ရီးယဲလ်က လီဗာပူးကို အနိုင်ကစားပြီး ချန်ပီယံလိဂ်တွင် သမိုင်းသစ်ရေးထိုး နိုင်ခဲ့သော်လည်း စီရိုနယ်လ်ဒိုနှင့် ဂါရတ်ဘေးလ်တို့နှစ်ဦး၏ ပွဲအပြီး ပြောစကား များက ရီးယဲလ်အတွက် အချက်ပေး တပ်လှန့်သံဖြစ်လာခဲ့ပြီဖြစ်သည်။ ဂါရတ် ဘေးလ်မှာ အဆိုပါပွဲစဉ်တွင် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သော်လည်း မိနစ် ၆ဝ ကျော်တွင် အစ္စကို နေရာ အစားဝင်ရောက်လာပြီး သုံးမိနစ်အကြာမှာပင် ပွဲကို အလှည့်အပြောင်းဖြစ်စေမည့် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ၈၃ မိနစ်တွင် ရီးယဲလ်ကို အနိုင်သေချာစေမည့် ပွဲသိမ်းဂိုးကို ထပ်မံသွင်းယူ ပေးနိုင်ခဲ့သည်။
ဂါရတ်ဘေးလ်က ''ကျွန်တော့်အနေနဲ့ အပတ်စဉ်တိုင်း ကစားခွင့်ရဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် ဒါက အကြောင်းပြချက်တစ်ခုနဲ့ တစ်ခုထက် ပိုတာတွေနဲ့ပဲ ဖြစ်မလာခဲ့ဘူး၊ ကျွန်တော် ရာသီအစမှာ ခြောက်ပတ်လောက် ဒဏ်ရာရခဲ့ပေမယ့် အဲဒီနောက်ပိုင်း ကြံ့ခိုင်မှု ပြည့်ဝနေခဲ့တာပါ၊ ဒီကနေစပြီး ဘာဆက်လုပ်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ အေးဂျင့်နဲ့ ထိုင်ပြီးဆွေးနွေး ရပါတော့မယ်'' ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂါရတ်ဘေးလ်မှာ ရီးယဲလ်တွင် ရောက်ရှိခဲ့သည့် ငါးရာသီအတွင်း ချန်ပီယံလိဂ်ဖလားလေးလုံး ရယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီကလည်း ပွဲထွက်ခွင့်မရခဲ့သလို ယခုလည်း ပွဲထွက်ခွင့် ထပ်မံပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ဘေးလ်က ပွဲထွက်ခွင့်မရခြင်းအတွက် အလွန်စိတ်ပျက်မိပြီး သူ့အနေဖြင့် ဝင်ရောက်ကစားခွင့်ရရှိသည့်အကြိမ်တိုင်း အသင်းကို ကြီးမားစွာ အထောက်အပံ့ ပြုနိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။ ရီးယဲလ်နည်းပြ ဇီဒန်းက ဘေးလ်လို ကစားသမားမျိုး ပွဲထွက်ခွင့်မရခြင်းအပေါ် စိတ်ပျက်နိုင်မည်ကို သူ့အနေဖြင့် နားလည်နိုင်ပြီး ကစားသမားတိုင်းက မိမိတို့အနာဂတ် မိမိတို့ဘာသာ ဆုံးဖြတ် ခွင့်ရှိကြောင်း တုံ့ပြန်သွားခဲ့သည်။
ဘေးလ်က ယခုလို သူ၏ အနာဂတ်အပေါ် ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ချိန်တွင် စူပါစတား စီရိုနယ်လ်ဒိုကလည်း ရီးယဲလ် အတွက် ကစားပေးရသည်မှာ အလွန်ကောင်းမွန်သော်လည်း ရက်ပိုင်းအတွင်း မှာပင် သူ၏ အနာဂတ်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုခဲ့ပြန်ရာ ရီးယဲလ် အနေဖြင့် စီရိုနယ်လ်ဒို၊ ဂါရတ်ဘေးလ်တို့ကို ဆက်ထိန်းရေး ကြိုးပမ်းရတော့ မည်ဖြစ်သည်။ စီရိုနယ်လ်ဒိုသည် ပြီးခဲ့သည့်ဘောလုံးရာသီအကုန်ကလည်း ရီးယဲလ်မှ ထွက်ခွာရန် အနီးစပ်ဆုံးအခြေအနေတစ်ရပ် ရောက်ရှိနေပြီဟု သတင်းများ တောက်လျှောက်ထွက်ခဲ့သော်လည်း ရီးယဲလ်တွင်သာ ဆက်လက် ရှိနေခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး ခဏအကြာမှာပင် စီရိုနယ်လ်ဒိုက ရီးယဲလ်တွင် သူ၏ အနာဂတ် မသေချာကြောင်း ဆိုခဲ့သလို ရီးယဲလ်အောင်ပွဲခံ အခမ်းအနားတွင်လည်း ယင်းစကားကိုပင် ''နောက်ရာသီ ရီးယဲလ်အတွက် ဆက်ရှိမလား မသေချာ ပါဘူး၊ နောက်ရက်ပိုင်းအတွင်း ကျွန်တော့်အနာဂတ်ကို ပြောကြားပါမယ်'' ဟု ထပ်မံဆိုခဲ့သေးရာ ရီးယဲလ်တာဝန်ရှိသူများအတွက် ခေါင်းခဲစရာဖြစ်လာခဲ့ပြီ ဖြစ်သည်။
Mirror
No comments:
Post a Comment