Latest News

Monday, May 28, 2018

ငွေဆောင်မြို့နယ်တွင် ဆင်သတ်မုဆိုးများအား ဖော်ထုတ် ဖမ်းဆီး အရေးယူထား



နေပြည်တော်၊ မေ ၂၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ၀၀၁၅ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ သစ်ဖြူကျေးရွာ၏ မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ ချောင်းသာကြိုးဝိုင်း၊ သစ်ဖြူချောင်းဖျားတွင် မသင်္ကာဖွယ်လူစိမ်းများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စုံစမ်းရာ ချောင်းသာကြိုးဝိုင်းအကွက်အမှတ်(၆၅)၌ အရေခွံခွာထားသည့် ခန့်မှန်းအသက်(၃၅)နှစ်၊ အထီး၊ အမြင့်(၈)ပေခန့်၊ လုံးပတ်(၁၄)ပေ(၅)လက်မ၊ အမှီး(၃)ပေ(၆)လက်မခန့်၊ အရှေ့ခွာ(၅)၊ နောက်ခွာ(၄)၊ ကျောငါးဖယ်ကုန်း၊ အစွယ်မရှိ အဆိပ်မြှား တပ်ထားသည့် တူး မီးသေနတ်ဖြင့် ယာဘက်လက်ခုံအနောက်သို့ ပစ်ခတ်ခံရ၍ သေဆုံးနေသော တောဆင်ရိုင်း(၁)ကောင် အားတွေ့ရှိခဲ့သည်။

 အခင်းဖြစ်နေရာအနီးရှိ မသင်္ကာဖွယ်ရာတွေ့ရှိ သူများ ဖြစ်သော ငွေဆောင်မြို့နယ်၊ သစ်ဖြူကျေးရွာနေ ချစ်မင်းနိုင်(ခ)ငဒူး(၃၉)နှစ်နှင့် သောင်းအေး(ခ) ကိုထွေးတို့အား စစ်ဆေးမေးမြန်းရာ ၎င်းတို့သည် အဆိုပါဆင်အား ပစ်သတ်ခဲ့ကြောင်း၊ ဆင်သား ရေများအား ဝှက်ထားကြောင်း၊ ဆင်သားရေများ ထားသည့်နေရာအား လိုက်လံပြသမည်ဖြစ်ကြောင်း ပြောသဖြင့် သွားရောက်ရာ ချောင်းသာကြိုးဝိုင်း အကွက်အမှတ်(၆၅)တွင် ဖြန့်လှန်းထားသည့် (၁/၂)ပေခန့်ရှိ ဆိုဒ်စုံ မစို/မခြောက်ဆင်သား ရေ(၄၁) ချပ်အား သိမ်းဆည်းရမိခဲ့သည်။ ချောင်းသာ ကြိုးဝိုင်းအကွက်အမှတ်(၆၅)၊ သစ်ဖြူချောင်းဖျားရှိ ချစ်မင်းနိုင်(ခ)ငဒူးနေထိုင်ရာ တဲ(လင့်စင်)နှင့် ပေ(၃၀) ခန့်အကွာတောအတွင်းမှ အရှည်(၂) ပေခွဲခန့်ရှိ သစ်သားဒူးလေးကိုယ်ထည် (၁)ခု၊ အရှည်(၂)ပေခွဲခန့်ရှိ ဒူးလေးအကောင်း(၁)ခု၊ ပင်နီ စလင်ပုလင်းဖြင့်ထည့်ထားသော အဆိပ် ပုလင်း(၅)ပုလင်း၊ (၂)ကျပ်သားခွဲခန့်ရှိ ယမ်းမှုန့်အနက် (၁)ထုပ်၊ ဝါးမြှားတံ(၆)ချောင်း၊ သံမြှားချောင်း(၄)ခု၊ အရှည်(၁)ပေခန့် သစ်သားရိုးတပ် သံမြှား(၁)ချောင်း၊ (၁)ပေခန့်ရှိ ပစ်ခတ်ပြီး သစ်သား မြှားအရိုး(၁)ခု၊ ပလပ်စတစ်အဝါရောင်မြှား အိမ်(၁)ခု၊ အရှည်(၄)ပေရှိ သံပြားသစ်သား ကိုယ်ထည် တူးမီးသေနတ်(၁)လက်၊ ရဲဒင်း(၁)လက်၊ ပေါက် ဆိန်(၁)လက်၊ ဓါးမျိုးစုံ(၃)ချောင်း၊ (၈)ချက်ဖေါက်ပါ ယမ်းကဒ်(၁)ကဒ်၊ အဝါရောင်ယမ်းမှုန့် အထုပ်သေး (၅)ထုပ်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ချစ်မင်းနိုင်(ခ)ငဒူးနှင့် သောင်းအေး (ခ)ကိုထွေးတို့ (၂)ဦးအား ငွေဆောင် နယ်မြေရဲစခန်း(ပ)၄၁/၂၀၁၈၊ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့်လည်းကောင်း၊ ငွေဆောင်နယ်မြေရဲစခန်း (ပ)၄၂/ ၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း အရေးယူထားခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်သူ(၂)ဦးမှာ အခင်းဖြစ် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ တောဆင်ရိုင်းများအား ပစ်ခတ်သတ်ဖြတ်ရာတွင် ပုသိမ်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ စောသိန်းဝင်း(ခ)ဖိုးထေ မှာအတူ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြောင်း သိရှိရ၍ သွားရောက်ဖမ်းဆီးရာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စောသိန်းဝင်း(ခ) ဖိုးထေ(၅၄)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

တရားခံ ချစ်မင်းနိုင်(ခ)ငဒူးနှင့် ကျောင်းကုန်းကျေးရွာနေ စောသိန်းဝင်း(ခ)ဖိုးထေ(၅၄)နှစ် အား အသေးစိတ်ထပ်မံစစ်ဆေးရာ ယခင်ရေးဖွင့်ခဲ့သည့် ချောင်းသာနယ်မြေရဲစခန်း(ပ)၈/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အမှုမှ ခြောက်ကောင်ကျေးရွာ၊ တောင်ထန်းချောင်း လက်ထပ်ဖျားတွင် တောဆင်ရိုင်း(၁)ကောင်သတ်ဖြတ်မှုတွင် ချစ်မင်းနိုင်(ခ)ငဒူး၊ ကိုရဲ၊ စောသိန်းဝင်း(ခ)ဖိုးထေ၊ မန်းစေး(ခ)စောစေးဂေး၊ ငွေထူးနှင့် စိစစ်ဆဲအမျိုးသား(၁)ဦးတို့မှ သတ်ဖြတ်ခဲ့ပြီး ဆင်အရေပြား များအား ခွာထားခဲ့ကြောင်း၊ သလပ်ခွာနယ်မြေရဲစခန်း(ပ)၄၇/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)အမှုမှ ကြက်တူရွေး ချောင်းဖျား၊ အကွက်အမှတ်(၂၇)၊ သလပ်ခွာ ကြိုးဝိုင်းအတွင်း တောဆင်ရိုင်း(၁)ကောင်သတ်ဖြတ် မှုတွင် ချစ်မင်းနိုင်(ခ)ငဒူး၊ စောသိန်းဝင်း(ခ)ဖိုးထေနှင့် စိစစ်ဆဲအမျိုးသား(၂)ဦးမှ အဆိပ်လူးမြားဖြင့် ပစ်သတ်ခဲ့ကြကြောင်း၊ သလပ်ခွာနယ်မြေ ရဲစခန်း(ပ) ၉၁/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)အမှုမှ ချောင်းသာ ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)၊ ဇရပ်ချောင်းအနီးတွင် တောဆင်ရိုင်း(၁)ကောင် သတ်ဖြတ်မှုတွင် ချစ်မင်းနိုင်(ခ)ငဒူး၊ စောသိန်းဝင်း(ခ)ဖိုးထေ၊ မန်းစေး(ခ)စောစေးဂေးနှင့် စိစစ်ဆဲအမျိုးသား (၃)ဦး တို့မှ အဆိပ်လူးမြားဖြင့် ပစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှတရားခံများအား ဆက်လက်စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ ပုသိမ်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ မန်းစေး(ခ)စောစေးဂေး(၄၉)နှစ်နှင့် ကျောင်းကုန်းကျေးရွာ နေ ငွေထူး(၄၀)နှစ်တို့အား ၂၅-၄-၂၀၁၈ ရက်နေ့ ၁၂၁၅ အချိန်တွင် အမှုဖြင့်ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/

No comments:

Post a Comment