အီတလီဘောလုံးအဖွဲ့ချုပ်သည် နာမည်ကျော် အီတလီလူမျိုးနည်းပြတစ်ဦးဖြစ်သူ ရောဘတ်တို မန်ချီနီအား အီတလီလက်ရွေးစင်အသင်း နည်းပြ သစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
အသက် ၅၃ နှစ်အရွယ်ရှိ နည်းပြမန်ချီနီသည် ၂ဝ၁၇ ခုနှစ် ဇွန်လ ၁ ရက်တွင် ရုရှားကလပ် ဇင်းနစ် အသင်းကို တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် မေ ၁၃ ရက်တွင် ဇင်းနစ်အသင်းနှင့် နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အီတလီအသင်း နည်းပြအဖြစ် တာဝန်ယူရန် လက်ခံခဲ့ခြင်း ဖြစ် သည်။ အီတလီဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြမန်ချီနီတို့သည် နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
အီတလီအသင်းသည် ၂ဝ၁၈ ခုနှစ် ဖီဖာက္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိသောကြောင့် ခြေစစ်ပွဲများအပြီး မကြာမီ၌ပင် အီတလီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက နည်းပြ ဗန်တူရာအား အီတလီနည်းပြရာထူးမှ ထုတ်ပယ်ခဲ့သည်။ အီတလီအသင်း နည်းပြသစ်မန်ချီနီ၏ ပထမဆုံးပွဲမှာ လာမည့် မေ ၂၈ ရက်တွင် အီတလီအသင်းနှင့် ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲဖြစ်သည်။
နည်းပြမန်ချီနီက ''နိုင်ငံလက်ရွေးစင်အသင်းကို တာဝန်ယူရခြင်းရဲ့ အကြောင်းပြချက်တစ်ခုကတော့ ဒီတာဝန်ကို ထမ်းဆောင်ရတာ ဂုဏ်ယူစရာဖြစ်လို့ပါ၊ လက်ရှိအချိန်က အီတလီအသင်းကို ကျွန်တော် တာဝန်ယူဖို့ သင့်တော်တဲ့အချိန်လို့ ထင်ပါတယ်၊ အီတလီအသင်းနဲ့အတူ အောင်မြင်မှုတစ်စုံတစ်ရာ ရခဲ့မယ်ဆိုရင် ဒါဟာ တုနှိုင်းဖို့ခက်တဲ့ အောင်မြင်မှုဖြစ်လာမှာပါ၊ လက်ရှိအချိန်ကတော့ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ကာလပါ၊ လုပ်စရာတွေ အများကြီးရှိနေပါတယ်''ဟု ပြောဆိုခဲ့သည်။
နည်းပြမန်ချီနီအနေဖြင့် အီတလီအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ချမှတ်ရမည့် အရေးပါသည့် ဆုံးဖြတ်ချက်များအနက်တစ်ခုမှာ အီတလီလက်ရွေးစင်အသင်းသို့ တိုက်စစ်မှူး ဘာလိုတယ်လီအား ပြန်လည်ခေါ်ယူခြင်းပြု မပြုဆုံးဖြတ်ရန်ဖြစ်သည်ဟုဆိုသည်။ တိုက်စစ်မှူး ဘာလို တယ်လီသည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်းကတည်းက အီတလီလက်ရွေးစင်အသင်းနှင့် ကင်းကွာနေခဲ့သူဖြစ် သည်။ တိုက်စစ်မှူး ဘာလိုတယ်လီသည် ၂ဝ၁၆ ခုနှစ်တွင် ပြင်သစ်ကလပ် နိုက်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက်ပိုင်းတွင် ခြေစွမ်းကောင်း ပြန်လည်ရရှိနေသူဖြစ်သည်။
နည်းပြမန်ချီနီသည် အင်တာ မီလန်နှင့် မန်စီးတီးအသင်းတို့ကို တာဝန်ယူခဲ့စဉ်က တိုက်စစ်မှူး ဘာလိုတယ်လီသည် နည်းပြမန်ချီနီ၏ လက်အောက်တွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ နည်းပြ မန်ချီနီက အီတလီအသင်းအတွက် တိုက်စစ်မှူး ဘာလိုတယ်လီအား ခေါ်ယူရေးနှင့် ပတ်သက်ပြီး ဘာလိုတယ်လီနှင့် ဆွေးနွေးသွားမည်ဟု ပြောဆိုခဲ့သည်။
ထက်အောင်(မြန်မာ့အလင်း)
No comments:
Post a Comment