင်နှင့် YBS ယာဉ်ကြီးမောင်း သင်တန်း အောင်မြင်သူများ ဦးစားပေး ခန့်ထားမည်

ကျောင်းကားမောင်းရန် 'ဃ' ယာဉ်မောင်းလိုင်စင်နှင့် YBS ယာဉ်ကြီးမောင်း သင်တန်း အောင်မြင်သူများ ဦးစားပေး ခန့်ထားမည်

ရန်ကုန်  မေ  ၁၄

လာမည့် ပညာသင်နှစ်မှစ၍  ရန်ကုန်တိုင်း ဒေသကြီးအတွင်း စနစ်သစ်ဖြင့် ကျောင်းကား ပြေးဆွဲမည်ဖြစ်ရာ 'ဃ' ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူများနှင့်YBS ယာဉ်ကြီးမောင်း သင်တန်းအောင်မြင် ထားသူများကို   ဦးစားပေး ခန့်ထားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားစတင် ပြေးဆွဲရန်  မေ  ၄ ရက်က သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြေခံပညာကျောင်းများမှ   တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

 ''ဃ ယာဉ်မောင်းလိုင်စင်ရှိတဲ့သူနဲ့ YBS ယာဉ်ကြီးမောင်း သင်တန်းဆင်းပြီးတဲ့ သူတွေကို ဦးစားပေးခန့်ထားမယ်။ လိုင်စင်အနီ ရှိတဲ့သူဆို ပိုအဆင်ပြေတယ်။ အဓိကက ကျောင်းသားတွေအတွက် လုံခြုံစိတ်ချစွာ မောင်းနိုင်မယ့်  ယာဉ်မောင်းတွေဖြစ်ဖို့ လိုအပ်ပါတယ်''ဟု ၎င်းကပြောသည်။

ကျောင်းကားစနစ်တွင်  ၁ဝ ဦးနှင့် အထက် တင်ဆောင်နိုင်သော Micro Bus နှင့် Mini Bus အမျိုးအစား ဘယ်မောင်းယာဉ်များဖြင့်သာ ပြေးဆွဲပေးမည်ဖြစ်သည်။  ကျောင်းကားစနစ် ပြေးဆွဲရန် ယာဉ်မောင်းများကို အသက် ၃၅ နှစ်မှ ၅ဝ နှစ်အထိ၊ ယာဉ်ကြီးကြပ်သူအား အသက် ၂ဝ နှစ်မှ ၃၅ နှစ်အထိ ခေါ်ယူနေပြီဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် အကျင့် စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူတို့နှင့်အတူ  မေ ၂ဝ ရက်နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးသို့ လာရောက် လျှောက်ထားနိုင်သည်။

ကျောင်းကားစနစ်ကို  ရန်ကုန်မြို့တွင်း ကျောင်းများ၌ စတင်ပြေးဆွဲရန် စီစဉ်ထားပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (ဒဂုံမြို့နယ်)၊  အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း (ကမာရွတ်မြို့နယ်)နှင့် TTC ကျောင်းများ၌  စတင်ပြေးဆွဲရန် လျာထားကြောင်း သိရသည်။

MWD

No comments:

Post a Comment