Latest News

Tuesday, May 22, 2018

Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးအား အရေးယူဆောင်ရွက်နိုင် ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ထား

Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးအား  အရေးယူဆောင်ရွက်နိုင် ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ထား

နေပြည်တော် မေ ၂၂

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြို့ပြလေကြောင်း လိုင်းများ မပျံသန်းရန် ကန့်သတ် တားမြစ်နယ်မြေတွင် အနိမ့်ပျံသန်း သွားသော ယူအေအီးနိုင်ငံ Emirates လေကြောင်းလိုင်းမှ လေယာဉ် မှူးအား သက်ဆိုင်ရာ လေကြောင်းလိုင်းမှ အရေးယူဆောင်ရွက်နိုင်ရန် တရားဝင်အကြောင်းကြားစာ ပေးပို့ ထားကြောင်း သိရသည်။

ထို့ပြင် ယူအေအီးနိုင်ငံ၏ မြို့ပြလေကြောင်းဌာနသို့လည်း တရားဝင် အကြောင်းကြားစာ ပေးပို့ သွားမည် ဖြစ်ကြောင်း သိရပြီး သက်ဆိုင်ရာ လေကြောင်း လိုင်းနှင့် လေကြောင်းဌာနမှ စစ်ဆေး အရေးယူ ဆောင်ရွက် မှုကိုလည်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ ပြန်လည် အကြောင်းပြန်ကြားပေးရန် ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

“ဒီနေ့မှာပဲ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာအခြေစိုက်တဲ့ လေကြောင်း လိုင်းကို ရန်ကုန် Operation Manager ကနေတစ်ဆင့် စုံစမ်းစစ်ဆေး အရေးယူပေးဖို့ စာတစ်စောင် ပေးပို့ထားပါတယ်။ သူတို့လေကြောင်းလိုင်းမှာလည်း ဒီလိုဖြစ်စဉ် ဆိုရင် ဘယ်လို အရေးယူရမယ် ဆိုတဲ့ လုပ်ထုံး လုပ်နည်း ရှိမှာပါ။ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကို ကျွန်တော်တို့ဆီ ကို တရားဝင် အကြောင်းပြန်ကြားပေးမှာဖြစ်ပါတယ်။

“ပြီးတော့ ကျွန်တော်တို့ဆီက လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးကနေ ဖြစ်စဉ်ကို သူတို့ဆီက မြို့ပြ လေကြောင်းဌာနဆီ အရေး ယူဆောင်ရွက်နိုင်ဖို့ တရားဝင် အကြောင်းကြား စာပေးပို့ သွားမှာဖြစ် ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောကြားသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရွှေတိဂုံစေတီတော် မြတ်ကြီး အပါအ၀င် ရန်ကုန်မြို့ပြ ဧရိယာအတွင်း အမြင့်ပေ နှစ်သောင်းလေးထောင် အောက် ပျံသန်းမှုကို ကန့်သတ် တားမြစ် ထားကြောင်း သိရပြီး ယူအေအီးနိုင်ငံ၊ Emirates လေကြောင်းလိုင်း ၏ Boeing 777-31H(ER) လေယာဉ်သည် မေ(၂၀)ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်အတွင်း မြို့ပြလေကြောင်း လိုင်းများ မပျံသန်းရန် ကန့်သတ် တားမြစ်နယ်မြေဖြစ်သော ရန်ကုန်မြို့ပေါ်မှ ဖြတ်သန်းကာ အနိမ့်ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပျံသန်းသွားခဲ့ခြင်းမှာ ရာသီဥတု အခြေအနေကြောင့်ဖြစ်သည်ဟု ယင်းလေ ယာဉ်၏ လေယာဉ်မှူးက စစ်ဆေး မှုတွင် ပြောဆို ထားကြောင်း လည်း သိရသည်။

“ကန့်သတ်နယ်မြေလို့ သတ်မှတ်ချက်ရှိတယ်၊ ဒီကန့်သတ်နယ်ထဲကို လေယာဉ် က ၀င်သွားတယ်။ လေယာဉ်က ကန့်သတ်နယ်မြေထဲကို ပျံသန်း ၀င်ရောက်တာကို ရေဒါကနေတစ်ဆင့် ချက်ချင်းသိတဲ့အတွက် လမ်းကြောင်း အတိုင်း ပျံသန်းဖို့ လေကြောင်း ထိန်းမျှော်စင်ကနေ လေယာဉ်မှူးကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ မနေ့က လေယာဉ် မှူးက Crew Rest လုပ်တဲ့အနေနဲ့ ဒီမှာပဲ နားတယ်။ လေယာဉ်မှူး ကို ဘာကြောင့်ဖြစ်တယ်ဆိုတာကို စစ်ဆေးမေးမြန်းမှုအရ လေယာဉ်တက်ပြီး ခဏ အကြာမှာ ရာသီဥတုမကောင်းလို့ လေယာဉ်က ဘယ်ဘက် ချိုးကွေ့ ရာကနေ တားမြစ်နယ်မြေထဲ ရောက်သွားတာလို့ ပြောပါတယ်။ ပြီးတော့ လေယာဉ်မှူးက ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက် ရင်းဖြစ်သွားတယ် လို့လည်း ပြောပါတယ်။
“ဒါပေမယ့် ဘယ် အခြေအနေမျိုးမှာဖြစ်ဖြစ် တားမြစ်ထားတဲ့ နေရာကို ၀င်ခွင့်မရှိဘူးလို့ သတ်မှတ်ချက်ရှိပါတယ်။ နိုင်ငံတကာမှာလည်း ရှိပြီး သားပါ။ ကျွန်တော် တို့မှာလည်း လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်တွေ ရှိတဲ့အတွက် ဒီအတိုင်းပဲ ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးက ပြောကြားသည်။

ရှင်မင်း(ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန)

No comments:

Post a Comment