Tuesday, May 15, 2018
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၇)အောင်ဝေး
တိုက်ပွဲခေါ်သံတွေ ကြားနေရတယ်။
နာဂစ်မုန်တိုင်း၊ သန်းရွှေမုန်တိုင်းအောက်မှာ ပြိုလဲပျက်စီးသွားရတဲ့ မြစ်ဝကျွန်းပေါ်ကြီးကို ကြည့်ရင်း ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားခဲ့တဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်ကို ကျနော် ပြန်အမှတ်ရလာပါတယ်။
အဲဒီတုန်းက အင်အားတက်ကြွ၊ တိုးတက်လှတဲ့ မြစ်ဝကျွန်းပေါ်ရဲ့ ရုပ်ပုံလွှာတွေ၊ တိုးမြစ်၊ ရွေးမြစ်၊ ပြာမလော့မြစ်၊ မြောင်းမြမြစ်၊ င၀ံဖြစ်တွေရဲ့ မြင်ကွင်းတွေဟာ ကျနော့်အာရုံမှာ ထင်ဟပ်လာပါတော့တယ်။
၁၉၈၉ ဇန်န၀ါရီ၊ နှင်းတွေနဲ့ ဝေနေတဲ့အချိန်ပါ။
ခွပ်ဒေါင်းအလံတွေ တလူလူနဲ့ ရန်ကုန်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ ‘မြတ်မေတ္တာ’သင်္ဘောကြီးဟာ တိုးမြစ်ရင်ခွင်ထဲကို တိုးဝင်လာနေပါပြီ။ ဧရာဝတီတိုင်းနယ်မြေထဲကို ကျနော်တို့ စတင် ၀င်ရောက်လာနေကြတာပါ။
ကျနော်တို့ ပထမဆုံး ဆိုက်ကပ်ရမယ့် ဆိပ်ကမ်းက ‘ထနီး’ဆိုတဲ့ မအူပင်မြို့နယ်အ၀င်က ရွာကလေးပါ။ ဒါ စစ်ပဒေသရာဇ်ကြီး ဗိုလ်ချုပ်မြင့်အောင်ရဲ့ နတခ ဧရိယာအစပ်ပေါ့။ (အဲဒီတုန်းက စစ်ဧကရာဇ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ပါ။)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ ဧရာဝတီတိုင်း အနောက်ခြမ်း ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ ၃ ခရိုင် ခရီးစဉ်မှာ အန်ကယ် ဦးကြည်မောင် လိုက်ပါလာပါတယ်။ ကာနယ်ကြည်မောင်လို့ လူသိများတဲ့ ဦးကြည်မောင်ဟာ ၁၉၃၈ ဒီဇင်ဘာ ၂၀ တတိယ တက္ကသိုလ်ကျောင်းသားသပိတ်တိုက်ပွဲတုန်းက တပ်ဦးမှာ အလံကိုင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးပါ။
အဲဒီနေ့က အတွင်းဝန်ရုံးရှေ့မှာ ဗိုလ်အောင်ကျော် အရိုက်ခံရတဲ့နေ့ပေါ့။ အဲဒီနေ့က ဦးကြည်မောင်နဲ့အတူ အလံကိုင်ခဲ့တဲ့ အမာခံ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးကတော့ ကျနော်တို့ရဲ့ဆရာ ဒဂုန်တာရာပါပဲ။
အန်ကယ် ဦးကြည်မောင်ဟာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ‘အောင်-စု-တင်’ ဆိုပြီး NLD ပါတီ စထောင်စဉ်အချိန်က ဦးအောင်ကြီးအဖွဲ့ထဲကပါ။ ပါတီဖွဲ့ပြီးလို့ သိပ်မကြာလိုက်ဘူး၊ ဦးအောင်ကြီး နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဦးကြည်မောင်က ဦးအောင်ကြီးနောက် ပြန်ပါမသွားဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့ NLD မှာပဲ နေရစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ကာလ၊ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ NLD အနိုင်ရအောင် ဦးဆောင်ခဲ့သူဟာ အန်ကယ်ဦးကြည်မောင်ပါပဲ။
သင်္ဘောက ဆိပ်ကမ်း ကပ်တော့မယ်ဆိုတဲ့သဘောနဲ့ ဥသြသံ ပေးလိုက်ပါတယ်။ ကျနော်တို့ အားလုံး အသင့်ပြင်လိုက်ကြပါပြီ။
“အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ၊ သင်သည် စီးဆင်း၊ တို့ရင်တွင်းမှာ၊ နှင်းဆီပွင့်တွေ၊ ရဲရဲကြွေပြီ၊ ဝေလည်းရဲရဲ၊ ကြွေရဲရဲမို့၊ နီနီရဲရဲ၊ သင့်အသည်းကို၊ မခွဲတုံလော … ခွဲတုံလော။” ခရီးစဉ်မှာ ဖြန့်ဝေဖို့ ပါလာတဲ့ ကျနော့်ကဗျာစာအုပ်ကလေးကို ကျနော် ကိုင်ကြည့်နေမိတယ်။
သင်္ဘောတစင်းလုံးဟာ တက်ကြွ ရွှင်လန်းနေတော့တာပါ။ ပထမဆုံး ဆိုက်ကပ်မယ့် ဆိပ်ကမ်းလည်းဖြစ်လို့ ရင်ခုန် စိတ်စောနေကြပုံလည်း ရပါတယ်။ တိုးမြစ်ကြီးကတော့ ညင်ညင်သာသာ စီးဆင်းနေတုန်းပါ။
ဒီခရီးစဉ်မှာ ကျနော်က ‘ပွိုင့်’တာဝန် ကျပါတယ်။ ဆိပ်ကမ်းတခုကပ်တာနဲ့ ကျနော် အရင် ရှေ့ပြေးဆင်းရမယ်။ ကျနော့်နောက်မှာ ဗိုလ်ကြီးဝင်းထိန်ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အမိန့်ပေးထားပါတယ်။
ဗိုလ်ကြီးဝင်းထိန်ဆိုတာ ၁၉၇၆ တုန်းက ဦးနေ၀င်းကို လုပ်ကြံပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ့ အမှုတွဲပါ။ အခု ဗိုလ်ကြီးဝင်းထိန် အကျဉ်းထောင်တခုထဲမှာ နှစ်ရှည်လများ ထိန်းသိမ်းခံနေရဆဲပါ။
န၀တ စစ်အာဏာရှင်အုပ်စုနဲ့ NLDရဲ့ အားစမ်းပွဲကတော့ စပါပြီ။ ထနီးရွာဟာ ကျနော်တို့ ပထမဆုံး ဆိုက်ကပ်မယ့် ဆိပ်ကမ်း။ တနည်းအားဖြင့် ပထမဆုံးတိုက်ပွဲလည်း ဖြစ်တယ်။ ပထမဆုံး တိုက်တဲ့တိုက်ပွဲဟာ မနိုင်ရင်သာနေရမယ်၊ မရှုံးစေရဘူး။ ပထမဆုံးတိုက်တဲ့တိုက်ပွဲဟာ မနိုင်ရင်သာနေရမယ်၊ မရှုံးစေရဘူး။
ကျနော်က သင်္ဘောပေါ်မှာ ပါလာတဲ့ သုံးရောင်ခြယ် နဲ့ NLD လူငယ်တွေကို ၁၉၇၄၊ ၇၅၊ ၇၆ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ရခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံအရ ဒီစကား ကျနော် ပြောလိုက်ပါတယ်။
ထနီးရွာကမ်းပါးတလျှောက်မှာတော့ ကရင်တိုင်းရင်းသား ရွာလူထုဟာ သူတို့ရဲ့ ရိုးရာဝတ်စုံတွေ၊ ဒုံးယိမ်းအကတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြိုဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သင်္ဘောအပေါ်ထပ်ကနေ လက်ပြ နှုတ်ဆက်နေပါတယ်။ မအူပင်ကလာကြိုတဲ့ NLDမြို့နယ်စည်းတွေကိုလည်း ရွာလူထုကြားမှာ တွေ့လိုက်ရပါတယ်။
အပေါ်နဲ့အောက် ခွပ်ဒေါင်းအလံတွေ အပြန်ပြန် အလှန်လှန် ဝှေ့ယမ်းလို့ပေါ့။
သင်္ဘောဆိပ်ကမ်းကပ်လို့ ကြိုးချည်၊ ကုန်းပေါင်ထိုးပြီးတာနဲ့ ကျနော် အရင်ဦးဆုံး သင်္ဘောပေါ်က ဆင်းလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လူထုရဲ့ ကြွေးကြော်သံတွေ ကြားမှာပဲ လက်နက်ကိုင်စစ်သား တပ်စုတစုနဲ့ အသင့်စောင့်နေတဲ့ အရာရှိ စစ်ဗိုလ်ဆီကို ကျနော် တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။ ကျနော် သူ့ကို လေးစားသမှုနဲ့ အရင် နှုတ်ဆက်ပါတယ်။ ပြီးတော့ သူနဲ့ကျနော် ညှိကြနှိုင်းကြ လုပ်ရပါတယ်။
တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် ပေးထားတဲ့ အမိန့်အတိုင်း အဲဒီစစ်ဗိုလ်က တသဝေမတိမ်း လုပ်ဆောင်ပါတယ်။ ကျနော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပေးထားတဲ့ အမိန့်အတိုင်း လုပ်တာပါ။ ဘယ်အမိန့်က တရားသလဲ။ ဘယ်အမိန့်က မတရားဘူးလဲ။
ညှိလို့နှိုင်းလို့ပြီးသွားတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သင်္ဘောပေါ်က ဆင်းလာပါပြီ။ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ကရင်တိုင်းရင်းသား လူထုကြီးဟာ အဆက်မပြတ် ကြွေးကြော်နေပါတော့တယ်။
ထနီးရွာ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ကရင်တိုင်းရင်းသားကြီးတဦးနဲ့ ကရင်တိုင်းရင်းသူကြီးတဦးတို့က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ်ပြီး ကြိုဆိုကြပါတယ်။ သက်ကြီးရွယ်အို ဖထီးတချို့၊ အမိုးတချို့ဟာ ‘ငါတို့ဗိုလ်ချုပ်သမီး၊ ငါတို့ဗိုလ်ချုပ်သမီး’ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ပြီး ငိုကြပါတော့တယ်။
ကျနော်တို့ ရင်ထဲမှာ ကြေကွဲပီတိကို ခံစားလိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ပါ။
ထနီးရွာမှာ ကျနော်တို့ ကြာကြာ အချိန်မရပါဘူး။ မအူပင်မြို့ကို ခရီးဆက်ရပါဦးမယ်။ ရပ်ရွာလူထုကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့အခါ အားလုံးကို နှုတ်ဆက်ပြီး သင်္ဘောပေါ် ပြန်တက်ကြပါတယ်။ အန်ကယ်ဦးကြည်မောင်ကတော့ ရှေ့မထွက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ရပ်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ကျေနပ်အားရနေတော့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထနီးရွာလူထု တသားတည်းဖြစ်သွားတာကိုကြည့်ပြီး အစ ပထမက တမင် ခက်ထန် တင်းမာအောင် လုပ်ယူထားရတဲ့ စစ်သားတွေရဲ့ မျက်နှာဟာ တဖြည်းဖြည်း ပျော့ပျောင်းလာတာကို ကျနော် သိတာပေါ့။ ကျနော် စစ်တပ်ထဲမှာ အနှစ် ၂၀ ကျော် ကြီးပြင်းလာတဲ့သူပဲ။
သင်္ဘောပေါ်ကို ကျနော် နောက်ဆုံးမှ တက်ပါတယ်။ မတက်ခင် အရာရှိစစ်ဗိုလ်ကို “ကျေးဇူးတင်ပါတယ်ဗိုလ်ကြီး”လို့ ယဉ်ယဉ်ကျေးကျေး လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။
ထနီးဆိပ်ကမ်း၊ တိုးမြစ်ဝှမ်းပေါ်မှာတော့ ဒုံးယိမ်းသံတွေက ညံနေဆဲ၊ ခွပ်ဒေါင်းအလံတွေက တလူလူ လွင့်ပျံနေဆဲပါပဲလေ။
အောင်ဝေး (၀၇-၀၆-၀၈)
(မူရင်း - Radio Free Asia, Burmese Service)
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၇)အောင်ဝေး
Reviewed by timeayeyar
on
2:54 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment