Latest News

Saturday, April 7, 2018

သင်္ကြန်ရုံးပိတ်ရက် ခရီးသွားမည့် ပြည်သူများအတွက် လက်မှတ်ဈေးနှုန်းများ မကြီးမြင့်စေရန်နှင့် သွားလာမှုအဆင်ပြေစေရန်YRTA မှ ကြိုတင်စီစဉ်ထား

သင်္ကြန်ရုံးပိတ်ရက် ခရီးသွားမည့် ပြည်သူများအတွက် လက်မှတ်ဈေးနှုန်းများ မကြီးမြင့်စေရန်နှင့် သွားလာမှုအဆင်ပြေစေရန်YRTA မှ ကြိုတင်စီစဉ်ထား

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်မြို့မှ အနယ်နယ် အရပ်ရပ်သို့ ခရီးသွားမည့်  ပြည်သူများအတွက် လက်မှတ် ဈေးနှုန်းများ မကြီးမြင့်စေရန်နှင့် သွားလာမှုအဆင်ပြေ စေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA(အဝေးပြေး) မှသိရသည်။

YRTA(အဝေးပြေး) တာဝန်ခံ ဦးဘမြင့်က''သင်္ကြန် နဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ ကြိုတင်စီစဉ်မှုတွေ လုပ်ခဲ့ပါတယ်၊ ဂိတ်တွေနဲ့ပတ်သက်ပြီး ယာဉ်စီးခ လက်မှတ်ဈေးနှုန်းတွေ ပိုတင်ပြီးရောင်းချတာမျိုးမရှိအောင်၊ လက်မှတ်တွေကို ကုန်ပြီပြောပြီး နောက်မှ ပြန်လည်ရောင်းချတာမျိုးတွေမရှိအောင် ယာဉ်လိုင်းတွေ ကိုခေါ်ပြီး ကြိုတင်အသိပေးခဲ့ပါတယ်၊ ယာဉ်လိုင်းတွေက လုပ်နိုင်မယ့် ကိစ္စတွေကို မှန်မှန်ကန်ကန် ဖြစ်အောင်၊ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေအောင် ကြိုတင် စီမံဆောင်ရွက်ထားပါတယ်''ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ''အခုလက်မှတ်ရောင်းချနေတဲ့ အနေအထားအရ ၁၁၊ ၁၂ ရက်တွေအတွက်ကတော့ ကုန်သလောက်ဖြစ်နေပါပြီ၊   လက်မှတ်ရောင်းချမှု အခြေအနေအရ  မလောက်ဘူးလို့လည်းပြောတယ်၊ တချို့ကလည်း မရဘူးလို့ပြောသံကြားတယ်၊ ကျွန်တော်တို့ ဆီကိုတော့ လာရောက်ပြောကြားတာမျိုး  မရှိသလို ငွေပိုတောင်းလို့ဆိုပြီး တိုင်ကြားတာမျိုးလည်း မရှိသေးပါ ဘူး၊ တိုင်ကြားသူရှိရင်တော့YRTA ကိုတင်ပြပြီး အရေး ယူသွားမှာဖြစ်ပါတယ်၊ လာရောက် အကူအညီတောင်းရင် လည်း ကူညီပေးဖို့လုပ်ထားပါတယ်၊  ယာဉ်အစီးရေ မလုံ လောက်လို့ လက်မှတ်မရတဲ့သူတွေအတွက်ကိုလည်း အဆင်ပြေအောင် စီစဉ်ထားတာရှိပါတယ်''ဟုပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်မြို့မှ အနယ် နယ်အရပ်ရပ်သို့ ခရီးသွားမည့်   ပြည်သူများအတွက် လက်မှတ်များကို အစိုးရသတ်မှတ်ထားတဲ့ဈေးနှုန်းများ အတိုင်း ရောင်းချပေးရန်နှင့် လက်မှတ်များကို စနစ်တကျ ရောင်းချပေးရန်အတွက် YRTA (အဝေးပြေး) အနေဖြင့် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လိုင်းတာဝန်ခံများကို ဖေဖော် ဝါရီ ၂၃ ရက် ၊ မတ် ၂ဝ ရက်နှင့် ဧပြီ ၄ ရက်တို့တွင် ခေါ်ယူအသိပေးအကြောင်းကြားမှုများ ပြုလုပ်ခဲ့သည့် အပြင် စာဖြင့်လည်း တရားဝင်ထုတ်ပြန်  အသိပေးခဲ့ ကြောင်း သိရသည်။

ဧပြီ ၅ ရက်တွင် ချောက်မြို့ကိုပြန်မည့် ခရီးသည် ဦးညွန့်ဇော်လင်းက ''မွေးရပ်မြေကို အလည်ပြန်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါ၊  အနားနီးမှ လက်မှတ် ဖြတ်ရင် မရမှာကြောက်လို့ သုံးလပိုင်း ၂ဝ ရက်လောက်မှာ ကြိုတင်ဖုန်းဆက်ထားတာ၊  လေးလပိုင်း ၂ ရက်မှာ လက်မှတ်ဖြတ်တာ ၁၆ဝဝဝ ပေးခဲ့ရတယ်၊  ခါတိုင်းပုံမှန်ဈေး နှုန်းကတော့ ၉ဝဝဝ လောက်ပဲရှိတာပါ၊ သင်္ကြန်နားနီးရင် ကားလက်မှတ်တွေ အခက်အခဲရှိတာကတော့ ဖြစ်နေ ကျပါပဲ၊ ဈေးနှုန်းလည်း အမြဲတက်နေကျပါ၊  အခုအချိန်မှ လက်မှတ်ဖြတ်ရင်တော့  ဒီထက်ဈေးပိုပေးရလိမ့်မယ်၊ ဒါတောင် လက်မှတ်ရဖို့မသေချာပါဘူး''ဟု၎င်း၏ အတွေ့ အကြုံကို ပြောသည်။

''သင်္ကြန်အတွက်ဆိုရင် ၁၁ ရက်အထိ ကျွန်မတို့ဂိတ် က ပြေးဆွဲတဲ့အတိုင်း မြို့အစုံထွက်ပေးပါတယ်၊  ၁၂ ရက်ရောက်ရင်တော့ ရန်ကုန်-မန္တလေးခရီးစဉ်ကိုပဲ အများ ဆုံး ပြေးဆွဲပေးတော့မှာပါ၊  ကျန်တဲ့နယ်မြို့တွေကိုတော့ ပြေးဆွဲပေးတော့မှာ မဟုတ်ပါဘူး၊  သင်္ကြန်အတွက် လက်မှတ်တွေကိုတော့   မတ်လ ၁၅ ရက်ကနေစပြီး ကြိုတင်ရောင်းချပေးခဲ့တာပါ၊  ခရီးစဉ်အားလုံး ၁၁ ရက် အထိ လက်မှတ်တွေကုန်သွားပါပြီ၊  ၁၂ ရက်အတွက် ကလည်း ရန်ကုန်-မန္တလေးခရီးစဉ်အားလုံး ကုန်သွားပါပြီ၊ လက်မှတ်ခဈေးနှုန်းတွေကိုလည်း မူလသတ်မှတ်ဈေးနှုန်း တွေ အတိုင်းပဲရောင်းချပေးထားတာပါ၊ သင်္ကြန်ကာလ ဖြစ်လို့ ငွေပိုတောင်းတာမျိုးမရှိပါဘူး၊  ခရီးသွားတွေ အဆင်ပြေဖို့အတွက် သင်္ကြန်တွင်းကာလဖြစ်တဲ့ ၁၃၊ ၁၄ ရက်တွေမှာ ရန်ကုန် - မန္တလေးခရီးစဉ်ကိုပြေးဆွဲပေး သွားမှာဖြစ်ပါတယ်''ဟု ရွှေမန္တလာခရီးသွားလုပ်ငန်းမှ စာရင်းကိုင် ဒေါ်နွဲ့ရီဝင်းက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလတွင်  ခရီးသွားမည့် ပြည်သူများအတွက် သက်ဆိုင်ရာယာဉ်လိုင်းများမှ ပြေးဆွဲ မည့် ယာဉ်အစီးရေ မလုံလောက်သည့် အခြေအနေမျိုးဖြစ် ပေါ်လာပါက ဒဂုံဧရာအဝေးပြေးဝင်းရှိ ဧရာဝတီတိုင်း ဒေသကြီးသို့ ပြေးဆွဲမည့် ယာဉ်လိုင်းများကို အထောက် အကူပြုနိုင်ရန် ''စံဝေလ''ကုမ္ပဏီမှ ယာဉ် ၁ဝ စီးဖြင့် ခရီးသွားပြည်သူများ အဆင်ပြေအောင် ပြေးဆွဲပေးသွားရန်YRTA က စီစဉ်ထားသည်။

အလားတူ အောင်မင်္ဂလာအဝေးပြေးဝင်းအနေဖြင့် မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ၊   ဥက္ကံမြို့တို့အတွက် ''မြောက်ပိုင်း တိုက်ကြီးသား'' ကုမ္ပဏီမှ ယာဉ် ၁ဝ စီး ဖြင့်လည်းကောင်း၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ အစရှိသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲပေးနိုင်ရန် Aero Star  ကုမ္ပဏီ မှ ယာဉ်သုံးစီးဖြင့် လည်းကောင်း လက်မှတ်မရရှိသောခရီးသည်များ သွားလာ မှု အဆင်ပြေစေရန် စီစဉ်ထားရှိကြောင်းသိရသည်။

ထိုသို့ပြေးဆွဲပေးရာတွင် ခရီးသည်များပြားကာ တူညီသည့်ခရီးစဉ်များကိုသာ အဓိကထားပြီးပြေးဆွဲပေး သွားရန် စီစဉ်ထားပြီး ခရီးသည်နည်းပါးသည့် ဒေသများ ကို ပြေးဆွဲပေးသွားမည်မဟုတ်ကြောင်း သိရသည်။

''ခရီးသည် အများဆုံးအခက်အခဲဖြစ်ပေါ်တဲ့လမ်းကြောင်းတွေကို အဓိကထားပြီး ပြေးဆွဲသွားဖို့ စီစဉ်ထား တာပါ၊  အင်မတန်ဝေးတဲ့ ခရီးစဉ်မျိုးကိုတော့ ပြေးဆွဲပေး မှာမဟုတ်ပါဘူး၊  ဥပမာ အဝေးဆုံးအနေနဲ့ကတော့ နေပြည်တော်လောက်အထိပါပဲ''ဟုYRTA  (အဝေးပြေး) တာဝန်ခံ ဦးဘမြင့်က ပြောသည်။

ရန်ကုန်မြို့သည် အနယ်နယ်အရပ်မှ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ အများ ဆုံးတည်ရှိရာ မြို့တော်ဖြစ်သည့် အားလျော်စွာ အစိုးရ ရုံးပိတ်ရက်ရှည် ကာလများနှင့် သင်္ကြန်ပွဲတော် ရုံးပိတ်ရက် တို့တွင် မိမိတို့၏ သက်ဆိုင်ရာမွေးရပ်ဒေသများသို့ အသီး သီး ပြန်ကြရာတွင် ယာဉ်စီးခ (လက်မှတ်ခ) ပိုမိုတောင်းခံ ခြင်း၊ လက်မှတ်ဝယ်ယူရာတွင် အခက်အခဲကြုံတွေ့ခြင်း များ ရှိနေကြောင်း   အောင်မင်္ဂလာအဝေးပြေးဝင်းမှ ခရီးသွားပြည်သူများက ဆိုသည်။

ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း၌ ရန်ကုန်တိုင်းအခြေပြု   ယာဉ်လိုင်း ၁၁၆ လိုင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အခြေပြု ယာဉ်လိုင်း ၁၃၄ လိုင်း ရှိပြီး ခရီးသည်တင်ယာဉ် အစီးရေ ၃ဝဝဝ ကျော်ရှိကြောင်း၊ ယင်းတို့အနက်     ယာဉ်အစီးရေ ၇ဝဝ ခန့်မှာ အောင်မင်္ဂလာအဝေးပြေးဝင်းမှ နေ့စဉ်ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူ    လေးသောင်းခန့်ရှိကြောင်း    သိရ သည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(​ကြေးမှုံ)

No comments:

Post a Comment