Latest News

Wednesday, May 9, 2018

မြန်မာ့အနာဂတ်၏ မောင်းနှင်အားများအားလုံးကို ချုပ်ကိုင်ထားသည့်တပ်မတော်

မြန်မာ့အနာဂတ်၏ မောင်းနှင်အားများအားလုံးကို ချုပ်ကိုင်ထားသည့်တပ်မတော်

(ယခုဆောင်းပါးသည် Asian Correspondent မှ The military still holds all the levers in Burma’s future ကို ဆီလျော်အောင်ဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါသည်။)

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သမိုင်းဝင် ရွေးကောက်ပွဲ အောင်ပွဲရပြီးနောက် ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်သော၊ အကျိုးသက်ရောက်မှုကောင်းသော၊ အားလုံးနှင့်သက်ဆိုင်သော ဒီမိုကရေစီစနစ် ထွန်းကားရေး ခရီးရှည်နှင့်ပတ်သက်သော အကောင်း မြင်မှုများ လွင့်ပါးစ ပြုလာပြီဖြစ်သည်။

၂၀၁၈ မတ်လ ၁၈ တွင် ဦးဝင်းမြင့်ကို လက်ရှိ အစိုးရသက်တမ်း အတွင်း ဒုတိယမြောက် သမ္မတသစ်အဖြစ် လွှတ်တော်ကတင်မြှောက်ခဲ့သည်။ သမ္မတသစ်သည်လည်း ယခင်သမ္မတ ဦးထင်ကျော်ကဲ့သို့ပင် အဓိက ဆုံးဖြတ်ချက်ပေးသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် ရသော လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း တပ်မတော်ဟု ခေါ်ဝေါ်သော မြန်မာစစ်တပ်သည် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို ဆက်လက်ဆုပ်ကိုင်ထားကာ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် ကန့်ကွက်နိုင်သည့် ဗီတိုအာဏာ သုံးစွဲခွင့်ကို ရယူထားသည်။ ထို့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများကိုပါ ချုပ်ကိုင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်အပေါ်တွင် ထိန်းချုပ်ခွင့်ရရှိနေသည်။

ထို့အပြင် တပ်မတော်သည် ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် နှိမ်နင်းဖြိုခွဲမှုကြောင့် မီဒီယာများတွင် မကောင်းသတင်း ကျော်စောနေသော်လည်း ကမ္ဘာတစ်လွှားတွင် တပ်မတော်အပေါ် အသိအမှတ်ပြုမှုတိုးတက်လာခြင်းကို မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံမှုပုံသဏ္ဌာန်များက ပြသနေသည်။

အမှန်တကယ်တွင် ရိုဟင်ဂျာပြဿနာကြောင့် နိုင်ငံတကာပုံရိပ်တွင် အများဆုံးရိုက်ခတ်ခံရမှုသည် တပ်မတော်ထက် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် ပိုများသည်။ သူမသည် ပြဿနာအပေါ် နှုတ်ဆိတ်နေသည့်အပြင် တပ်မတော်ကို ကာကွယ်ရန်နှင့် နိုင်ငံတကာ မီဒီယာအား သတင်းမှားထုတ် ပြန်သည်ဟုဆိုကာ အပြစ်တင်ရန် ကြိုးစားနေသည်ဟု ရှုမြင် ခြင်းခံနေရသည်။

တပ်မတော် သို့မဟုတ် မြန်မာစစ်တပ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ထိန်းကျောင်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနှင့် သံတမန်ရေးမျက်နှာစာအဖြစ် နေရာချနိုင်သွားပြီး သူမအား နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို ရှေ့ဆုံးမှ ခါးစည်းခံရသည့်အဖြစ်သို့ ရောက်ရှိစေခဲ့သည်။

ယခင်က တပ်မတော်ခေါင်းဆောင်များကို ဝေးဝေးကရှောင်ခဲ့သော ဥရောပနိုင်ငံများသည် ၂၀၁၇ အတွင်း တပ်မတော် ကိုယ်စားလှယ်အဖွဲ့များကို ကော်ဇောနီခင်းကြိုဆိုမှု အကြိမ်ရေများစွာ ရှိခဲ့သည်။ မြန်မာနိုင်ငံသည် ထရမ့်အစိုးရလက်ထက်တွင် ဝါရှင်တန်၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးအစီအစဉ်များထဲတွင် ပါဝင်မှု လျော့သွားသည့်လက္ခဏာရှိသည်။ သာဓကအနေနှင့် ယခင်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် မနှစ်က နိုဝင်ဘာလ မြန်မာခရီးစဉ်တွင် အစိုးရကို ပြစ်တင်ဝေဖန်ခြင်းမပြုဘဲ အလယ်အလတ်သဘောထား ကျင့်သုံးသွားခဲ့သည်။

အမေရိကန်၏ မူဝါဒလမ်းကြောင်းသည် မြန်မာနိုင်ငံတွင် တပ်မတော်၏ ရေပန်းစားမှု ပိုလာသည့် အချိန်မျိုးတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရအပေါ် ဖိအားပေးမှုကို ရှောင်ရှားလိုသည့်သဘောဟု ဆိုနိုင်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေးစက်ကွင်းထဲသို့ မြန်မာနိုင်ငံယိုင်မသွားစေလိုသည့် သဘောဟုလည်း ယူဆနိုင်သည်။

တေလာဆန်၏ ခရီးစဉ်အပြီး မရှေးမနှောင်းမှာပင် ထရမ့်အစိုးရက ဆန့်ကျင်ဘက် ဦးလှည့်လိုက်ပြီး ရခိုင်ပြည်နယ်မှ အကြမ်းဖက်နှိမ်နင်းမှုများကို လူမျိုးတုံးသန့်စင်မှုဟု ခေါ်ဝေါ်လိုက်သည်။ ဒီဇင်ဘာလကုန်တွင် ထရမ့်အစိုးရက ရခိုင်ပြည်နယ်ကိစ္စ၌ တာဝန်ရှိသော စစ်ဗိုလ်ချုပ်များကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပြီး စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပုံစံအချို့ကို ကန့်သတ်လိုက်သည်။

သို့ရာတွင် ထိုသို့ဆောင်ရွက်မှုသည် မြန်မာစစ်တပ် ဘောင်ဝင်မှု တားဆီးရေးကို စည်းရုံးနေသော အုပ်စုများနှင့် နိုင်ငံတကာမီဒီယာများ၏ သဘောအတိုင်း တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ပိုမိုရှုမြင်ကြသည်။ အချို့အကဲခတ်များကမူ ဝါရှင်တန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွင် မြန်မာနိုင်ငံရှိ အမေရိကန် အကျိုးစီးပွားများကို ဖော်ဆောင်ရေးထက် ဒေါ်အောင်ဆန်းစုကြည် အာဏာရခြင်းကို မြင်တွေ့လိုသည့် စိတ်အားထက်သန်မှုက ဦးဆောင်နေသည်ဟု မှတ်ချက်ပေးကြသည်။

မြန်မာနိုင်ငံသည် အမေရိကန် - တရုတ် ဒိုင်းနမစ်အရွေ့တွင် ပါဝင်ရုံသာမကပဲ တရုတ်နှင့် အိန္ဒိယတို့အကြား ဩဇာလွှမ်းမှု စမ်းသပ်ခံနယ်မြေဖြစ်နေသည်။

အိန္ဒိယ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိနေသော အရှေ့မြောက်ဒေသရှိ ခွဲထွက်ရေးသူပုန် လှုပ်ရှားမှုများမှ မြစ်ဖျားခံသည်။ အဆိုပါ စိုးရိမ်မှုကြောင့် နယူးဒေလီသည် နေပြည်တော်နှင့် အပြုသဘောဆက်ဆံရေးကို ချမှတ်ထားသည်။ ပြီးခဲ့သော အောက်တိုဘာလက ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက “ဒေသအလိုက် အကဲဆတ်သော ဖြေရှင်းမှုနည်းလမ်း” ဟု မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေးများကို တိုးမြှင့်ခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာလက နေပြည်တော်ကို အနောက်နိုင်ငံများက ပြစ်တင်ဝေဖန်နေစဉ် မြန်မာရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နယူးဒေလီတွင် ကမ်းလွန်ကင်းလှည့်ရေယာဉ်များ ဝယ်ယူရန် ဆွေးနွေးလျက်ရှိသည်။ နိုဝင်ဘာလတွင်လည်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။

အိန္ဒိယသည် မြန်မာနိုင်ငံသို့ လက်နက်စစ်ယန္တရား အမြောက်အမြား ရောင်းချပေးထားပြီး မြန်မာစစ်တပ်၏ ရေတပ်ဆိုင်ရာ၊ ကြည်းတပ်ဆိုင်ရာ၊ ထောက်/ပို့ ဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးနေသည်။ ယခင်နှစ် အစောပိုင်းကလည်း ဒေါ်လာ ၃၇ ဒသမ ၉ သန်း တန်ဖိုးရှိသော တော်ပီဒိုများ ရောင်းချပေးမည့် စာချုပ်ကို နှစ်နိုင်ငံလက်မှတ်ထိုးခဲ့ကြသည်။ မြန်မာစစ်တပ်နှင့် ရင်းနှီးသောဆက်ဆံရေး ထူထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ နယ်မြေပေါ်ရှိ အခြေစိုက်စခန်းများကို အသုံးပြုနေသည့် အရှေ့မြောက်သူပုန်များ၏ လှုပ်ရှားမှုများကိုထိန်းချုပ်ရန် မြန်မာစစ်တပ်ကို လှုံ့ဆော်ပေးနိုင်မည်ဟု အိန္ဒိယက မျှော်လင့်ခြင်းဖြစ်သည်။

သို့ရာတွင် အိန္ဒိယသည် အဆိုပါလက်နက်များ ရောင်းချပေးရုံဖြင့် မျှော်လင့်ချက်များ ပြည့်နိုင်ဖွယ်မရှိပါ။ အိန္ဒိယသူပုန်အုပ်စု NSCN (K) သည် ၂၀၁၂ ခုနှစ်က တပ်မတော်နှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည်။ သို့ဖြစ်ရာ ၂၀၁၆ မှစ၍ တပ်မတော်က ထိုးစစ်ဆင်နေသော ကချင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင် လက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်ရာတွင် ယင်းလက်နက်များကို အသုံးပြုအောင် အားပေးရာရောက်ပေလိမ့်မည်။

၂၀၁၃ မှ ၂၀၁၇ အတွင်း အိန္ဒိယအတွက် ပိုမိုစိုးရိမ်စရာဖြစ်လာသောကိစ္စမှာ တရုတ်နိုင်ငံက ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ အဓိက လက်နက်ရောင်းချပေးသူ ဖြစ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဩဇာလွှမ်းမှုကို မြှင့်တင်ရန် ပျက်ကွက်နေသည့် ထရမ့်အစိုးရ၏ ဟာကွက်ကို တရုတ်နိုင်ငံက ဆက်လက်အသုံးချလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံများ ကျင်းပခြင်းဖြင့် ကြိုးစားနေသည်။ သို့ရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များက မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟူသော ခေါင်းစဉ်အောက်တွင် စုစည်းထားကြပြီး ငြိမ်းချမ်းရေး ညှိနှိုင်းမှုလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ပိုမိုပါဝင်ပတ်သက်ရေးကို တောင်းဆိုနေကြသည်။

လက်ရှိအခြေအနေတွင် အဓိက အကျိုးအမြတ်ရှိနေသူမှာ တပ်မတော် ဖြစ်နေပုံရသည်။ တပ်မတော်ဟုခေါ်သော မြန်မာစစ်တပ်သည် အပစ်ရပ် ညှိနှိုင်းရေးတာဝန်ကို အရပ်ဘက် အစိုးရနှင့် တရုတ်နိုင်ငံအပေါ် ပုံပေးထားပြီး ၎င်းကမူ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအပေါ် ထိုးစစ်ဆင်မှုများကို ဆက်လက်ပြုလုပ်နေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ဒိုင်းနမစ်အရွေ့သည် တပ်မတော်လက်ထဲသို့ အာဏာရင်းမြစ်အားလုံး ရောက်ရှိနေသည့် နက်ရှိုင်းသည့် အဖြစ်ဆိုးကို ယခင်ကထက် ပိုမိုလှစ်ပြနေသည်။

တပ်မတော်သည် ဒေသတွင်း ပထဝီနိုင်ငံရေး ပြိုင်ဘက်များထံမှ အပြိုင်ချဉ်းကပ်မှုများကို ညှစ်ထုတ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်များနှင့် နိုင်ငံတကာ၏ ပြုပြင်ပြောင်းလဲရေး ဖိအားများကို အသုံးချခဲ့သည်။

တပ်မတော်သည် ထိုသို့ပြုလုပ်ခြင်းအားဖြင့် အလျှော့ပေးညှိနှိုင်းရန် ဖိအားပေးခံရမည့် အခြေအနေမှ နိုင်ငံတကာတွင် ဘောင်ဝင်သော၊ ပြည်တွင်းအနာဂတ် နိုင်ငံရေးတွင် အဓိကနေရာကို ဆက်လက်ဆုပ်ကိုင်နိုင်သော အခြေအနေ (ခွင်) တစ်ခုသို့ ရောက်လာအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

The Voice

No comments:

Post a Comment