ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားသစ် ဇွန် ၁ ရက်မှ စတင်၍
မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်
ရန်ကုန် မေ ၂၅
ဘိုဘို အင်န်တာတိန်းမန့် ထုတ်လုပ်ရေးမှ စီစဉ်သည့် ''ငါ့ကိုနမ်းတဲ့ မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီခွဲက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၁ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ အောင်ဇော်လင်း၊ ဝင်းလွင်ထက် ရိုက်ကူးသည့် ''ငါ့ကို နမ်းတဲ့ မုန်တိုင်း'' ရုပ်ရှင်သည် စာရေးဆရာ ညေး၏ ''ငါ့ကမ်းရိုးတန်း ကို လာနမ်းတဲ့ မုန်တိုင်း'' ဝတ္ထုကို ဂီတလောကတွင် အောင်မြင်လျက် ရှိသည့် လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ အပြင် အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မြတ်ကေ သီအောင်တို့က ပါဝင်သရုပ်ဆောင်ရိုက်ကူးထားခြင်းဖြစ်သည်။
ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကား တွင် သရုပ်ဆောင်ခဲ့သည့် ရဲရင့်အောင် က ''စိတ်တွေလှုပ်ရှားပြီး စိတ်နဲ့ လူနဲ့ တောင်မကပ်ဘူး၊ ဒီကားမှာ ကျွန်တော့် ပုံစံက ဆိုးတယ်၊ ပိုက်ဆံရှိတယ်၊ လုပ်ချင်တာလုပ်တယ်၊ တဇွတ်ထိုး ဆန်တယ်ပေါ့၊ ကျွန်တော့်ကိုယ် ကျွန်တော် ကျေနပ်တယ်၊ နောက် လုပ်မယ့်အရာတွေအတွက် အားရ တယ်၊ ဒီထက်ပိုပြီး ကျွန်တော်လုပ်ချင် သေးတယ်၊ ကျွန်တော်ကြိုးစားထား တာလေး ရင်ထဲရောက်သွားစေချင် ပါတယ်'' ဟု ပြောသည်။
အကယ်ဒမီ ဖွေးဖွေးက ''ဒီကားက ဂီတလောကမှာ အောင်မြင်ပြီးသား ဖြစ်တဲ့ ရဲရင့်အောင်၊ လွှမ်းပိုင်တို့နဲ့ ပထမဆုံးရိုက်ကူးတဲ့ကားမို့ ရင်ခုန်ပါ တယ်၊ ဖွေးဖွေးနဲ့ မရိုက်ဖူးတဲ့သူတွေ ပေါ့၊ ဒီကားမှာ ကိုယ်လုပ်ပြရတာက ကြားပုံစံလေးပေါ့၊ ကိုယ့်ရည်းစားကို ချစ်နေရက်နဲ့ မတော်တဆ သစ္စာ ဖောက်မိတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ရတာပါ၊ သရုပ်ဆောင် ရတာက အပြင်းစားကြီးမဟုတ်ပေမယ့် အခြားဇာတ်ကားတွေနဲ့ မတူညီတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်''ဟု ဆိုသည်။
သရုပ်ဆောင် လွှမ်းပိုင်က ''ဒီကား ကိုရိုက်တာ နှစ်နှစ်၊ သုံးနှစ်လောက် ရှိပြီဆိုပေမယ့် ကျွန်တော်တို့ အကောင်းဆုံး သရုပ်ဆောင်ထားပါ တယ်၊ ဇွန် ၁ ရက်မှာ ရုံတင်ပါပြီ၊ အဲဒီအခါကျရင် လာရောက်ကြည့်ရှု ပြီးတော့ ကျွန်တော်တို့ကိုခေနဘသသု ကနေ ဝေဖန်ပေးပါလို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်၊ ကိုယ့်မျက်နှာကိုယ် ပိတ်ကားမှာ ကြည့်ရှုရမှာမို့ ရင်ခုန်နေ ပါတယ်''ဟု ပြောသည်။
ဇာတ်ပို့အဖြစ် ပါဝင်ခဲ့သူ အကယ်ဒမီနေအောင်က ''ငါ့ကိုနမ်းတဲ့ မုန်တိုင်း''ဇာတ်ကားမှာ ကိုယ်ပါဝင်တဲ့ အခန်းနည်းပေမယ့် ဖွေးဖွေးဆိုတာ လည်း မြေးတွေလို အမျိုးတော်နေ တော့ လာတာပါ၊ ဇာတ်ကတော့ ကျွန်တော်ပါတဲ့အခန်းပဲ ဖတ်ထား တော့ သူတို့နဲ့ အပေးအယူပဲ တိုက်ထား တော့ ကြည့်ပြီးမှသိမယ်၊ စီစဉ်သူ ကိုဘိုဆန်းကလည်း ကောင်းတာတွေပဲ စီစဉ်တာမို့ ကောင်းမှာပါ''ဟု ဆိုသည်။
အဆိုပါဇာတ်ကားတွင် သရုပ် ဆောင်ခဲ့သည့် အကယ်ဒမီ မြတ်ကေသီအောင်က ''ဒီကားမှာက အစ်မက Indoor အခန်းတွေပဲ ပါတော့ ရန်ကုန်မှာပဲ ရိုက်တာပါ၊ ဒီကားက လူငယ်တွေကြိုက်မယ့် ဇာတ်ကား ဖြစ်မှာပါ၊ အကုန်လုံးက အခုခေတ် ရေပန်းစားနေတဲ့ လူငယ် တွေဆိုတော့ ကြိုက်မှာပါ'' ဟု ပြောသည်။
''ငါ့ကိုနမ်းတဲ့ မုန်တိုင်း'' ရုပ်ရှင် ဇာတ်ကား၏ ရည်ရွယ်ချက်မှာ လူတစ်ယောက်၏ အကျင့်စရိုက်နှင့် စိတ်နေသဘောထားတို့သည် ငယ်စဉ် ဘဝ ဖြတ်သန်းခဲ့ရသည့် ပတ်ဝန်းကျင် နှင့် မိသားစုတို့၏ နွေးထွေးမှု အပေါ်မူတည်ကာ ပြောင်းလဲစေတတ် ကြောင်း၊ ငယ်စဉ်ဘဝက စိတ်ဒဏ်ရာ ရရှိခဲ့သော ကလေးသူငယ်များသည် ကြီးပြင်းလာသည့်အခါ အများနှင့် မတူဘဲ လောကကြီးကို မုန်းတီး နာကြည်းသော အစွန်းရောက် အတ္တကြီးသူများ ဖြစ်လာကြောင်း၊ မိန်းကလေးတစ်ယောက်၏ ဘဝတွင် ချစ်သူအိမ်ထောင်ဖက်ကို ရွေးချယ် ရာတွင် အရေးကြီးကြောင်း၊ ဆုံးဖြတ် ချက်မှားလျှင် တစ်သက်စာ ဒုက္ခ ရောက်တတ်ကြောင်း၊ လူငယ်များ သည် စိတ်အလိုလိုက်ကာ မှားယွင်း တတ်ပြီး ထိုမှားယွင်းမှုကို အချိန်မီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်၍ ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ဆက်လက် မှားယွင်းပါက ဘဝတစ်ခုလုံး ရေတိမ် နစ် ဆုံးရှုံးတတ်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ ပတ်ဝန်းကျင်တွင် အရက်၊ မူးယစ်ဆေးဝါးနှင့် လိင်ပိုင်း ဆိုင်ရာကိစ္စများကို ဖြားယောင်း နေသော အန္တရာယ်များဝိုင်းနေပြီး ထိုအရာများကြောင့် လူငယ်တို့၏ ဘဝများ ပျက်စီးစေနိုင်ကြောင်းတို့ကို သိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရ သည်။
ကြေးမှုံ၊သတင်းညွန့်ကိုကို၊ဓာတ်ပုံ - ရဲထွဋ်
Saturday, May 26, 2018
ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားသစ် ဇွန် ၁ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်
ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားသစ် ဇွန် ၁ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသမည်
Reviewed by Ar Ti
on
2:24 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment