အမာမြို့မှ ကျွဲခိုးသူများအား တွံတေးတွင် ဖမ်းဆီးရမိ
ဖျာပုံ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ အောက်ဆိပ် ကွင်းကျေးရွာ လယ်ကွင်းအတွင်းမှ ခိုးယူသယ်ဆောင် သွားသော ကျွဲများအား ခိုးယူသွားသူများနှင့်အတူ ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃ ရက်တွင် အောက်ဆိပ်ကွင်း ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးချစ်ဦးမောင်၊ ဦးကျော်စိုးနှင့် ဦးဝကြီးတို့ ပိုင်ဆိုင်သော ကျွဲရှစ်ကောင်အား လယ်ကွင်းထဲ လွှတ်ကျောင်းထားစဉ် ပျောက်ဆုံးသွား ကြောင်း၊ အနီးပတ်ဝန်းကျင်တွင် ရှာဖွေရာ မတွေ့ရသဖြင့် မေ ၉ ရက်တွင် အမာနယ်မြေရဲစခန်းသို့ ကျွဲပျောက်ဆုံးသွား ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ရှာဖွေဖော်ထုတ်ခဲ့ရာ ကျွဲများ တွံတေးမြို့သို့ ရောက်ရှိနေကြောင်း သိရပြီး အမာ နယ်မြေရဲတပ်ဖွဲ့စခန်း ဒုတိယရဲအုပ် ဝင်းမင်းသိမ်းနှင့် တပ်ဖွဲ့ဝင်များနှင့် တွံတေးရဲစခန်းတို့ ပူးပေါင်းပြီး မေ ၁ဝ ရက်တွင် ခိုးယူသွားသူများထဲမှ မျိုးမင်းနှင့် လက်ခံရောင်းချ ပေးသူ တွံတေးမြို့ စမ်းရွာနေ မင်းမင်း(ခ)အန်မက်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ခံရောင်းချပေးသူ မင်းမင်း(ခ)အန်မက် အိမ်နောက်ဘက်မှ ကျွဲလေးကောင်နှင့် ၎င်းကိုယ်တိုင် ရောင်းချခဲ့သော တွံတေးမြို့ လိုင်စင်ရ ဦးလှရွှေ၏သားသတ် ရုံမှ ကျွဲငါးကောင် ပေါင်းကျွဲကိုးကောင်အား ပြန်လည်ရရှိ ခဲ့ပြီး အောက်ဆိပ်ကွင်းကျေးရွာမှ ပျောက်ဆုံးသွားသော ကျွဲရှစ်ကောင်အနက် ခုနစ်ကောင်နှင့် ပိုင်ရှင်မသိသော ကျွဲနှစ်ကောင်ဖြစ်ကြောင်း သိရသည်။
ပိုင်ရှင်မသိသော ကျွဲနှစ်ကောင်အား နီးစပ်ရာစခန်း များသို့ အကြောင်းကြားပေးခဲ့ပြီး ၎င်းအမှုအား အမာ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ကျော်ကျော်စိုးက အမှု ခိုင်မာအောင် တည်ဆောက်ခြင်း၊ ကွင်းဆက်တရားခံများ အား ဖမ်းဆီးနိုင်ရေးဆောင်ရွက်ပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment