Latest News

Thursday, May 17, 2018

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၈) အောင်ဝေး


စက်တင်ဘာ ၂၀၊ ၂၀၀၈
‘လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ငှက်သာ မနက်ဖြန်အတွက်ဖြစ်တယ်’ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်မှာ ဖြန့်ဝေတဲ့ ကဗျာစာအုပ်ထဲမှာ ကျနော် ဒီလိုရေးခဲ့တယ်။

ဒီခရီးစဉ်ရဲ့ ပထမဆုံးဆိပ်ကမ်းဟာ ‘ထနီးရွာ’ ဖြစ်တယ်။ ထနီးရွာဟာ ဧရာဝတီတိုင်းထဲကို ၀င်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးပြီး အနှောင့်အယှက်ပေးဖို့ လုပ်ထားတဲ့ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ရဲ့ ခံတပ်ပါပဲ။

အခု အဲဒီခံတပ် ကျိုးပေါက်သွားပြီ။ ကျနော်တို့ ရှေ့ဆက် ထိုးဖောက် ချီတက်ခဲ့ကြပြီ။ ဒုတိယဆိပ်ကမ်းက မအူပင်ပါ။

မအူပင်ကနေ ထနီးမှာ ရှေ့ပြေးလာကြိုတဲ့ မြို့နယ်စည်း အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းမှာ နွေးနွေးထွေးထွေး တွေ့ဆုံပါတယ်။ မြို့ခံတွေက သက်ဆိုင်ရာ မ၀တနဲ့ ညှိနှိုင်းပြီး သူတို့စီစဉ်ထားတဲ့ အစီအစဉ်တွေကို တင်ပြကြပါတယ်။

တိုးမြစ်ကြီးပေါ်မှာတော့ ခွပ်ဒေါင်းအလံတွေ တဝေေ၀နဲ့ မြတ်မေတ္တာသင်္ဘောကြီးက တရွေ့ရွေ့ ခုတ်မောင်းလာနေပါပြီ။ မြတ်မေတ္တာဟာ မြစ်ကို ကွေ့လိုက်တာနဲ့ တပြိုင်နက် မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ကမ်းလုံးညွတ် ဧရာမ လူအုပ်ကြီးပါ။ ဆိပ်ခံတံတားပေါ်နဲ့ ကမ်းပါးတလျှောက်မှာ ဖွေးဖွေးလှုပ်နေတဲ့ လူထုကြီးကို ကြည့်ရင်း ကျနော်တို့ တဖွဲ့သားလုံး ရင်ခုန် လှုပ်ရှားသွားကြပါတယ်။

လူထုတွေ ရှေ့နောက် ၀ဲယာမှာ ပြေးလွှားအော်ဟစ်နေတဲ့ လက်နက်ကိုင်စစ်သားတွေကိုလည်း မြင်နေရပါပြီ။

သင်္ဘောက မ၀တ ခွင့်ပြုထားတဲ့ ဆိပ်ခံတံတားဆီကို ချည်းကပ်လာပါတယ်။ ဒါပေမယ့် မ၀တက ကပ်ခွင့်မပြုတော့ဘူးလို့ မြိုနယ်စည်းအဖွဲ့က အရေးပေါ် သတင်းပို့လာပါတော့တယ်။

သင်္ဘောဆလင်ကြီးအခန်းမှာ မအူပင် NLD စည်းအဖွဲ့ဝင်တွေနဲ့ ကျနော်တို့ တိုင်ပင်လိုက်ကြပြီး လွတ်လပ်ရေးကျောက်တိုင်ရှိရာ ကမ်းစပ်မှာ သင်္ဘောဦးထိုးပြီး ဆိုက်မယ်ပေါ့။

သင်္ဘောကို ပြန်ကွေ့လိုက်တယ်။ လူထုကြီးဟာ တံတားပေါ်ကနေ လွတ်လပ်ရေးကျောက်တိုင်ရှိရာ ကမ်းစပ်ဆီကို ပြေးလာနေကြပါပြီ။

သင်္ဘောက ဆိပ်ခံတံတားမရှိတဲ့ ကမ်းစပ်မှာ ဦးထိုးပြီး ဆိုက်ရမှာဆိုတော့ သင်္ဘောသားတွေလည်း အလုပ်ရှုပ်ကုန်ပါတယ်။ ဒါပေမယ့် သူတို့က ပြုံးပြုံး ရွှင်ရွှင်နဲ့ တက်ကြွနေကြပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။

သင်္ဘောက ငြိမ့်ခနဲ ကမ်းကို ဦးနဲ့ တစောင်းထိုး ကပ်လိုက်ပါတယ်။ သင်္ဘောသားတွေက ကုန်းပေါင်ထိုးဖို့ လုပ်နေတုန်း ရှိပါသေးတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို လွှားခနဲ ခုန်ဆင်း ချသွားပါပြီ။ ၇ ပေ၊ ၈ ပေ အမြင့်လောက်ရှိမယ့် နေရာက ၀ုန်းဆို ခုန်ဆင်းသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကို သုံးရောင်ခြယ်လူငယ်တွေလည်း အပြေး လိုက်ဆင်းကြရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ကမ်းပေါ်ရောက်တာနဲ့ တပြိုင်နက် မြို့လူထုကြီးက အတင်းပြေးလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံနှုတ်ဆက်နေကြပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုကြီးကို ကျေးဇူးတင် ပဋိသန္ဓာရစကား ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လူအုပ်ကြီးဟာ ရေကာတာ ကျိုးပေါက်သွားသလိုပါပဲ။ စစ်တပ်က ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။

ကမ်းပေါ်ရောက်တာနဲ့ အရင်ဆုံး ရွှေဘုန်းပွင့်ဘုရားဖူးဖို့ သွားပါတယ်။ လမ်းတလျှောက် လူထုက ဒေါ်အောင်ဆန်းစုကြည်နောက်ကနေ တခဲနက် လိုက်ပါလာခဲ့ကြတယ်။ လမ်းမှာ လက်နက်ကိုင်စစ်သားတွေ တကန့်ပြီးတကန့် အဟန့်အတားတွေ လုပ်ထားပါတယ်။ ဒါပေမယ့် စစ်သားလေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် အနားရောက်လာတာနဲ့ သူတို့ ဘေးဖယ် နောက်ဆုတ်ပေးလိုက်ကြပါတော့တယ်။

ဘုရားကို အေးအေးဆေးဆေး မဖူးရပါဘူး။ စစ်ဗိုလ်တယောက်နဲ့ စစ်သားတစုက လူအုပ်ကြီးကို အတင်းအဓမ္မ လူစုခွဲဖို့ အမိန့်ပေးနေပါတော့တယ်။ လူထုကြီးက အဲဒီစစ်ဗိုလ်ရဲ့အမိန့်ကို မနာခံကြပါဘူး။

ဘုရားက ပြန်ဆင်းလာပြီး NLD မြို့နယ်ရုံးကို သွားတဲ့အခါမှာတော့ လူထုအင်အားဟာ ပိုပြီး ကြီးလာပါတော့တယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံကလည်း ပိုပြီး ကျယ်လာပါတော့တယ်။

ဒီအချိန်မှာပဲ ပြေးလွှားအော်ဟစ် ယောက်ယက်ခတ်နေတဲ့ စစ်ဗိုလ်နဲ့ စစ်သားတသိုက်ဆီက ကျယ်ကျယ်လောင်လောင် သေနတ်သံ လေးငါးချက် ဆင့်ပြီး ထွက်ပေါ်လာပါတော့တယ်။

ရုတ်တရက်ဆိုတော့ လူအုပ်ကြီးလည်း ခေတ္တ ခဏ ငြိမ်သက်သွားတာပေါ့။ ‘စစ်တပ်ဆိုတာ သေနတ်ကို ဘယ်တော့မှ မိုးပေါ်ထောင်မဖောက်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်’

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်းအစက ဦးနေ၀င်း ပြောခဲ့တဲ့စကားပါ။ အခုဟာကတော့ မိုးပေါ် ထောင်ဖောက်လိုက်တာပါ။ ကြောက်ကြောက်နဲ့ ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ ယူဆရပါတယ်။

သတ္တိရှိတဲ့ လူအုပ်ကြီးကတော့ ကြွေးကြော်သံတွေကို ပြန်ပြီး ကြွေးကြော်လိုက်ကြပါတယ်။ စစ်သားတွေ နောက်ဆုတ်သွားကြရပါပြီ။

ရှစ်လေးလုံးအရေးတော်ပုံတုန်းက ပြည်သူလူထုကြီးဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး တိုက်ခဲ့ကြတယ်။ စစ်တပ်က အာဏာသိမ်းသွားတဲ့အခါမှာ ပါတီထောင်ပြီး ဆက်တိုက်ကြရတော့မယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ မပြီးဆုံးသေးဘူး။

တော်လှန်တဲ့ အတွေးအခေါ်တရပ်မရှိဘဲနဲ့ တော်လှန်တဲ့အရေးတော်ပုံတရပ် မဖြစ်ပေါ်နိုင်ဘူး၊ တော်လှန်တဲ့ တပ်ဦးတခု မရှိဘဲနဲ့လည်း အရေးတော်ပုံ မအောင်မြင်နိုင်ဘူး။ ပါတီဟာ တပ်ဦးဖြစ်တယ်။ ဒါကြောင့် ပါတီစည်းရုံးရေးဟာ အရေးပါတယ်။

အဲဒီတုန်းက န၀တကလည်း ဒီမိုကရေစီရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့ ကြေညာထားတယ်။

လက်ငင်းအချိန်မှာ ရွေးကောက်ပွဲ ဆိုတာထက် စစ်အာဏာရှစ်စနစ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံး စည်းရုံး ညီညွတ်နေဖို့က ပိုအရေးကြီးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က သိတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တွေ အလေးအနက်ထားပြီး ထွက်နေတာပဲပေါ့။

မအူပင်မြို့ဟာ ခေတ်အဆက်ဆက် ကဗျာဆရာတွေ ရေခံမြေခံ ကောင်းခဲ့တဲ့ မြို့တမြို့ပါ။ မအူပင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က သေနတ်သံ လေးငါးချက်နဲ့ ကဗျာဆန်သွားခဲ့ပြီပဲ မဟုတ်ပါလား။


အောင်ဝေး (၀၇-၁၄-၀၈)


ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၉)
အောင်ဝေး
‘ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုရသောအခွင့်ရှိ၏။’ (ဆာလံကျမ်း)
မိုးမသောက် မှောင်မိုက်မပြေးမီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်းခရီးစဉ်။
မအူပင်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ ‘မြတ်မေတ္တာ’သင်္ဘောကြီးပေါ်မှာ သုံးရောင်ခြယ်နဲ့ NLD လူငယ်တွေက ‘ဗိုလ်ချုပ်အောင်ဆန်း’သီချင်းကို သံပြိုင်သီဆိုလာကြပါတယ်။ သင်္ဘောဦးခန်းမှာ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းဖွဲ့ခွင့် ရခဲ့တယ်။ ကျနော် မှတ်မိသလောက် အန်ကယ်ဦးကြည်မောင်၊ ဗိုလ်ကြီးဝင်းထိန်၊ အဘဦးတင်ထွတ် နဲ့ ကိုအောင်စောဦးတို့ ပါပါတယ်။
အဘဦးတင်ထွတ်က ၉၀ ရွေးကောက်ပွဲတုန်းက အိမ်မဲမှာ အနိုင်ရခဲ့ပါတယ်။ အခုတော့ ပြည်ပမှာပါ။ ကိုအောင်စောဦးက ရှစ်လေးလုံးတုန်းက ပုသိမ်မှာ စာရေးဆရာနေလင်း၊ ကဗျာဆရာ မောင်အောင်ပွင့်တို့နဲ့အတူ ဦးဆောင်ခဲ့သူပါ။ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းလိုက်တော့ သူ ရန်ကုန်ကို ရှောင်တိမ်းလာခဲ့ပြီး ကျနော်တို့အတူ NLD ဌာနချုပ်မှာ စုစည်းမိကြတာပါ။
စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ သဘောထားကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာခွင့် ရခဲ့ပါတယ်။
တပ်မတော်ဟာ ရန်သူမဟုတ်ဘူး။ တပ်မတော်ကို ကိုယ့်ကိုယ်ကျိုးစီးပွား၊ ကိုယ့်အာဏာ တည်မြဲဖို့အတွက် တလွဲ အသုံးချနေတဲ့၊ မတရားတဲ့ အမိန့်တွေနဲ့ စိုးမိုးချယ်လှယ်နေတဲ့ စစ်အာဏာရှင် လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တွေကသာ ပြည်သူ့ရဲ့ ရန်သူ။ ဒီသဘောထား ကျနော့်မှာ အမြဲ ရှိခဲ့ပါတယ်။
ကိုအောင်စောဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်အပေါ် အကောင်းမြင် မျှော်လင့်ချက်ကို သူ နားလည် လက်ခံပါကြောင်း၊ သို့သော် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ ဗိုလ်နေ၀င်းလက်ထက်မှာ အဖတ်ဆည်မရအောင် ပျက်စီးသွားပြီဖြစ်လို့ ပြည်သူ့တပ်မတော်အဖြစ်နဲ့ တဖန် ပြန်လည်မျှော်လင့်လို့ ရနိုင်ပါဦးမလား ဆိုပြီး ကိုအောင်စောဦးက သူ့သံသယကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာ ကျနော် မှတ်မိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ‘ပျက်စီးတယ်ဆိုတာ ဖျက်ဆီးခံရလို့ဖြစ်တယ်’ ဆိုပြီး သူ ရွှေတိဂုံအနောက်မုခ်မိန့်ခွန်းမှာ ပြောခဲ့သလို သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်ကြီး ဖြစ်လာဖို့ သူယုံကြည်မျှော်လင့်ကြောင်း ထပ်လောင်း ပြောခဲ့ပါတယ်။
တပ်မတော်ဟာ ရန်သူမဟုတ်ပါဘူး။ ဦးနေ၀င်းလို၊ သန်းရွှေလို အာဏာရှင်တွေကသာ လူထုရန်သူပါ။ အခုအချိန်မှာ သန်းရွှေဟာ တပ်မတော်ကိုလည်း ကျွန်ပြုထားတာပဲ မဟုတ်လား။ တပ်မတော်ကို သန်းရွှေကျွန်ဘ၀က လွတ်မြောက်အောင် လုပ်ရမယ်။ ဘယ်သူလုပ်မလဲ။ ကျနော်တို့ ပြည်သူတွေကပဲ လုပ်ကြရလိမ့်မယ်။
အရေးကြီးတာက ကျနော်တို့ဟာ တပ်မတော်ကြီး သန်းရွှေကျွန်ဘ၀က လွတ်မြောက်ရေးကို ကျနော်တို့ပြည်သူ့ဘ၀လွတ်မြောက်ရေးတိုက်ပွဲနဲ့ တချိန်တည်း၊တပြိုင်တည်း လက်တွဲ လုပ်ဆောင်သွားကြဖို့ပါပဲ။
၉၀ ရွေးကောက်ပွဲမှာ တပ်မတော်ဟာ တာဝန်ကျေခဲ့တယ်။ တပ်မတော်သားတွေဟာ NLD ကို တခဲနက် မဲပေးခဲ့တယ်ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့။ တချိန်ချိန်မှာ ပြည်သူတွေ ယုံကြည်မျှော်လင့် အားထားရတဲ့ ‘သားသုံးသား’ပေါင်းစည်းရေး ဆိုတာ မလွဲမသွေ ဖြစ်ထွန်းအောင်မြင်လာရပါလိမ့်မယ်။
ကျနော်တို့ သင်္ဘောက ‘သံပုရာချောင်း’ဆိုတဲ့ ရွာမှာ ခေတ္တ ကပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကမ်းလုံးပြည့် ကြိုဆိုနေတဲ့ ရွာသူရွာသားတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါတယ်။
‘ပြည်သူလူထုကြီးအနေနဲ့ ဒီမိုကရေစီအမြန်ဆုံးလိုချင်တယ်၊ အပြည့်အ၀ ရချင်တယ်ဆိုရင်တော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးနဲ့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ အပြည့်အ၀ လိုအပ်နေပါပြီ’
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ သံပုရာချောင်းရွာလူထုကို နှုတ်ဆက်ပြီး ကျနော်တို့ ရှေ့ခရီး ဆက်ခဲ့ပါတယ်။ ရှေ့မှာတော့ ရွှေလောင်းမြို့။ နေညိုလည်း သန်းစပြုလာပါပြီ။ နဒီမြစ်ရိုးမှာ ဆည်းဆာက တစတစ အုပ်မိုးလာနေပါပြီ။
သင်္ဘောဦးခန်းမှာ စကားဝိုင်းပြန်ဆက်ကြပါတယ်။ အဘဦးတင်ထွတ်က တပ်မတော်နဲ့ ပတ်သက်တဲ့ သူ့အမြင်ကိုလည်း ချပြ ဆွေးနွေးခဲ့ပါတယ်။
အဘဦးတင်ထွတ်ဟာ တချိန်တုန်းက တကသခေါင်းဆောင်တယောက်ပါ။ နောင်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မော်ကွန်းထိန်း ဖြစ်လာပါတယ်။ ကိုအောင်စောဦးက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား။ ဦးတင်ထွတ်ရဲ့ တပည့်ပါ။ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းနဲ့ ကိုအောင်စောဦးတို့ ကျနော်တို့ ထောင်ထဲရောက်သွားကြတယ်။
ကျနော်က ပုသိမ်ကောလိပ်က ကျောင်းအုပ်ကြီး ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တပည့် ဆိုပါတော့။
နိုင်ငံရေးအချိုးအကွေ့တခုမှာ မော်ကွန်းထိန်းနဲ့ ကျောင်းသား၊ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသား ဆိုပြီး ဘက်နှစ်ဘက် ပဋိပက္ခ တစုံတရာ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ် နိုင်ငံရေးအချိုးအကွေ့တခုကို ရောက်တဲ့အခါမှာတော့ ဒီ ဆရာတပည့်တွေဟာ ဘက်တဘက်တည်းမှာ အတူတကွ စုစည်းမိသွားကြတာပဲ မဟုတ်လား။
အခုအချိန်မှာ အဘဦးတင်ထွတ်က NLD အမတ်။ ကိုအောင်စောဦးက NLD (USA)။
ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကျနော်က ဆရာဦးဝင်းတင်၊ ဆရာမောင်သော်က၊ ဆရာဦးဝင်းခက်တို့နဲ့အတူ စာရေးဆရာသမဂ္ဂမှာ ဗဟိုကော်မတီတယောက်အနေနဲ့ လှုပ်ရှားနေတဲ့အချိန်၊ ကျနော်တို့ရဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်က တက္ကသိုလ်ဆရာများသမဂ္ဂမှာ နာယကကြီးတဦးပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ရှစ်လေးလုံးတိုက်ပွဲအတွင်း ဖြန့်ဝေခဲ့တဲ့ လေးချိုးကဗျာကြီးဟာ အင်မတန် ထင်ရှား ပျံ့နှံ့ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင် ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ်ကနေ ရပ်စဲခံခဲ့ရပါတယ်။
ဆည်းဆာရီရီ၊ နေနီနီနဲ့ နဒီမြစ်ဝှမ်းဟာ လွမ်းစရာကောင်းနေပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းပြတင်းဝမှာ ရပ်ပြီး ညအခါ မှောင်လာမယ့် လေထုထဲကို စိုက်ငေးကြည့်နေပါတယ်။ ကျနော် ထင်ပါတယ်၊ ကျနော်တို့အစ်မလည်း ပဉ္စမမြန်မာနိုင်ငံတော်သစ်ကို လွမ်းနေတော့မယ်ဆိုတာလေ။
ကျနော်က အတိတ်ကို ပြန်တွေးနေမိတဲ့အချိန်မှာ ခွပ်ဒေါင်းအလံတွေ တဝေေ၀၊ ဒီမိုကရေစီတေးသံတွေ တဝေေ၀နဲ့ မြတ်မေတ္တာသင်္ဘောကြီးက ရွှေလောင်းဆိပ်ကမ်းကို ၀င်လာနေပါပြီ။ ရွှေလောင်းပြီးရင် ... ကျုံမငေး။
(မူရင်း - Radio Free Asia, Burmese Service)

No comments:

Post a Comment