ဝါဆော မေ ၂၁
ပိုလန်ချန်ပီယံရှစ် အမှတ်ပေးပြိုင်ပွဲ ရာသီသိမ်းပွဲစဉ်ကို ယမန်နေ့ညက လီဂီယာဝါဆော အသင်းနှင့် လက်ခ်ျ ပေါ့ဇ်နန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်လက်ခ်ျပေါ့ဇ်နန် အသင်း၏ ပရိသတ်များသည် ကွင်းအတွင်းသို့ မီးကျည်မီးပန်းများဖြင့် အကြိမ်ကြိမ် ပစ်ပေါက်ခြင်း၊ ကွင်းအတွင်းဝင်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခြင်း တို့ကြောင့် အဓိက ရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့အင်အား ၂ဝဝဖြင့် ကွင်းအတွင်း လုံခြုံရေး စောင့်ကြပ်ကာ ကစားခဲ့ရသည်။
လီဂီယာဝါဆောအသင်းသည် ထိုပွဲ၏ ပွဲချိန် ၇၇ မိနစ်အရောက်တွင် အန်တိုလစ်နှင့် ကူချားဇ်ကီးတို့၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်နေပြီး လက်ခ်ျပေါ့ဇ်နန်အသင်း၏ ပရိသတ်များ က ကွင်းအတွင်း ဝင်ရောက်ရန် ကြိုး စားခြင်း၊ ကွင်းအတွင်း မီးခိုးဗုံးများဖြင့် ပစ်ပေါက်ခြင်းများ လုပ်ခဲ့ကြ၍ ကွင်းလယ်ဒိုင် စတီဖန်စကီးကပွဲကို ရပ်ဆိုင်းလိုက်သည်။
ပိုလန် အမှတ်ပေး လိဂ်ကော်မရှင်အဖွဲ့က ထိုပွဲရပ်ပြီးမကြာမီ လီဂီယာဝါဆော အသင်းကို သုံးဂိုးပြတ် အနိုင်ပေး လိုက်ကြောင်း ကြေညာခဲ့သည်။ ထိုရလဒ်ကြောင့် လီဂီယာ ဝါဆော အသင်းသည် ရမှတ် ၇ဝ ဖြင့် အသင်းသမိုင်းတစ်လျှောက် (၁၃) ကြိမ်မြောက် အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ပေါ့ဇ်နန်အသင်းသည် ပွဲပျက်ကာ အရေးယူခံ ရဦးမည်ဖြစ်ရာ အသင်းမှာလည်း ရမှတ် ၆ဝ ဖြင့် အဆင့် (၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment