Latest News

Thursday, May 17, 2018

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်တစ်လီတာ ကျပ် ၉ဝဝ နီးပါး ရောက်ရှိလာ

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်တစ်လီတာ ကျပ် ၉ဝဝ နီးပါး ရောက်ရှိလာ

ရန်ကုန်   မေ   ၁၇

ယခုနှစ် သင်္ကြန်ကာလမတိုင်မီမှ စတင်၍ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရာ  လက်ရှိတွင်  အမြင့်ဆုံးဈေးနှုန်းသို့ ရောက်လာခဲ့ကြောင်း  ပြည်တွင်း စက်သုံးဆီဈေးကွက်မှ သိရသည်။

တဖြည်းဖြည်းမြင့်တက်လာသော စက်သုံးဆီဈေးနှုန်းသည် အစိုးရဝန်ထမ်းများ၏  လစာတိုးမြှင့်မည်ဟု ကြေညာချက်ထွက်ပေါ်ခဲ့သည့် ဧပြီလကုန်ပိုင်း လက်ရှိအချိန်အထိ  အမြင့်ဆုံးဈေးနှုန်းသို့  မြင့်တက်သွားခဲ့ကြောင်း ဈေးကွက်ပေါက်ဈေးများအရ သိရသည်။

လက်ရှိ ရန်ကုန်မြို့  စက်သုံးဆီအရောင်းဆိုင်များတွင်  ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ အောက်တိန်း  ၉၂  တစ်လီတာလျှင်  ကျပ်  ၈၃ဝ၊  အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၈၈ဝ၊ ဒီဇယ်တစ်လီတာလျှင် ၈၆၅ ကျပ်၊  အဆင့်မြင့် ဒီဇယ် တစ်လီတာလျှင် ၈၈၅ ကျပ်အထိရှိလာခဲ့ကြောင်း    မေ ၁၇ ရက် ဈေးနှုန်းများအရ သိရသည်။ ယင်းအပြင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း သည် တစ်စည်လျှင် ဒေါ်လာ ၇ဝ အထက်သို့ ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့ ဈေးနှုန်းမြင့်တက်မှုနှင့် ပြည်တွင်းရှိ ဒေါ်လာဈေး မြင့်တက်ခဲ့မှုတို့ကြောင့်   ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီရောင်းချသူများက ဆိုသည်။

''ဈေးတက်ရင် ချက်ချင်း တက်သွားတာ၊ ကျတဲ့အခါကျတော့ ငါးကျပ်၊ ၁ဝ လောက်ပဲကျတာ၊ ဆီဈေးတက်ရင် အကုန်လိုက်တက်တာပဲ၊ သူက အခြေခံပဲဆိုတော့ သယ်ယူပို့ဆောင်စရိတ်တက်ရင် အကုန်တက်မှာပဲ၊ အစိုးရအနေနဲ့ ပြည်တွင်းဈေးကို လိုက်ထိန်းချုပ်တာမျိုးထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုသင့်တယ်၊ ပြည်တွင်းမှာပဲ လူနည်းစုက ဈေးကွက် လက်ဝါးကြီး အုပ်ထားတာထက် အများပြည်သူ အဆင်ပြေစေဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုပေးသင့်တယ်'' ဟု  ရန်ကုန်မြို့ခံတစ်ဦးက ပြော သည်။

ယင်းသို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် တိုင်းဒေသကြီး အတွင်း စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်ဈေးနှုန်း ကျဆင်း စေရေးတို့အတွက် တိုင်းဒေသကြီးနှင့် သက်ဆိုင်သော စီမံချက်၊ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေ ၈ ရက်က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့ရာ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်သုံးဆီအရောင်းဆိုင်များက ညှိနှိုင်းထားသော ဈေးနှုန်းထက် ကမ္ဘာ့ ဈေးကွက် ပေါက်ဈေးနှင့်အညီ ဈေးနှုန်းဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် စက်သုံးဆီဈေးနှုန်းနှင့် ရောင်းဝယ်မှု အခြေအနေများကို စီမံကိန်းရေးဆွဲရေး ဦးစီးဌာနက ပြုစုနေပြီး ဈေးနှုန်း ကျဆင်းရေးအတွက် အစီအမံတစ်ရပ် ချမှတ်ဆောင်ရွက်ပေးရန်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးက ထည့်သွင်းပြောကြားထားသည်။

ယခုလက်ရှိ  ကျင်းပနေသော တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုအပေါ် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်သုံးဆီအရောင်းဆိုင်များက ညှိနှိုင်း ထားသော ဈေးနှုန်းထက် ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှင့်အညီ ဈေးနှုန်း ဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အစီအမံများ ချမှတ် ဆောင်ရွက်သွားရန်ရှိကြောင်း ပြန်လည်ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။                                              

The Mirror Daily

No comments:

Post a Comment