နတ်စင်ကွေ့အနီး ခြောက်ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မူဖြစ်ပွား
ကော့ကရိတ် မေ ၁၀
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် မေလ ၉ ရက်နေ့ညနက်ပိုင်းက စားအုန်းဆီနှင့် စားကုန်ပစ္စည်းအမယ်စုံတို့တင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးချောက်ထဲထိုးကျတိမ်းမှောက်၍ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်(၂)ဦးစလုံးသေဆုံးသွားကြောင်း သတင်းရရှိသည်။
မေလ ၉ရက်နေ့ ည၁၁နာရီခွဲ အချိန်ခန့် အာရှလမ်းမကြီး နတ်စင်ကွေ့အနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်အောင်ကျော်ဝင်း၊ ကော့ကရိတ်မြို့မရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်ဌေးဝင်းတို့ ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မြဝတီဘက်မှကော့ကရိတ်ဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး၊(၃၇-နှစ်)မင်္ဂလာဈေး၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်၍ ယာဉ်နောက်လိုက် ပြည့်စုံအောင်၊ (၂၈-နှစ်)၊ မ/၁၂၈၊ ရှမ်းစုရပ်၊ လှိုင်ရပ်ကွက်၊မော်လမြိုင်မြို့၊ မွန်ပြည်နယ်နေသူ လိုက်ပါလာပြီး စားအုန်းဆီနှင့်စားကုန်ပစ္စည်းအမယ်စုံ တင်ဆောင်လာသော 8M/-------နံပါတ်တပ်၊လိုက်ထရက်၊(၆)ဘီး(အဖြူရောင်)ယာဉ်သည် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် နတ်စင်ကွေ့အနီး၊ ကီလိုမီတာ (၁၅၄)နှင့်(၁၅၅)ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ဝဲဘက်သို့ရောက်ရှိတိမ်းမှောက်ကာ (၁၅) ပေခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျသွားကာ ယာဉ်မှာ တစ်စီးလုံးကြေမွပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အောင်နိုင်ဦးတွင် ရင်ဘတ်ပွန်းကြေ၊ ခန္ဓာကိုယ်ကြေဒဏ်ရာ၊ ယာဉ်နောက်လိုက် ပြည့်စုံအောင်တွင် ဦးခေါင်းပြတ်၊ ခန္ဓာကိုယ်ကြေ ဒဏ်ရာများ အသီးသီးရရှိပြီး အခင်းဖြစ်နေရာတွင်နှစ်ဦးစလုံး သေဆုံးသွားခဲ့သဖြင့် အလောင်းအား ရဲဆေးစာဖြင့် ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်အား ကော့ကရိတ်မြို့မရဲစခန်းက အမှုရေးဖွင့်၍ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment