ရေစကြို ဧပြီ ၁ဝ
ပခုက္ကူခရိုင် ရေစကြိုမြို့သည် ချင်းတွင်း မြစ်၏အနောက်ဘက်တွင် ကပ်လျက် တည်ရှိကာ ရေစကြိုမြို့၏ မြစ်တစ်ဖက် ကမ်းရှိ ကျေးရွာများမှ ပြည်သူများသည် နေ့စဉ် မော်တော်များဖြင့် ရေစကြိုမြို့ရှိ မြို့မဈေးကြီးနှင့် ပွဲရုံများသို့ လာရောက် လျက်ရှိရာ ယခုလများအတွင်း ရေစကြို မြို့အဝင် မြစ်ကြောင်းမှာ ရေနည်းပါးပြီး သောင်ခုံများဖြစ်ထွန်းနေသဖြင့် မော် တော်များ သွားလာရေးခက်ခဲလျက်ရှိ ကြောင်း သိရသည်။
''ရေစကြိုမြို့အဝင် မြစ်ကြောင်းက ရေနည်းနေတာ၊ သောင်လည်းထွန်းနေ ပြီး မြို့အဝင် အမှတ်(၁)ရပ်ကွက် ထင်း ထန်းရေကာတာ အောက်ဘက်နားမှာ မြစ်ကြောင်းကျဉ်းနေတော့ မော်တော် ဝင်ရတာခက်နေတယ်၊ ကျွန်တော်တို့ မော်တော်က ရေစကြိုမြို့ကို နေ့တိုင်းလာ တာ၊ နေ့တိုင်းပဲ အဲဒီနေရာရောက်ရင် တစ်နာရီလောက်ကြာအောင် မောင်း နေရတယ်၊ လူလည်းဆင်းတွန်းရတယ်၊ စက်အားနဲ့လည်း မောင်းရတယ်၊ ရေက ဒူးလောက် ပေါင်လယ်လောက်ပဲရှိတာ၊ ရေကြောင်းကျဉ်းတဲ့နေရာက ကိုက် ၁၅ဝ လောက်ရှည်တယ်၊ အခုတောင်မှ မော် တော်ပေါ်ပါလာတဲ့ ပြောင်းအိတ် ၁၅ဝ ကို လှေအသေးလေးနဲ့ ခွဲသယ်ယူရတယ် ရေကနည်းတော့ မော်တော်က ပြောင်း အိတ်အလေးချိန်နဲ့ မောင်းမရဖြစ်လို့ မော်တော်ဝန်ပေါ့အောင် ပြောင်းအိတ် တွေကို လှေအသေးနဲ့ ကဲ့သယ်ရတာ၊ ရေ ကြောင်းကောင်းရင်တော့ ဆိပ်ကမ်း တန်းမောင်းရုံပဲပေါ့၊ အခုရေနည်းနေ တော့ မော်တော်ဝန်ပေါ့အောင် လှေ လေးတွေကို သယ်ခပေးပြီး ကဲ့ခိုင်းရတာ ပေါ့၊ အရင်နှစ်တွေကတော့ အခုလို မဖြစ် ဖူးဘူး၊ ဒီနှစ်မှ အခုလို မော်တော်ဝင်မရ ဖြစ်နေတာ တစ်လကျော်ပြီ''ဟု မိဖုရား ကျေးရွာမှ မော်တော်မောင်းသူတစ်ဦးက ပြောသည်။
ရေစကြိုမြို့သို့ ချင်းတွင်းမြစ်၏တစ် ဖက်ကမ်းရှိ ကျေးရွာများဖြစ်သော ချင်း ယား၊ မီးလောင်ကျွန်း၊ မိဖုရား၊ ပေါက် တောကျွန်း၊ ဖြုံဖူး၊ ကျောက်ဖူး၊ ကျွဲကုန်း စသည့် ကျေးရွာများမှ ဈေးမော်တော် များ နေ့စဉ်လာရောက်ကြလျက်ရှိသည်။ အဆိုပါကျေးရွာများမှ မော်တော်ပိုင်ရှင် များ၏ စုပေါင်းငွေဖြင့် ရေကြောင်းကျဉ်း သည့်နေရာများတွင် ကျောက်စုပ်စက် များဖြင့် စုပ်ထုတ်ကြသော်လည်း ရေ နည်းပါးကာ ရေကျများနေပြီး သဲများ ပြန်ဖို့သွားခြင်းကြောင့် သွားလာရခက်ခဲ နေဆဲဖြစ်နေသည်ဟု သိရသည်။
အိမွန်ဆွေ(ရေစကြို)
No comments:
Post a Comment