Latest News

Sunday, April 15, 2018

သင်္ကြန်ကာလ ယာဉ်စီးခပိုမိုတောင်းခံနေသော YBS ယာဉ်များ တိုင်ကြား လာပါက ထိထိရောက်ရောက် အရေးယူမည်

သင်္ကြန်ကာလ ယာဉ်စီးခပိုမိုတောင်းခံနေသော YBS ယာဉ်များ တိုင်ကြား လာပါက ထိထိရောက်ရောက် အရေးယူမည်

ရန်ကုန်    ဧပြီ ၁၄

ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများ သင်္ကြန်အကြိုနေ့ မှစတင်ကာ သတ်မှတ်ယာဉ်လမ်းကြောင်းနှင့် ယာဉ်စီးရေ အတိုင်း ပြေးဆွဲလျက်ရှိရာ  တချို့YBS ယာဉ်များမှာ မူလဈေး နှုန်းထက် ပိုတောင်းခံနေသော်လည်း ပြည်သူများအနေဖြင့် သက်ဆိုင်ရာသို့  တိုင်ကြားမှု များရှိလာပါက သတ်မှတ် စည်းကမ်းနှင့် အညီ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံးချုပ်မှ သိရသည်။

“ကျွန်တော်တို့လည်း ယာဉ်လိုင်းတစ်ချို့ စည်းကမ်းဖောက်ပြီး သတ်မှတ်ဈေးနှုန်း ထက် ပိုတောင်းခံနေတယ် ဆိုတဲ့သတင်း ကြားပါတယ်။ အဲဒါကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ လိုက်လံ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ လက်လှမ်းမီသလောက်၊ ထိန်းသိမ်း သင့်သလောက်တော့ လိုက်လံ ကြပ်မတ်ထိန်းသိမ်းနေပါတယ်။ ယနေ့ သင်္ကြန်အကျနေ့ အထိတော့ ပြည်သူတွေအနေနဲ့ YRTA က ပေးထားတဲ့ Hot Line ဖုန်းနံပါတ်တွေကို တိုင်ကြားမှုမရှိသေးပါဘူး။ တိုင်းကြား လာရင်တော့ ပစ်မှုပေါ် မူတည်ပြီး ထိထိရောက် အရေးယူဆောင်ရွက် သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ယခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေရန် YBS ယာဉ်လိုင်းပေါင်း ၆၁ လိုင်းမှ  ယာဉ်အစီးရေ ၇၆၉ စီး ပြေးဆွဲရန် စီစဉ်ခဲ့သည်။ သင်္ကြန်ကာလအတွင်း သတ်မှတ်နှုန်းထားများထက်ပိုမို ကောက်ခံမှုမပြုရန်နှင့် မူးယစ်သောက် စားပြီး မောင်းနှင်မှုမပြုရန်၊ ခရီးသည်များအား မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ မှုမပြုရန်၊ လမ်းကြောင်းသွေဖည် ပြေးဆွဲမှုများမပြုလုပ်ရန် စသော စည်းကမ်းသတ်မှတ်ချက်များ ချမှတ် ခဲ့သော်လည်း စတင်ပြေးဆွဲသော သင်္ကြန်အကြိုနေ့နှင့် ယနေ့သင်္ကြန်အကျနေ့ တို့တွင် ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ယခင်နှစ်များနည်းတူ သတ်မှတ်နှုန်း ထားထက် ပိုမိုကောက်ခံမှုများ ပေါ်ပေါ်တင်တင်ပြု လုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

“တကယ်တော့ ဒီရန်ကုန်မြို့မှာ နှစ်စဉ်သင်္ကြန်ကာလရောက်တာနဲ့ ယာဉ်စီးခတွေက စည်းမရှိ၊ ကမ်းမရှိ တောင်းချင်သလို တောင်းနေကြတာ။ ဒါယခင် မထသ လက်ထက်ကတည်းကပဲ။ အခု YRTA လက်ထဲရောက်လို့ အဲဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်မလား စောင့်ကြည့်နေခဲ့ တယ်။ မပြောင်း လဲနိုင်ခဲ့ဘူး။ တောင်းမြဲတောင်းနေတာပဲ။ တကယ်တော့ ဒါကို မူဝါဒ ချပြီး သေသေချာချာ ဦးစီးလုပ်နိုင်၊ ကြီးကြပ်နိုင်မှ ရမှာပါ။ ခုတော့ ခရီးသည်က ယာဉ်နောက်လိုက်တွေကို ပြန်ကြောက်နေရတယ်။ အခု စီးလာတဲ့ YBS ဆို ယခင်ငွေထည့်တဲ့ပုံးကိုတောင် ဖုံးအုပ်ထားသေးတယ်။ ယာဉ်နောက်လိုက်ကလည်း မှတ်တိုင်မှာ ကားထိုးရပ်လိုက်တာနဲ့ ဘယ်စီးစီး ငွေကျပ် ၅၀ဝ နော် ၅၀ဝ အော်ဆင်းလာတာ။ ကျွန်တော်ပြည်သူ တစ် ယောက် အနေနဲ့ ခရီးသည်တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ ဒီစနစ်ဆိုးကို ထိထိရောက်ရောက် အရေး ယူနိုင်ပါမှ ရမယ်လို့မြင်ပါတယ်”  ဟု ဗဟန်းမှ မြောက်ဒဂုံသို့ သွားမည့်ခရီးသည် ဦးသက်နိုင်က  ပြောသည်။

သင်္ကြန်ကာလ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS  ယာဉ်လိုင်းများ အနေဖြင့် YRTA မှ ချမှတ်ထားသော စည်းကမ်းချက်များ အပေါ် လိုက်နာမှုမရှိလျှင်  ခရီးသွားပြည်သူများက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး Hot Line ဖုန်းများဖြစ်သော 09-448147149 နှင့် 09-448147154 တို့သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA ) ထုတ်ပြန် ထားသော်လည်း  ယနေ့ သင်္ကြန်အကျနေ့အထိ ခရီးသည်များအနေဖြင့် တိုင်ကြားမှုမရှိသေးဘဲ အဝေးပြေး ယာဉ်လိုင်းတချို့မှ သတ်မှတ်နှုန်း ထားထက် ပိုမိုတောင်းခံသည့်အပေါ် တိုင်ကြားလာသော အမှုနှစ်ခုသာ ရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးချုပ်မှ သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment